သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID ကြောင့် မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ ၁၀,၀၀၀ နီးပါးရှိပြီ


ရန်ကုန်တိုင်း လှိုင်သာယာမြို့ရှိ အထည်ချုပ်စက်ရုံ တခု (မှတ်တမ်းဓာတ်ပုံ - မတ် ၁၀၊ ၂၀၁၀)
ရန်ကုန်တိုင်း လှိုင်သာယာမြို့ရှိ အထည်ချုပ်စက်ရုံ တခု (မှတ်တမ်းဓာတ်ပုံ - မတ် ၁၀၊ ၂၀၁၀)

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာအနှံ့ ကူးစက်ပျံ့နှံ့လာတဲ့အတွက် မြန်မာနိုင်ငံက စက်ရုံအလုပ်ရုံတွေနဲ့ အလုပ်သမားတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလာသလဲဆိုတာကို တင်ဆက်ပေးမှာပါ။

Covid-19 ကြောင့် ကုန်ကြမ်းပြတ်ပြီး ပိတ်သိမ်းသွားတဲ့ အထည်ချုပ်စက်ရုံတွေကြောင့် အလုပ်သမား ၁၀,၀၀၀ လာက် အလုပ်လက်မဲ့ဖြစ်သွားပြီး သူတို့အတွက် အစိုးရက ထည့်သွင်းစဉ်းစားပေးတာမရှိကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးသက်နှင်းအောင်က ပြောပါတယ်။

“အခုအချိန်အထိ အလုပ်လက်မဲ့ဖြစ်သွားတဲ့ လူဦးရေ ၁၀,၀၀၀ ဝန်းကျင် ဖြစ်သွားပြီ။ ပြည်ထောင်စုဝန်ကြီးရဲ့ ပြောကြားချက်အရလည်း နောက်ထပ် ရုံပေါင်း ၂၀ ပိတ်မယ်ဆိုတော့ နောက်ထပ်အလုပ်သမား ၁၀,၀၀၀ ဝန်းကျင်လောက် အလုပ်လက်မဲ့ဖြစ်သွားမယ်ပေါ့။ လက်ရှိအလုပ်လက်မဲ့ ၁၀,၀၀၀ ကျော်အတွက်ကို ဘယ်လိုပုံစံ အစိုးရက စီစဉ်ပေးထားပါတယ်ဆိုတဲ့ လုပ်ငန်းစဉ်ဘာမှမတွေ့ရဘူး။”

တရုတ်ကုန်ကြမ်းတွေနဲ့ လည်ပတ်နေတဲ့ စက်ရုံတွေ လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲပြီး ပိတ်သိမ်းရတဲ့ စက်ရုံတွေရှိသလို နောက်ထပ်လည်းပိတ်ဖို့ ရှိနေတဲ့အတွက် အလုပ်သမားတွေမနစ်နာအောင် နည်းလမ်းရှာနေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောခဲ့ပါတယ်။

Covid-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီကို နိုင်ငံတော်သမ္မတရုံးက မတ်လ ၁၃ ရက်က အမိန့်ကြော်ငြာထုတ်ပြီး ဖွဲ့စည်းလိုက်ပါတယ်။ အလုပ်သမားတွေ နစ်နာမှုမရှိအောင် လုပ်ဆောင်ပေးဖို့ ဦးစားပေးအဖြစ် ဆောင်ရွက်နေကြောင်း ဒီကော်မတီရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ဗွီအိုအေကို ပြောပါတယ်။

“အဓိကတော့ ကျနော်တို့က ကိုယ့်နိုင်ငံသားတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ပျောက်မသွားအောင်၊ ကျနော်တို့ လက်ရှိလုပ်နေတဲ့သူတွေ စက်ရုံတွေ ပိတ်လို့ရှိရင် သူတို့အလုပ်အကိုင် အခွင့်အလမ်းပျောက်သွားနိုင်မယ်။ အဲဒါမပျောက်အောင် လုပ်တာ ဦးစားပေး တစ် ပါ။”

လိုအပ်တဲ့ကုန်ကြမ်းအတွက် တရုတ်ပြည်ကို အဓိက မှီခိုနေရပါတယ်။ ပြည်တွင်းအထည်ချုပ်တွေက CMP လို့ခေါ်တဲ့ ကုန်ကြမ်းယူပြီး ချုပ်ပေးရတဲ့ လက်ခစားပုံစံဖြစ်လို့ ကုန်ကြမ်းသွင်းသူတွေ အဆင်ပြေအောင် အစိုးရက ဝိုင်းကူညီပေးဖို့ရှိကြောင်း၊ အခု စက်ရုံတွေလိုအပ်နေတဲ့ ကုန်ကြမ်းပမာဏကို စာရင်းကောက်ယူတာတွေ လုပ်နေကြောင်း ဦးအောင်နိုင်ဦးက ပြောပါတယ်။

“ကျနော်တို့ လောလောဆယ်တော့ တခြားနိုင်ငံကနေသယ်ဖို့ လတ်တလော မဖြစ်နိုင်သေးဘူး။ ဒီဟာတွေက ကြိုပြီးစီစဉ်ရတာကိုး။ အဲဒီတော့ ကျနော်တို့ လက်ရှိလုပ်တာကတော့ ဒီပစ္စည်းသွင်းတဲ့သူတွေ မြန်မြန်ရအောင်၊ များများရအောင် ဘယ်လိုလုပ်မလဲပေါ့။ ကျနော်တို့ အစိုးရပိုင်းက သယ်တဲ့အခါမှာ ဘယ်လိုဝိုင်းကူပေးနိုင်မလဲ၊ ပုဂ္ဂလိကနဲ့ ဘယ်လိုပေါင်းပြီး လုပ်လို့ရမလဲ အဲဒါလေးတွေ ကျနော်တို့ စီမံတာပါဗျ။”

လက်ရှိမှာ အပြီးပိတ်သိမ်းသွားတဲ့ စက်ရုံက ကိုး ရုံ၊ ယာယီပိတ်သိမ်းတာက ခြောက် ရုံနဲ့ ဝန်ထမ်းလျှော့ချလိုက်တဲ့စက်ရုံက သုံးရုံ ရှိနေပါတယ်။ ဒီထဲံမှာ ဌာနဆိုင်ရာကို အကြောင်းမကြားဘဲ ပိတ်သိမ်းတဲ့ စက်ရုံတွေရဲ့ အချက်အလက်တွေကို စီစစ်နေတယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG