သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုပ်သားတွေအတွက် EU ကူညီငွေ အမှန်လိုအပ်သူတွေရအောင်လုပ်ဖို့ တိုက်တွန်း


ရန်ကုန်မြို့ အထည်ချုပ်စက်ရုံတခုတွင် အလုပ်လုပ်နေကြသော ဝန်ထမ်းတချို့ (နိုဝင်ဘာ ၀၁၊ ၂၀၁၈)
ရန်ကုန်မြို့ အထည်ချုပ်စက်ရုံတခုတွင် အလုပ်လုပ်နေကြသော ဝန်ထမ်းတချို့ (နိုဝင်ဘာ ၀၁၊ ၂၀၁၈)

(Zawgyi/Unicode)

မြန်မာပြည်တွင်း စက်ရုံလုပ်သားတွေကို ပေးမယ့် ဥရောပသမဂ္ဂ EU ရဲ့ ငွေကြေးအထောက်အပံ့က အမှန်တကယ် လိုအပ်သူတွေဆီ ရောက်ဖို့ဆိုရင် အစိုးရထိန်းကြောင်းမှုအောက်ကနေ သွားသင့်တယ်လို့ အလုပ်သမားသမဂ္ဂတွေက ပြောပါတယ်။ COVID-19 ကြောင့် နစ်နာသွားတဲ့ စက်ရုံတွေက အလုပ်သမားတွေကို ကျပ်ငွေ ၈ ဘီလီယံနီးပါး ထောက်ပံ့မယ်လို့ ဥရောပသမဂ္ဂက ဒီရက်ပိုင်းကြေညာအပြီး အလုပ်သမားအဖွဲ့တွေက အခုလို ပြောလိုက်တာပါ။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။

ယူရိုငွေ ၅ သန်း၊ မြန်မာကျပ်ငွေနဲ့ ၈ ဘီလီယံနီးပါးရှိတဲ့ ဒီထောက်ပံ့ငွေကို ပြည်တွင်းအရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ အလုပ်သမားသမဂ္ဂတွေနဲ့ နီးနီးကပ်ကပ် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဥရောပသမဂ္ဂက သူ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားခဲ့တာပါ။ လုပ်ငန်းရှင်အသင်းအဖွဲ့တွေ၊ ကုန်ထုတ်လုပ်ငန်းပိုင်ရှင်တွေနဲ့လည်း ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

အခုပြည်တွင်းမှာ ယာယီနဲ့ အပြီး ပိတ်သိမ်းလိုက်တဲ့ စက်ရုံက ၈၀ နီးပါးရှိပါတယ်။ အများစုက အထည်ချုပ်လုပ်ငန်းတွေပါ။ ဝန်ထမ်းပေါင်း ၂၅,၀၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်သွားတယ်လို့ အီးယူထုတ်ပြန်ချက်မှာ ရေးသားထားပေမဲ့ အမှန်တကယ်နစ်နာတဲ့ စာရင်းအတိအကျရဖို့ အစိုးရဦးဆောင်မှုအောက်ကနေ သွားသင့်ကြောင်း အလုပ်သမားသမဂ္ဂတွေက ပြောပါတယ်။

“အလုပ်လက်မဲ့ဖြစ်သွားသူတွေ ကျန်ခဲ့မှာကို ကျနော့် အနေနဲ့က အများကြီး စိုးရိမ်မှုရှိပါတယ်။ သူတို့အခု ထောက်ပံ့မယ့်အလှူငွေ ကျနော်တို့က ထိထိရောက်ရောက် ဖြစ်စေချင်တယ်။ အားလုံးတပြေးညီ ပေးဖို့ဆိုရင် အလုပ်သမား အဖွဲ့ချုပ်တွေနဲ့တင် မလုံလောက်ဘူး၊ ကျန်တဲ့ အလုပ်သမားအရေး ဆောင်ရွက်ကြတဲ့ အဖွဲ့အစည်းတွေ အကုန်လုံးနဲ့ ပါဝင်ဆောင်ရွက်ဖို့လိုတယ်။ နောက်ပြီး အဓိကတော့ Focal အနေနဲ့ကတော့ အလုပ်သမား ဝန်ကြီးဌာနကနေတဆင့် သွားတာကပဲ ပိုပြီးကောင်းမယ်လို့ မြင်ပါတယ်ခင်ဗျ။”

စက်မှုလက်မှု အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် MICS က ဦးသက်နှင်းအောင် ပြောသွားတာပါ။ အလုပ်လက်မဲ့ဖြစ်သွားတဲ့ သမဂ္ဂအဖွဲ့ဝင်တွေကိုပဲ နစ်နာကြေးပေးမယ်ဆိုရင်လည်း တရားမျှတမှုရှိလာမှာ မဟုတ်ဘူးလို့ သူကပြောပါတယ်။

EU က သူ့ရဲ့ထောက်ပံ့ငွေ ယူရို ၅ သန်းကို မြန်မြန်ဆန်ဆန်ပေးနိုင်အောင် Wave Money ငွေလွှဲစနစ်ကနေ အလုပ်သမားတွေကို ပေးသွားမယ်လို့ ပြောပါတယ်။ အလုပ်အကိုင်ဆုံးရှုံးသွားသူနဲ့ အိမ်ကနေ အတင်းအကြပ် အဖယ်ခံရပြီး ဒုက္ခရောက်နေတဲ့ အလုပ်သမား တယောက်စီကို တလ ကျပ်ငွေ ၇၅,၀၀၀၊ တဘက်သတ်စာချုပ်အဖျက်ခံရတဲ့ အလုပ်သမားတွေအတွက် တလ ၁၂၅,၀၀၀ ကျပ်နဲ့ တခြားအသေးစား အလတ်စားလုပ်ငန်းတွေက အလုပ်သမားတွေကို ထောက်ပံ့ဖို့ EU က စီစဉ်ထားပါတယ်။

“အခုအချိန်အထိတော့ အဆင့်ဆင့်ဆိုတဲ့ process ကို ကျမတို့ မသိသေးဘူး။ ဘယ်လိုပုံစံနဲ့သူတို့ပေးမှာလဲ။ သမဂ္ဂ မဖွဲ့နိုင်တဲ့ စက်ရုံတွေမှာလည်း အလုပ်ပြုတ်သွားတဲ့ ကလေးတွေ အများကြီးရှိတယ်၊ ဒီစာရင်းတွေကို ဘယ်လိုလုပ်မှာလဲပေါ့။ အခု EU ကနေ ထောက်ပံ့မယ်ဆိုတဲ့အခါကျတော့ အရမ်းပဲဝမ်းသာတယ်။ တကယ်အလုပ်လက်မဲ့ ဖြစ်သွားတဲ့ကလေးတွေ အခုလက်ရှိ ဒုက္ခတွေရောက်နေတဲ့ အလုပ်သမားတွေအတွက်ကို အတတ်နိုင်ဆုံး ပံ့ပိုးကူညီမှုတွေကို ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ကျမမြင်တယ်။”

အလုပ်သမားအရေး ကူညီပေးနေတဲ့ Future Light Center က ဒေါ်သက်သက်အောင်ပြောသွားတာပါ။

နည်းလမ်းတခုအရဆိုရင် CTUM, MICS, STUM ဒီလို အလုပ်သမားသမဂ္ဂ ၁၄ ဖွဲ့လောက် စုပေါင်းထားတဲ့ COVID-19 အရေးပေါ်တုံ့ပြန်ရေးအဖွဲ့နဲ့ အစိုးရ ပူးပေါင်း လုပ်သင့်တယ်လို့ ဒေါ်သက်သက်အောင်က ပြောပါတယ်။

မြန်မာ့ အထည်ချုပ်ထုတ်ကုန် ၇၀ ရာခိုင်နှုန်းဟာ ဥရောပသမဂ္ဂ အီးယူကို တင်ပို့ပေးနေတာဖြစ်ပြီး၊ ဒီအထည်ချုပ်နဲ့ ဖိနပ်လုပ်ငန်းတွေကနေ အလုပ်နေရာ ၇၀၀,၀၀၀ လောက် ပေးထားတာလည်း ဖြစ်ပါတယ်။ မြန်မာ့အထည်ချုပ်လုပ်ငန်းက အလုပ်သမားတွေနဲ့ သွေးစည်းရပ်တည်တဲ့အနေနဲ့ ဒီထောက်ပံ့ငွေပေးတဲ့အစီအစဉ်ကို လုပ်ဆောင်ရတာလို့ EU က သူ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG