သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 စိုးရိမ်စိတ်ရှိပေမဲ့ ရန်ကုန်တက္ကသိုလ်စာမေးပွဲ ဖြေဆိုသူ ၉၀% ကျော်ရှိ


ရန်ကုန် တက္ကသိုလ် (မှတ်တမ်းဓာတ်ပုံ - ဇွန် ၂၈၊ ၂၀၁၂)
ရန်ကုန် တက္ကသိုလ် (မှတ်တမ်းဓာတ်ပုံ - ဇွန် ၂၈၊ ၂၀၁၂)

(Zawgyi/Unicode)

Covid-19 ကြောင့် တက္ကသိုလ်စာမေးပွဲတွေ ရွှေ့ဆိုင်းဖို့ ကျောင်းသားသမဂ္ဂတွေ တောင်းဆိုခဲ့ကြပေမဲ့ ဒီနေ့စတဲ့ ရန်ကုန်တက္ကသိုလ်တွေက စာမေးပွဲတွေမှာတော့ လာရောက်ဖြေဆိုသူ ၉၀ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ဒီနေ့စတဲ့ တက္ကသိုလ် စာမေးပွဲတွေနဲ့ ပတ်သက်လို့ မအိမ်သန္တာထွန်းက စုံစမ်းမေးမြန်းထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် Covid-19 ရောဂါကို တားဆီးကာကွယ်နိုင်ဖို့အတွက် လူစုလူဝေးတွေနဲ့ ပွဲလမ်းသဘင်တွေ မပြုလုပ်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တားမြစ်ထားပေမယ့် တက္ကသိုလ်အဆင့် စာမေးပွဲတွေကို ပုံမှန်သတ်မှတ်ရက်တွေအတိုင်း ကျင်းပတာကြောင့် ကျောင်းသားသမဂ္ဂတချို့က စာမေးပွဲကို နောက်ဆုတ်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

🔹မြန်မာမှာ COVID-19 သံသယနဲ့ စောင့်ကြည့်လူနာတွေထဲ သေဆုံးသူ ၅ ဦး ရှိတဲ့ အကြောင်းလည်းဒီမှာ ဖတ်ရှုနိုင်ပါပြီ။

ဒီလို တောင်းဆိုကြတာကြောင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂနဲ့ ပါမောက္ခချုပ်တို့ ဆွေးနွေးညှိနှိုင်းပြီး တက္ကသိုလ်စာမေးပွဲတွေကို နှစ်ကြိမ်စစ်ဆေးပေးဖို့ ရန်ကုန်တက္ကသိုလ်ဆီးနိတ်အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။

အခုလုပ်နေတဲ့ တက္ကသိုလ် စာမေးပွဲတွေကို ပုံမှန်အတိုင်း ဆက်လက် ဖြေဆိုနိုင်သလို အခုအချိန်မှာ မဖြေချင်တဲ့ ကျောင်းသားတွေအတွက်လည်း ဇွန်လမှာ ထပ်မံစစ်ဆေးပေးဖို့ စီစဉ်ထားတဲ့အကြောင်းကို အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Dr. သိန်းဝင်းက အခုလို ပြောပြပါတယ်။

“တချို့တွေကတော့ Covid-19 ကြောင့် စာမေးပွဲကို ရပ်ဆိုင်းစေချင်တယ် ရက်ရွှေ့ချင်တယ်ပေါ့။ ရက်ရွှေ့ချင်တော့ ကျနော်တို့က တက္ကသိုလ်ရဲ့ ဆီးနိတ် မှာ ဆုံးဖြတ်ပြီးတော့ ရွှေ့ချင်တဲ့ သူကို ရွှေ့တဲ့ အချိန်မှာ စာမေးပွဲ ဖြေချင်တဲ့သူကို ဒီနေ့မှာပေ့ါ ဒီနေ့မှာ အများစုဖြေတာကို တွေ့ရတယ်။ အဲ့တော့ နှစ်ကြိမ်တော့ ခွဲလုပ်မယ်။ ပုံမှန်တော့ ဒီအတိုင်းပဲ ဆက်သွားနေမယ်။ တကယ်လို့ Covid-19 ကို ရှောင်ရှားချင်လို့ မဖြေချင်ဘူးဆိုရင် နောင်တစ်ချိန် တက္ကသိုလ်က အဆင်ပြေတဲ့အချိန် ကျနော်သိသလောက်တော့ ဇွန်လလောက်မှ စစ်ပေးနိုင်မယ်။ အဲ့အချိန်ကျမှာ သူတို့ဖြေရမယ်။”

စာမေးပွဲကို နှစ်ကြိမ်လုပ်ပေးထားပေမဲ့ ဒီနေ့ ပထမဆုံးရက်မှာတော့ စာမေးပွဲ လာဖြေကြသူက ၉၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ညွှန်ကြားရေးမှူးချုပ် Dr. သိန်းဝင်းက ပြောပါတယ်။

“အဲဒါကတော့ ကျနော်တို့ဘက်က မှန်တယ်... တာဝန်ယူ တာဝန်ခံ လုပ်ထားတာလေ။ ဖြစ်လာလို့ ရှိရင်လည်း ကျနော်တို့ဘက်က အများသဘောပေါ့။ ဥပမာအားဖြင့် အကုန်ရွေ့ချင်တယ်ဆို ကျနော်တို့ ဒီနေ့ကို Attendance ကို ကြည့်လိုက်တယ်။ Attendance က 90% ကျော်ကျော်ဖြေတယ်။ တချို့ မန္တလေးတက္ကသိုလ်ဆို ၁၄ ယောက်ပဲ ပျက်တယ်။ ဒါတောင် မနက်ပိုင်းမှာ ဖြေရမယ်ဆိုလို့ ဖြေလိုက်တဲ့ သူက နောက်နေ့မှ မဖြေချင်ရင် Cancel လုပ်လိုက် ရတယ်။ နောက်တခါမှာ One Set အကုန်ဖြေ .. ကျနော်တို့ ဒါမျိုးကို ခွင့်ပြုပေးထားတယ်။ ဒီမှာ ကျောင်းစာရင်းက အကုန်မရသေးဘူး။ ရန်ကုန်တက္ကသိုလ်ကတောင်မှ ၃,၄၀၀ မှာ ၄၀၀ ကျော်ပျက်ကွက်တယ်။ ဒါပေမဲ့ အဲ့ဒီ ၄၀၀ ကျော်မှာ ဒီပလိုမာ သင်တန်းတွေက ၂၀၀ ကျော် ပျက်ကွက်တယ်။ ရိုးရိုးဒေးကျောင်းသားတွေက ပျက်ကွက်တာ နည်းပါတယ်။ ဒါကျနော်တို့က လူအများရဲ့ ဆန္ဒကိုပဲ ပြောတာပါ။ ဖြေချင်တဲ့သူ ဆန္ဒရှိရင်ဖြေသွား မဖြေချင်ရင်ရွှေ့ဆို ကျနော်တို့ ရွှေ့ပေးထားပါတယ်။ 2 Ways လုပ်ပေးထားပါတယ်။"

ဒီလို နှစ်ကြိမ်စစ်ဆေးပေးမဲ့ ကိစ္စကို မသိရှိလိုက်ဘဲ ဒီနေ့ စာမေးပွဲခန်းထဲမှာမှ သိရတဲ့ ကျောင်းသားတွေအတွက်လည်း အခုကာလမှာ ဆက်မဖြေချင်ဘူးဆိုရင် ရပ်နားလိုက်နိုင်ပြီး ဇွန်လမှာမှ ပြန်ပြီး ဘာသာစုံဖြေနိုင်တယ်လို့ ညွှန်ကြားရေးမှူးချုပ်က ဆက်ပြောပါတယ်။

ပုံမှန်ရက်အတိုင်း စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသားတွေထဲ နေမကောင်းသူတွေအတွက် Quarantine အခန်းတွေ လုပ်ပေးထားသလို အခန်းတိုင်းမှာ Hand Gel နဲ့ Mask တွေ ထားပေးထားတယ်လို့ ဆိုပါတယ်။ Mask ကို လူစေ့ မဝေပေးနိုင်ပေမဲ့ ချောင်းဆိုး၊ နှာစီး ဖြစ်နေသူတွေကိုတွေ့ရင် ချက်ချက်ပေးနိုင်ဖို့ လုပ်ဆောင်ထားတယ်လို့ အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် Covid-19 ကြောင့် လူစုလူဝေးတွေကို ရှောင်ရှားတဲ့ အနေနဲ့ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်က စာမေးပွဲဖြေဆိုရက်ကို ရွှေ့ဆိုင်းလိုက်သလို မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်ကလည်း မတ်လ ၁၈ ရက်ကနေ ဧပြီလ ၃၀ ရက်အထိကို Online ကနေပဲ သင်ကြားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အခြေခံပညာကျောင်းတွေကတော့ ပုံမှန်အတိုင်းပိတ်ထားတဲ့အချိန်ဖြစ်နေပြီး မူကြိုကျောင်းတွေကိုတော့ ပိတ်ဖို့အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

ဒီကနေ့ မတ်လ ၁၈ ရက်နေ့ စာရင်းအရ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေတဲ့ နိုင်ငံပေါင်း ၁၆၈ နိုင်ငံ ရှိပြီး ကူးစက်ခံထားရသူ စုစု‌ပေါင်း ၂၀၀,၀၀၀ ကျော်နှင့် သေဆုံးသူ စုစုပေါင်းက ၈,၀၀၀ ကျော်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]















XS
SM
MD
LG