သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် အစိုးရရုံးတွေ ပိတ်တဲ့အပေါ် ဗွီအိုအေ မြန်မာပိုင်း ဝန်ထမ်းတဦးရဲ့အမြင်


(Zawgyi/Unicode)

လက်ရှိ ကမ္ဘာ့ကပ်ရောဂါအဖြစ် ရင်ဆိုင်နေရတဲ့ COVID-19 ကူးစက်မှုကို ကာကွယ်ဖို့ ဗွီအိုအေ အသံလွှင့်ဌာနအပါအဝင် အစိုးရရုံးတွေကိုပါ ပိတ်ပစ်ရတဲ့ အခြေအနေမျိုးဟာ ဝန်ထမ်းကာလ နှစ်ပေါင်း ၂၀ အတွင်း အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း ဗွီအိုအေ အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက ပြောပါတယ်။

ဘာသာစကားပေါင်း ၅၀ လောက်ရှိတဲ့ ဗွီအိုအေအသံလွှင့်ဌာနက ဝန်ထမ်းအများစုဟာ အခုဆိုရင် telework လို့ခေါ်တဲ့ အိမ်ကနေ လုပ်ကိုင်ရတဲ့ အခြေအနေမျိုးရောက်ရှိနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုက်ဖျက်ရေးကာလ အသံလွှင်လုပ်ငန်းတွေ ရပ်ဆိုင်းမသွားနိုင်ဖို့ ဗွီအိုအေ ဝန်ထမ်းတွေရဲ့ ဆောင်ရွက်နေတဲ့ အခြေအနေတွေကို မအင်ကြင်းနိုင်က တင်ပြမှာပါ။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆိုးရွားလာနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ ဗွီအိုအေ အမေရိကန်အသံလွှင့်ဌာန ဝန်ထမ်းအများစုလည်း ရောဂါတိုက်ဖျက်နိုင်ရေးကာလအတွင်း ရုံးကိုမလာရပဲ အိမ်ကနေ လုပ်ကိုင်ရတဲ့ အခြေအနေမျိုးရင်ဆိုင်နေရပါတယ်။ နှစ်ပေါင်း ၂၀ အစိုးရဝန်ထမ်းကာလအတွင်း ဒီလို ဆိုးရွားတဲ့ အခြေအနေမျိုးဟာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဗွီအိုအေ အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက အခုလိုပြောပါတယ်။

“ဒါကတော့ ပထမဦးဆုံးလို့ပြောရမှာပေါ့နော်။ ကျမ အမေရိကန်ပြည်ထောင်စုကို ရောက်ပြီးတော့ အသံလွှင့်လုပ်ငန်းကို စပြီးတော့ အလုပ်ဝင်တာဆိုရင် အနှစ် ၂၀ ကျော်လောက်ရှိလာပြီ။ အဲဒီလို အနှစ် ၂၀ အတွင်းမှာ ဒါပထမဦးဆုံးအကြိမ်အဖြစ်နဲ့ Telework ဆိုပြီးတော့ အိမ်ကနေ အလုပ်လုပ်ရတဲ့ အဖြစ်ပါ။”

အရင်တုန်းက SARS၊ MERS ကူးစက်ရောဂါတွေပေါ်ပေါက်ခဲ့တဲ့အချိန်ကတောင် အခြေအနေတွေဟာ အခုအကြိမ်လောက် ဆိုးဆိုးရွားရွားမဖြစ်ခဲ့ဘူးလို့ သူကဆိုပါတယ်။ အသံလွှင့်လုပ်ငန်းတွေ ရပ်ဆိုင်းမသွားစေဖို့ ဗွီအိုအေ အသံလွှင့်ဝန်ထမ်းတွေ အခက်အခဲတွေကြားက လုပ်ကိုင်နေရတဲ့အခြေအနေကိုလည်း ဒေါ်ခင်စိုးဝင်းက အခုလို ရှင်းပြပါတယ်။

“Telework ဆိုတာကတော့ တကမ္ဘာလုံးလည်း သိပြီးသားပါလေ။ နည်းပညာတွေက တိုးတက် ထွန်းကားလာတော့ အိမ်ကနေပြီးတော့ online ကနေပြီးတော့ အလုပ် လုပ်လို့ရတာမှန်ပါတယ်။ ဒါပေမယ့် ကျမတို့ အသံလွှင့်လုပ်ငန်းဆိုတာ တော်တော်လေးကို ခက်ခဲပါတယ် အိမ်ကနေ လုပ်တဲ့အလုပ်ကလေ။ ဘာဖြစ်လို့လဲဆိုတော့ Radio လည်းရှိတယ်၊ Television လည်းရှိတယ် ဆိုတော့ ဒီ နှစ်ခုစလုံးအတွက်ကို အိမ်ကနေပြီးတော့ အသံလွှင့်ဝန်ထမ်းတွေ ကျမတို့ Broadcaster တွေ အိမ်ကနေပြီးတော့ အလုပ်လုပ်ရမယ်ဆိုတာက တကယ့်ကို စိန်ခေါ်မှုကြီးတခုပေါ့နော်။ ဒါပေမယ့်လည်း ဒီအခက်အခဲတွေကြားကနေ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ နည်းလမ်းတွေ ရှာပြီးတော့ ကျမတို့ ဌာနဆိုင်ရာ လူကြီးတွေ ပြီးတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကနေပြီးတော့ ဘယ်လိုနည်းနဲ့ ကျမတို့ ဒီအသံလွှင့်လုပ်ငန်းကြီးကို ပျက်မသွားအောင်လို့ ကျမတို့ ပရိသတ်တွေနဲ့ ထိတွေ့မှုကို ပျက်မသွားအောင်လို့ ဘယ်လိုလုပ်ကြမလဲဆိုတာ့ မဟာဗျူဟာတွေကို ချပြီးတော့ လုပ်ရတာပါ။”

အမေရိကန်ပြည်ထောင်စုမှာ အစိုးရဝန်ထမ်းတွေအနေနဲ့ telework လို့ခေါ်တဲ့ အိမ်ကနေ လုပ်ကိုင်ရတဲ့အခြေအနေမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ ဒီအချက်အလက်တွေနဲ့ ပတ်သက်လို့လည်း ဒေါ်ခင်စိုးဝင်းက အခုလိုပြောပါတယ်။

“အဲဒီတော့ အိမ်ကနေ အလုပ်လုပ်ကြတယ် ဆိုတဲ့နေရာမှာ ပြည်ထောင်စုအစိုးရ ဝန်ထမ်းတိုင်းက အရင် ၁၄ နှစ် ၁၅ နှစ်တုန်းက telework ဆိုတဲ့ အိမ်ကအလုပ်လုပ်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်လို့ အကုန်လုံးက အိမ်ကနေပြီးတော့ အလုပ်လုပ်ဖို့ဆိုပြီးတော့ သဘောတူညီချက် လက်မှတ်ရေးထိုးရတာ ရှိပါတယ်။ အစိုးရကနေ ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း လိုက်နာပါမယ်ဆိုပြီးတော့ လက်မှတ်ရေးထိုးရပါတယ်။ အဲဒီအခါမှာ telework လုပ်ဖို့ဆိုရင် ပုံစံဖြည့်ရတယ်၊ လျှောက်လွှာရေးရတယ်။ ပြီးရင် telework နဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေအားလုံးကို စာမေးပွဲလိုမျိုး စာမေးပွဲတွေအဆင့်ဆင့် ဖြေရတယ်။ အဲလို စာမေးပွဲတွေအဆင့်ဆင့် ဖြေပြီးမှ telework ကို လုပ်ခွင့်ရှိတာပါ။ အဲဒါကိုလည်း ဘယ်သူက telework လုပ်လို့ရတယ်၊ ဘယ်သူက telework လုပ်လို့မရဘူးလဲဆိုတာ ကျမတို့ အကြီးအကဲတွေကနေပြီးတော့ သတ်မှတ်ပါတယ်။ ဒါပေမယ့် အခု COVID-19 နဲ့ ပတ်သက်ပြီးတော့ ရောဂါ ပြန့်ပွားမှု ထိန်းချုပ်တဲ့နေရာမှာ အသံလွှင့်လုပ်ငန်းအနေနဲ့ အဆင့်ဆင့် ခွဲပြီးတော့ အဆင့် ၃ ဆင့်လောက်ခွဲပြီးတော့ ဘယ်အဆင့်မှာ ဘယ်နှစ်ရာခိုင်နှုန်းအလုပ်သွားမယ်။ ဘယ်အဆင့်မှာ ဘယ်နှစ်ရာခိုင်နှုန်း လျှော့ချမယ်ဆိုတာ ရှိပါတယ်။ အခု ကျမတို့ အခြေအနေကတော့ လုံး၀ ၁၀၀ ရာခိုင်နှုန်း အိမ်ကနေ လုပ်ရမယ့်အဆင့်အထိ ရောက်နေပါတယ်။”

တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ ကမ္ဘာ့ကပ်ရောဂါအဖြစ် ရောက်ရှိခဲ့ရာမှာ အမေရိကန်ပြည်ထောင်စုမှာ သေဆုံးသူအရေအတွက်ဟာ ၁၀၀ ကျော်ရှိနေပါပြီ။ COVID-19 ရောဂါဟာ လူလူချင်းချင်း ကူးစက်မှုနှုန်း အရမ်းကို မြန်ဆန်တဲ့အတွက်လည်း လူတွေကို အတတ်နိုင်ဆုံး အိမ်ပြင်မထွက်ဖို့ နည်းဗျူဟာ ကို အမေရိကန်အစိုးရက သေသေချာချာ ချမှတ်ဆောင်ရွက်နေတယ်လို့ ဒေါ်ခင်စိုးဝင်းကပြောပါတယ်။

“ကမ္ဘာ့ကပ်ရောဂါအဆင့်အထိတောင်မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေပြီးတော့ သတ်မှတ်ထားရတဲ့ ဗိုင်းရပ်စ်ပိုး အန္တရာယ်ကို ဘယ်လို ကာကွယ်မလဲပေါ့နော်။ အဲလိုမျိုး ဘယ်လို ကာကွယ်မလဲဆိုတဲ့နေရာမှာ သမ္မတ အိမ်ဖြူတော်ကနေပြီးတော့ နေ့တိုင်း Task force လို့ခေါ်တဲ့ လုပ်ငန်းအဖွဲ့ကို ဖွဲ့ပြီးတော့ ဘယ်လို ကာကွယ်မလဲ ပျံ့နှံ့တဲ့ နှုန်းကို လျှော့ချနိုင်အောင် ဘယ်လိုလုပ်မလဲပေါ့နော်။ အဲလိုမျိုး ၁၅ ရက်တာ ပျံ့နှံ့တာ လျှော့ချဖို့ နည်းဗျူဟာတခုကို ချမှတ်လိုက်ပြီးတော့ ကျမတို့ ပြည်ထောင်စုအစိုးရ ဝန်ထမ်းတွေ ဖြစ်နိုင်ရင် ရုံးကို ဘယ်သူမှ မလာပဲနဲ့ အိမ်ကနေ အလုပ်လုပ်ဖို့ တိုက်တွန်းတာပါ။”

COVID-19 ရောဂါကူးစက်မှု အခြေအနေ ဘယ်လောက်ထိဆိုးလာမလဲ၊ ရောဂါကာကွယ်ရေးကာလ ဘယ်လောက်ထိကြာမလဲ ဘယ်သူမှ အတိအကျ မသိကြရပါဘူး။ ဒါပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြန်ဆန်လာတာနဲ့အမျှ လူလူချင်း မျက်နှာချင်းဆိုင်တဲ့ နည်းလမ်းမှန်သမျှ ရှောင်ကျဉ်ကြဖို့ ကျန်းမာရေး ပညာရှင်တွေက ပြင်းပြင်းထန်ထန်သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

..................


(Unicode)












XS
SM
MD
LG