သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကြောင့် တရုတ်ကနေ ပြန်သွားတဲ့ မြန်မာအလုပ်သမား ၆၀၀ ကျော်ပြီ


ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်မယ့် လေယာဉ် တစီးပေါ်မှာ နှာခေါင်းစည်းတပ်ထားတဲ့ လေယာဉ်ဝန်ထမ်း တဦး (သတင်းဓာတ်ပုံ - ဖေဖော်ဝါရီ ၀၂၊ ၂၀၂၀)
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်မယ့် လေယာဉ် တစီးပေါ်မှာ နှာခေါင်းစည်းတပ်ထားတဲ့ လေယာဉ်ဝန်ထမ်း တဦး (သတင်းဓာတ်ပုံ - ဖေဖော်ဝါရီ ၀၂၊ ၂၀၂၀)

(Zawgyi/Unicode)

တရုတ်နိုင်ငံတွင်း တရားမဝင်ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေကို နေရပ်ပြန်နိုင်ဖို့ မြန်မာသံရုံးကနေ ဆောင်ရွက်ပေးနေရာမှာ အခုဆိုရင်တော့ အလုပ်သမား ၆၀၀ ကျော် နေရပ်ပြန်နိုင်ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ပေးနေမှုတွေနဲ့ ပတ်သက်လို့ မအိမ့်သန္တာထွန်းက တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ ဆက်သွယ်မေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

တရုတ်နိုင်ငံကို တရားမဝင်ရောက်ရှိပြီး အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေ နေရပ်ပြန်ရေး ပေကျင်းသံရုံးက ဆောင်ရွက်ပေးနေတဲ့အကြောင်းကို တင်ပြပေးပါမယ်။

🔹ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး မြန်မာ အရှိန်မြှင့်လုပ်ဆောင်နေတဲ့ အကြောင်းကိုလည်း ဖတ်ရှုနိုင်ပါတယ်။

တရုတ်နိုင်ငံကို တရားမဝင် ရောက်ရှိနေကြတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကူးစက်ပြန့်ပွားနေတာကြောင့် နေရပ်ပြန်နိုင်ဖို့အတွက် သံရုံးကို ဆက်သွယ်အကြောင်းကြားလာသူဦးရေ ၁,၆၀၀ ဝန်းကျင်လောက်ရှိနေပါတယ်။ အဲ့ဒီအထဲကမှ ၆၃၀ ကျော်ဝန်းကျင်လောက်ကို တရုတ်ဘက်က တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပူးပေါင်းပြီး ပြန်ပို့ပေးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ သတင်းနှစ်ပတ်လောက်ကနေစပြီး‌ နေရပ်ပြန်လိုကြောင်း ဆက်သွယ်အကြောင်းကြားလာသူ လျော့နည်းလာပြီလို့ ပေကျင်းမြို့မှာရှိတဲ့ မြန်မာသံရုံးက တာဝန်ရှိသူက ပြောပါတယ်။

“နည်းသွားပါပြီ။ ခင်ဗျ စစချင်း ဖြစ်ခါစကတော့လေ ၁ လပိုင်း လကုန်ခါနီးတို့ ၂ လပိုင်း အစောပိုင်းကာလတွေ မှာတော့ နေ့စဉ်ရက်ဆက်‌ပေါ့... ဖုန်းတွေတောင် မနားရတဲ့အနေအထား လက်ခံရရှိပါတယ်။ အခုနောက်ပိုင်းတော့ တော်တော်လေးနည်းသွားပါပြီခင်ဗျ။”

နေရပ်ပြန်ဖို့ သံရုံးကို ဆက်သွယ်ရာမှာ နေရပ်လိပ်စာအပြည့်အစုံနဲ့ နိုင်ငံသားစိစစ်ရေး ကဒ်ပြားအမှတ်တို့ကို သေချာဖြည့်စွက်ပေးဖို့ သံရုံးက ပြန်လည် အကြောင်းကြားထားပေမဲ့ အလုပ်သမားတွေဘက်က အကြောင်းပြန်မလာသူ ၃၀၀၊ ၄၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။

ဒီရက်ပိုင်းအတွင်းမှာတော့ ဖုန်းဆက်လာသူဦးရေ နည်းသွားပြီး ၅ ယောက်တဖွဲ့ ၆ ယောက်တဖွဲ့လောက်စီသာ ဆက်သွယ်လာတာ ရှိတယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်လာတာကလည်း လတ်တလော အ‌ခြေအနေမှာ စက်ရုံတချို့ ပြန်လည် လည်ပတ်လာကြတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ သံရုံးတာဝန်ရှိသူက ပြောပါတယ်။

“ဒီ ၁၅၀၀ ထဲမှာ တချို့ကလည်း ဖြစ်ခါစတုန်းက စိုးရိမ်ပြီးတော့ ဆက်သွယ်လာတာတွေ ရှိတာပေါ့နော်။ ကျနော်တို့က အဲ့မှာ ကြေညာချက်တွေ ထုတ်ပြန်ပြီး‌တော့ ပြောတယ်။ ရောက်တဲ့ နေရာအတိအကျပေါ့နော်။ နေရာအတိအကျပြောမှ ကျနော်တို့က ရဲကို ဆက်သွယ်ပေးလို့ရမှာလေ။ ရောက်တဲ့ နေရာ အတိအကျ၊ နောက် နိုင်ငံသားစိစစ်ရေးကဒ်ပြား နံပါတ်လေးတွေ ပြန်ပို့ပေးပါဆိုပြီးတော့ ပြောလိုက်တာလေးတွေရှိပါတယ်။ တချို့ကလည်း ပြန်ပို့တာလေးတွေ ရှိပါတယ်။ တချို့ကလည်း မဆက်သွယ်တော့ဘူးခင်ဗျ။ အခုထိ ပြန်မဆက်သွယ်လာတဲ့ သူတွေ ရှိတယ်။ သူတို့လည်း ဖြစ်ခါစတုန်းကတော့ တော်တော်လေးစိတ်ပူပြီးတော့ ဆက်သွယ်တာရှိပါတယ်။ ခုနောက်ပိုင်းတော့ သူတို့လည်း နည်းနည်းလေးငြိမ်သွားလို့လဲဖြစ်တယ်၊ နောက်တခု ကကျတော့ စက်ရုံတွေ အလုပ်ရုံတွေကလည်း ပြန်လည်လည်ပတ်နေလို့ပဲ မပြန်ချင်တော့လို့လားတော့ မပြောတတ်ဘူး။”

ပေ့ကျင်းမှာရှိတဲ့ မြန်မာသံရုံးကနေ အလုပ်ရှင်နဲ့ အလုပ်သမားကြား ကြားဝင်ညှိနှိုင်းမှုတွေ လုပ်ပေးခဲ့တဲ့ ရှန်တုန်းပြည်နယ် ဝမ်သန်းမြို့ ဟိုင်ဖုရေ လုပ်ငန်းစက်ရုံက မြန်မာအလုပ်သမား ၃၀၀ နီးပါးကို နှစ်သုတ်ခွဲပြီး ပြန်ပို့ပေးမှာဖြစ်တယ်လို့ သံရုံးက ထုတ်ပြန်တဲ့ မတ်လ ၁၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မတ်လ ၁၆ ရက် မနေ့က အဲ့ဒီအလုပ်သမား ၃၀၀ နီးပါးထဲက တဝက်ဖြစ်တဲ့ အလုပ်သမား ၁၅၀ လောက်ကို ပထမ အသုတ်အဖြစ် ပြန်ပို့ပေးလိုက်ပြီး မြန်မာနိုင်ငံထဲသို့ ၁၉ ရက်နေ့မှာရောက်ရှိမှာဖြစ်ပါတယ်။

ဒီတရက်၊ နှစ်ရက်အတွင်းမှာပဲ တရုတ်နိုင်ငံမှာ ရောက်ရှိနေတဲ့ တရားမဝင် မြန်မာ အလုပ်သမား ၁၀၀ ဝန်းကျင်လောက် ပြန်ပို့ပေးဖို့ ညှိနှိုင်းဆောင်ရွက်ထားတယ်လို့ သံရုံးတာဝန်ရှိသူက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် COVID 19 ရောဂါကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ စုစုပေါင်းက ၃,၀၀၀ ကျော်ရှိပြီး လက်ရှိ ရောဂါပိုးတွေ့ရှိထားသူ ၈၀,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာလာသူ ၇၀,၀၀၀ နီးပါး ရှိနေပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG