သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Coronavirus ကြောင့် လူစုလူဝေးမပြုကြဖို့ အတိုင်ပင်ခံပုဂ္ဂိုလ်တိုက်တွန်း


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (သတင်းဓာတ်ပုံ - Myanmar State Counsellor Office - မတ် ၁၆၊ ၂၀၂၀)

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ ကူးစက်မှု အန္တရာယ် ကာကွယ်နိုင်ရေးအတွက် လူစုလူဝေး မလုပ်ကြဖို့ တနင်္လာနေ့ညက တိုင်းပြည်ကိုပြောကြားတဲ့ မိန့်ခွန်းထဲ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။ တချိန်တည်းမှာပဲ ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုရဲ့ ရိုက်ခတ်မှုကြောင့် မြန်မာ့ စီးပွားရေး အပေါ် ထိခိုက်သက်ရောက်မှု နည်းစေဖို့ အစိုးရက ကူညီဆောင်ရွက်ပေးမယ့် အစီအစဉ်တချို့ကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးထားပါတယ်။

🔹ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး မြန်မာ အရှိန်မြှင့်လုပ်ဆောင်နေတဲ့ သတင်းကိုလည်းဖတ်ရှုနိုင်ပါပြီ။

မြန်မာနိုင်ငံမှာ လက်ရှိ အချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ တဦးမှ မရှိသေးကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တနလာၤနေ့ ညပိုင်း မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှု အန္တရာယ်ကို ထိန်းချုပ်ရေး၊ လူထုကြား တည်ငြိမ်မှု ရှိရေးအတွက် လူထုက ဝိုင်းဝန်း ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းသွားပါတယ်။

"ကျန်းမာရေးလိုအပ်ချက်အရ မလိုအပ်ဘဲ လူစုလူဝေးမဖြစ်အောင် လိုက်နာဆောင်ရွက်ဖို့မှာ ပြည်သူတွေက အဓိက ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာရေးမှာ ပြည်သူတွေက အဓိကပါပဲ။ ယခုလို အချိန်အခါမျိုးမှာ မတိမကျ မမှန်ကန်တဲ့သတင်းတွေ မပြန့်ပွားရေးဟာလည်း ပြည်သူတွေက အဓိကပါပဲ။ စိုးရိမ်လွန်ပြီး ရိက္ခာစုဆောင်းရေးကဲ့သို့သော မတည်မငြိမ်ဖြစ်စေမယ့် လုပ်ငန်းများ မဖြစ်ပေါ်ရေးမှာလည်း ပြည်သူတွေက အဓိကပါ။ ယခုထိ ကျမတို့ နိုင်ငံမှာ Covid-19 ရောဂါ ရရှိနေသူ တဦးတယောက်မှ မတွေ့ရသေးပါဘူး။"

လူစုလူဝေး ဖြစ်စေမယ့် သင်္ကြန်ပွဲတော်တွေကိုလည်း အစိုးရက ကျင်းပခွင့် တားမြစ်ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ ကူးစက်မှုကြောင့် စီးပွားရေး ထိခိုက်သက်ရောက်မှု သက်သာစေရေးအတွက်လည်း ချေးငွေ အတိုးနှုန်း လျှော့ချပေးပြီး ပို့ကုန် လုပ်ငန်းများအတွက်လည်း အခွန် ကင်းလွတ်ခွင့်ပေးမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။

"Covid-19 ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံး ကြုံတွေ့ရနိုင်တဲ့ လုပ်ငန်းများ CNP လို့ အများသိကျတဲ့ ကုန်းကြမ်းပေး ကုန်ချောယူ လက်ခံစားစနစ်၊ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းများ၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အထူးသက်သာသောအတိုးနှုန်း ချေးငွေများနဲ့ အခွန်ကင်းလွတ်ခွင့် ရရှိနိုင်ရေး စီမံသွားပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပို့ကုန်လုပ်ငန်းများမှ ကြိုတင်ကောက်ခံတဲ့ ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကိုလည်း ယခု ဘဏ္ဍာနှစ်ကုန်အထိ ကင်းလွတ်ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။"

Coronavirus Disease (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မီတီကို ဇန်နဝါရီလ ၃၀ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။

Covid-19 ကာကွယ်၊ ကုသ ထိန်းချုပ်ရေးဆိုင်ရာ ရန်ပုံငွေတရပ်ကို ထူထောင်သွားမှာ ဖြစ်တဲ့အတွက် စေတနာရှင် ပြည်သူတွေက ထည့်ဝင် လှုဒါန်းကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားပါတယ်။

လက်ရှိ အနေအထားမှာတော့ နိုင်ငံခြား ငွေဈေးနှုန်းကျပြီး မြန်မာ ကျပ်ငွေ ဈေးနှုန်း တက်နေတာကြောင့် ပို့ကုန်လုပ်ငန်းတွေ တုံ့ဆိုင်းနေပါတယ်။ ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ် အဓိက ကူးစက် ပျံ့နှံ့ရာ တရုတ်နိုင်ငံဘက်က ကုန်ကြမ်းအဝင် ရပ်သွားတာကြောင့် အများစု အထည်ချုပ် အလုပ်သမား ထောင်နဲ့ချီ အလုပ်လက်မဲ့ ဖြစ်နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အဆိုးဆုံး ဖြစ်နေတဲ့ နိုင်ငံ ၇ နိုင်ငံက ခရီးသည်တွေ မြန်မာနိုင်ငံကို ဆိုက်ရောက်ချိန်မှာ ၁၄ ရက်ကြာ သီးခြား ခွဲခြား စောင့်ကြည့်မယ့် အစီအစဉ်ကိုလည်း မတ်လ ၁၅ ရက်နေ့မှာ မြန်မာ အစိုးရက စတင်လိုက်ပါတယ်။

တရုတ်၊ တောင်ကိုရီးယား၊ အီတလီ၊ အီရန်၊ စပိန် နဲ့ ဂျာမနီက ခရီးသွားတွေကို သီးတင်း ၂ ပတ် သီးခြားစောင့်ကြည့်တာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် စတင် ဖြစ်ပွားရာ တရုတ်နိုင်ငံ ဟူဘေး ပြည်နယ်၊ နောက် ဗိုင်းရပ်စ် အဆိုးဆုံး ကူးစက်ပျံ့နှံ့ရာ ဒေသ တခုဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးနဲ့ ဂျောင်ဘွတ် ပြည်နယ်တွေကို ပြီးခဲ့တဲ့ သီတင်း ၂ ပတ် အတွင်း ခရီးသွားတဲ့ သူတွေကိုတော့ မြန်မာနိုင်ငံကို ဝင်ရောက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ အစိုးရက သတင်းထုတ်ထားပါတယ်။

မြန်မာနိုင်ငံထဲမှာလည်း သံသယနဲ့ စောင့်ကြည့် စစ်ဆေးနေဆဲ လူနာတွေ ရှိပေမဲ့ တနလာၤနေ့ အထိတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြု လူနာ တဦးမှ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG