သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Coronavirus ကိစ္စ တရုတ်နဲ့ ကန် အကြား တင်းမာမှုကြီးထွား


(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား မကြာသေးခင်ကစလို့ အပြန်အလှန် စွပ်စွဲမှုတွေနဲ့အတူ ဆက်လက် တင်းမာနေပါတယ်။ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို အကြောင်းပြုပြီး တရုတ်နိုင်ငံကို အမေရိကန်က သိက္ခာချတဲ့ လုပ်ရပ်တွေကိုရပ်ဖို့ဆိုပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အင်္ဂါနေ့မှာပဲ တောင်းဆိုခဲ့တဲ့အကြောင်း AP နဲ့ Reuters သတင်းဆောင်းပါးတွေကို အခြေခံပြီး ပြောပြပေးချင်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါ အဆင့်အထိ ကူးစက်ပျံ့နှံ့နေတာတွေနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ Donald Trump က Twitter လူမှုကွန်ရက်မှာ မှတ်ချက်ပေးခဲ့ရာမှာ တရုတ်ဗိုင်းရပ်စ် ဆိုပြီးသုံးနှုန်း ပြောဆိုခဲ့ပြီးနောက်မှာပဲ တရုတ်နိုင်ငံက အင်္ဂါနေ့မှာ ထပ်မံကန့်ကွက်လိုက်တာပါ။ အမေရိကန်ရဲ့ လုပ်ရပ်တွေဟာ တရုတ်နိုင်ငံကို သိက္ခာချတဲ့ လုပ်ရပ်အဖြစ်နဲ့လည်း ဘေဂျင်းမြို့က သတင်းစာရှင်းလင်းပွဲအတွင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Geng Shuang ကပြောလိုက်ပါတယ်။

“ကိုရိုနာဗိုင်းရပ်စ် ပိုးသစ်နဲ့ ဆက်နွယ်ပြီး မကြာသေးခင်ကပဲ အမေရိကန် နိုင်ငံရေးသမား တချို့ရဲ့ ပြောဆိုချက်တွေဟာ တရုတ်နိုင်ငံကို သိက္ခာချတာ ဖြစ်ပါတယ်။ ဒါကိုလည်း ကျနော်တို့ အပြင်းအထန် ကန့်ကွက်ရှုတ်ချပါတယ်။”

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် Yang Jiechi ဟာလည်း တနင်္လာနေ့တုန်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ တယ်လီဖုန်းဆက် ပြောဆိုရာမှာ အမေရိကန် နိုင်ငံရေးအသိုင်းအဝိုင်းက တရုတ်နိုင်ငံကို ပုတ်ခတ်တဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ သတိပေးခဲ့တာပါ။ တရုတ်နိုင်ငံကို သိက္ခာကျအောင် ကြိုးပမ်းတဲ့ လုပ်ရပ်တွေဟာ အဆုံးသတ်ကျရင် ကျဆုံးမှာသာဖြစ်ပြီး၊ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် လုပ်ရပ်မှန်သမျှကိုလည်း တုံ့ပြန်သွားမယ့်အကြောင်း တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးရာ ကော်မရှင် ညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ Yang က အမေရိကန်ကို သတိပေးခဲ့တယ်လို့လည်း တရုတ်နိုင်ငံက CCTV သတင်းက ဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရကလည်း အမေရိကန်ရဲ့ လုပ်ရပ်တွေကို ပြင်ဆင်ဖို့ဆိုပြီး တောင်းဆိုခဲ့တာပါ။

“အမေရိကန်ဘက်က အမှားတွေကို ချက်ခြင်းပြင်ပြီး တရုတ်နိုင်ငံအပေါ် အခြေအမြစ်မရှိ စွပ်စွဲနေတာတွေကို ရပ်တန့်ဖို့လည်း တောင်းဆိုပါတယ်။ အခုအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ ကမ္ဘာ့နေရာအနှံ့ ပျံ့နှံ့နေတဲ့အတွက် ကပ်ရောဂါကို တိုက်ဖျက်ရေး နိုင်ငံတကာမှာ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြရမယ့် အရေးကြီးဆုံး အချိန်လည်းဖြစ်ပါတယ်။”

တရုတ်နိုင်ငံက ဆေးဘက်ဆိုင်ရာပစ္စည်းတွေ တင်သွင်းမှုကို လျှော့ချဖို့ အမေရိကန်သမ္မတရဲ့ ကုန်သွယ်ရေးဆိုင်ရာ အကြံပေးအရာရှိ Peter Navarro တိုက်တွန်းခဲ့တဲ့ အပေါ်မှာလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက အင်္ဂါနေ့မှာပဲ ကန့်ကွက်ခဲ့တာပါ။

ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ တရုတ်နဲ့ အမေရိကန် တာဝန်ရှိသူတွေ မကြာသေးခင်ကစလို့ အပြန်အလှန် စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ရာက တင်းမာမှုတွေ ကြီးထွားလာနေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ရာ ဝူဟန်မြို့ကို အမေရိကန်စစ်တပ်က ဗိုင်းရပ်စ်ပိုး ယူလာတာ ဖြစ်နိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတယောက်က ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ Twitter လူမှုကွန်ရက်မှာ ပြောဆိုလိုက်တဲ့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဝါရှင်တန် အခြေစိုက် တရုတ်သံအမတ်ကြီးကို ဆင့်ခေါ်ကန့်ကွက်ခဲ့တဲ့ အထိပါ။

၂၀၁၉ ခုနှစ် အောက်တိုဘာလထဲ ဝူဟန်မြို့က စစ်ရေးလေ့ကျင့်မှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ အမေရိကန်စစ်တပ်က ဗိုင်းရပ်စ်ပိုး သယ်လာတာ ဖြစ်နိုင်တယ်ဆိုပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ တဦးဖြစ်တဲ့ Zhao Lijian က မှတ်ချက်ပေးခဲ့အပြီးမှာပဲ တရုတ်သံအမတ်ကြီး Cui Tiankai ကို အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး David Stilwell ကဆင့်ခေါ်ပြီး ပြင်းပြင်းထန်ထန် သတိပေးခဲ့တာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ တရုတ်နိုင်ငံ ဝူဟန်မြို့က ဇီဝဓာတု ဓာတ်ခွဲခန်းကနေ ဗိုင်းရပ်စ်ပိုး စတင်ပျံ့နှံ့တာ ဖြစ်နိုင်တယ်ဆိုပြီး အမေရိကန် အထက်လွှတ်တော်အမတ် Tom Cotton အပါအဝင် လူတချို့က ထင်ကြေးပေး ပြောခဲ့တဲ့အတွက်လည်း တရုတ်နိုင်ငံဘက်က အပြန်အလှန်ကန့်ကွက်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG