သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Covid-19 ကြောင့် အမေရိကန်မှာ ကာကွယ်ရေးဥပဒေ ကျင့်သုံးမည်


(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အမေရိကန် ပြည်ထောင်စုမှာ ရောဂါပိုးပျံ့နှံ့မှုကို ထိန်းချုပ်ဖို့နဲ့ စီးပွားရေးမှာ ထိခိုက်လာမယ့် အခြေအနေတွေက သက်သာရာရစေဖို့ အစိုးရနဲ့ လွှတ်တော်က ကြိုးစားနေကြပါတယ်။

သမ္မတ Donald Trump က အရေးပေါ် အစီအမံတွေ ဆောင်ရွက်နိုင်မယ့် ကာကွယ်ရေးဆိုင်ရာ အက်ဥပဒေကို ကျင့်သုံးမယ့်အကြောင်း ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာလိုက်သလို အမေရိကန် လွှတ်တော်ကလည်း အရေးပေါ် အကူအညီပေးရေး အစီအစဉ်အတွက် ဆွေးနွေးနေကြတဲ့အကြောင်း ကိုအောင်လွင်ဦးက တင်ဆက်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ကျန်းမာရေး၊ စီးပွားရေး အကျပ်အတည်းတွေ ကြုံနေရချိန်မှာပဲ အမေရိကန် အစိုးရက ကုန်ထုတ်လုပ်မှုတွေ အရှိန်မြှင့်နိုင်မယ့် ကာကွယ်ရေးဆိုင်ရာ အက်ဥပဒေကို ကျင့်သုံးမယ့်အကြောင်း သမ္မတက ကြေညာလိုက်တာပါ။ အမေရိကန်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေ တိုးလာနေတဲ့ သတင်းတွေနဲ့အတူ စတော့ရှယ်ယာ ဈေးကွက်တွေမှာလည်း မရေမရာ ကြုံနေရချိန်မှာပဲ သမ္မတ Trump ၃ ရက် မြောက်အဖြစ် အိမ်ဖြူတော်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး အစိုးရက ပြင်ဆင်ထားတဲ့ အခြေအနေတွေကို ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

“တရုတ်ပြည်ကလာတဲ့ ဗိုင်းရပ်စ်ပိုး တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ ဖြစ်ထွန်းမှုတချို့ကို အရင်ဆုံး ကြေညာလိုပါတယ်။ လိုအပ်တဲ့အခါ သုံးဖို့အတွက် ကာကွယ်ရေးဆိုင်ရာ ထုတ်လုပ်မှုအက်ဥပဒေကို ကျင့်သုံးမှာဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း ဒီဥပဒေအရ လိုအပ်တဲ့အခါ ပစ္စည်းအမြောက်အများ ထုတ်လုပ်နိုင်မှာပါ။”

ကျန်းမာရေးအတွက် အရေးပေါ် အကူအညီအဖြစ် ဆေးရုံသင်္ဘော ၂ စင်းကိုလည်း ဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာနေတဲ့ နယူးယောက်နဲ့ အမေရိကန် ပြည်ထောင်စု အနောက်ဖက်ခြမ်း ဒေသတွေကို စေလွှတ်ဖို့ ပြင်ဆင်ထားသလို ဗိုင်းရပ်စ်ကူးစက်မှု ရှိ-မရှိ စစ်ဆေးနိုင်အောင် တိုးမြှင့်ဆောင်ရွက် နေကြောင်းလည်း သမ္မတ Trump က ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ တချိန်တည်းမှာပဲ ဗိုင်းရပ်စ် တိုက်ဖျက်ရေး အရေးပေါ် အသုံးစရိတ် ဒေါ်လာ ၈.၃ ဘီလီယံ အတည်ပြုပေးခဲ့တဲ့ ကွန်ဂရက် လွှတ်တော်မှာလည်း နောက်ထပ် အကူအညီ ပေးနိုင်ဖို့ ပြင်ဆင်နေတာပါ။

အောက်လွှတ်တော်က နောက်ထပ် အဆိုပြုထားတဲ့ အသုံးစရိတ်ကို အထက်လွှတ်တော်မှာ တင်သွင်းထားချိန်မှာပဲ အိမ်ဖြူတော်က စီးပွားရေးကို ကျားကန်မယ့် အစီအစဉ်တွေပါ ထည့်သွင်းဖို့ တိုက်တွန်းနေတဲ့အတွက် နိုင်ငံရေးအရ အားပြိုင်မှုတွေ ကြုံရမယ့် အလားအလာတွေလည်း ရှိနေပါတယ်။ အထက်လွှတ်တော် လူများစု ရီပတ်ဘလစ်ကန် ခေါင်းဆောင် Mitch McConnell ကတော့ အခုအချိန်ဟာ နိုင်ငံရေး ဘေးဖယ်ထားရမယ့် အချိန်အဖြစ် ပြောခဲ့တာပါ။

“လုပ်နေကြအတိုင်း ပါတီစွဲနိုင်ငံရေးမျိုးဟာ အခုအချိန်မှာ တိုင်းပြည်အတွက် မကောင်းဘူးဆိုတာ အင်မတန်မှ ထင်ရှားပါတယ်။ အခုအချိန်ဟာ ပါတီစွဲကင်းကင်းနဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်ရမယ့်အချိန်ပါ။”

အထက်လွှတ်တော်အနေနဲ့ အရေးပေါ် အသုံးစရိတ်အတွက် အတည်မပြုနိုင်မချင်း ရပ်နားမှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။ အောက်လွှတ်တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အတည်ပြုခဲ့ပြီး အထက်လွှတ်တော်မှာ တင်သွင်းထားတဲ့ ဥပဒေကြမ်းအရ ခန့်မှန်းချေ ဒေါ်လာ ဘီလီယံ ၁၀၀ လောက် သုံးစွဲမယ့် အစီအစဉ်တွေမှာ နေထိုင်မကောင်းတဲ့ အလုပ်သမားတွေ ခံစားခွင့်ရရေး၊ အရေးပေါ် အစားအသောက် အကူအညီနဲ့ ဗိုင်းရပ်စ်ပိုး အခမဲ့စမ်းသပ်စစ်ဆေးခွင့်တွေ ပါဝင်ပါတယ်။

ဒါပေမဲ့လည်း သမ္မတ အိမ်ဖြူတော်ကတော့ အခွန်တွေ လျှော့ပေးဖို့၊ လေကြောင်းလုပ်ငန်းတွေနဲ့ အငယ်စားစီးပွားရေး လုပ်ငန်းတွေအတွက် ဒေါ်လာ ဘီလီယံ ၅၀ လောက် အကုန်အကျခံ ထောက်ပံ့ဖို့တွေ အပါအဝင် ဒီထက်ပိုသုံးစွဲဖို့ လိုလားနေတာပါ။ အထက်လွှတ်တော် လူနည်းစု ဒီမိုကရက်ခေါင်းဆောင် Chuck Schumer ကတော့ လက်ရှိ ကြုံနေရတဲ့ ပြဿနာကို အရင်ဆုံး ဦးစားပေး ဖြေရှင်းသင့်တယ်လို့ ဆိုပါတယ်။

“ကိုယ့်အိမ်မီးလောင်နေတယ်ဆိုရင် ခေါင်းမိုးမှာ ကျပ်ခိုးစွဲမှာကို အရင်စိုးရိမ်နေဖို့ မလိုဘဲ၊ မီးကို အရင်ငြိမ်းဖို့ ကြိုးပမ်းရမှာပါ။ ကျနော်တို့ အဆိုပြုထားတာကလည်း ဒါပါပဲ။ အရင့်အရင်ဆုံးကတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ထိခိုက်မှု အခံရဆုံးလူတွေအတွက် ဖြေရှင်းပေးဖို့ပါ။”

ဗုဒ္ဓဟူးနေ့အထိ သေဆုံးသူ ၁၀၀ ကျော်၊ ကူးစက်သူ ၆,၅၀၀ ကျော်ရှိနေတဲ့ အမေရိကန် ပြည်ထောင်စုမှာတော့ လူစုလူဝေးနဲ့ မနေကြဖို့ တတ်နိုင်ရင် အိမ်မှာနေကြဖို့လည်း အစိုးရက တိုက်တွန်းထားတာပါ။ ဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေကို ဟန့်တားဖို့ ကြိုးပမ်းတဲ့ အနေနဲ့ အမေရိကန်နဲ့ အိမ်နီးချင်း ကနေဒါနိုင်ငံ နယ်စပ်တွေကိုလည်း ပိတ်လိုက်ပြီဖြစ်ကြောင်း ၂ နိုင်ငံစလုံးက ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာထားကြပါတယ်။

တိုက်ရိုက် လင့်ခ်


..................


(Unicode)











XS
SM
MD
LG