သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘက်စုံယိုယွင်းနေတဲ့ တိုင်းပြည်စာရင်းထဲက မြန်မာ


Вход в Цетральный вокзал и на матч по борьбе между США, Ираном и Россией
Вход в Цетральный вокзал и на матч по борьбе между США, Ираном и Россией

၂၀၁၁ ခုနှစ်အတွက် ကမ္ဘာတဝန်း ဘက်စုံယိုယွင်းနေတဲ့ နိုင်ငံများ အညွှန်းကိန်း အစီရင်ခံစာကို ထုတ်ပြန်လိုက်ပါတယ်။ ဒီလို ဘက်စုံ ယိုယွင်းမှုတွေဟာ ဂလိုဘယ်လိုက်ဇေးရှင်း ခေါ် ကမ္ဘာတဝန်း ဆက်နွယ် ပတ်သက်လာမှုကြောင့် ဖြစ်သလား ဆိုတဲ့ အချေအတင် ဆွေးနွေးပွဲ တရပ်ကိုတော့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ မြို့တော်မှာ ၂၉ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ပူးတွဲ စစ်ဦးစီးချုပ်များ ကော်မတီ ဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ခ် မူလန် (Mike Mullen) လည်း တက်ရောက် စကားပြောမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကရော ဒီအညွှန်းကိန်း အစီရင်ခံစာမှာ နိုင်ငံတော် အနေနဲ့ ဘယ်လောက်အထိ ယိုယွင်းကျဆင်းနေပါသလဲ။ အပြည့်အစုံကို ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

၂၀၁၁ ခုနှစ် နိုင်ငံတော် ဘက်စုံယိုယွင်းမှု အညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ အာရှနဲ့ ကမ္ဘာမှာ ထိပ်ဆုံးပိုင်းမှာ ရှိနေပါတယ်။ အာရှမှာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့ ပြီးရင် တတိယနေရာမှာ ရှိနေပြီး ကမ္ဘာမှာတော့ နံပါတ်အဆင့် ၁၈ မှာ ရှိနေပါတယ်။

ဒီအညွှန်းကိန်းတွေကို Foreign Policy မဂ္ဂဇင်းနဲ့ Fund for Peace အဖွဲ့တို့က ပူးတွဲ အကဲဖြတ် သတ်မှတ်တာ ဖြစ်ပါတယ်။ ဒီအညွှန်းကိန်းတွေက အချုပ်အချာ အာဏာပိုင် အစိုးရတရပ်ဟာ သူ့မှာရှိတဲ့ တာဝန်တွေကို မထမ်းဆောင်နိုင်တာ၊ တိုင်းပြည်တပြည်မှာ လိုအပ်တဲ့ အခြေခံ အခြေအနေတွေကို မဖြည့်ဆည်းနိုင်တာတွေကို ပြသနေတယ်လို့ နိုင်ငံရေး သုံးသပ်သူတွေက နားလည်ကြပါတယ်။

ကိုရီးယား တိုင်းမ် အပါအဝင် နိုင်ငံတကာ သတင်းစာတွေမှာ မြန်မာ့နိုင်ငံရေး အခြေအနေတွေကို ဝေဖန်သုံးသပ်သူ ကွတ်ကီး အမျိုးသား ငယ်ဂျင်ပေါင် ကစ်ပ်ဂန် (Nehginpao Kipgan) ကတော့ အညွှန်းကိန်းနဲ့ ပတ်သက်ပြီး အခုလို မြင်ပါတယ်။

“နိုဝင်ဘာလ၊ ၂၀၁၀ တုန်းက သူတို့ ရွေးကောက်ပွဲ လုပ်ပေမဲ့ အပြောင်းအလဲ သိပ်မရှိဘူးဆိုတာ ပေါ်တာပေါ့လေ။”

နိုင်ငံတော်ကို ဦးထိပ်ထားပြီး ဦးဆောင်နေကြတဲ့ နိုင်ငံတော်ကြီးအပေါ် ပြည်သူလူထုက အယုံအကြည် ကင်းမဲ့နေတာကို တွေ့ရတယ်လို့ အညွှန်းကိန်းက ဆိုပါတယ်။ အကျယ်အပြန့် အကျင့်ပျက် ခြစားနေတာ၊ အုပ်ချုပ်သူ အခွင့်ထူးခံ လူတစုက သူတို့ အကျိုးအမြတ်အတွက်ချည်း လုပ်နေတာ၊ သူတို့လုပ်နေတာတွေကို လူအများ ထင်သာ မြင်သာ မခံနိုင်တာ၊ တာဝန်ခံမှု မရှိတာ၊ နိုင်ငံရေးအရ ပြည်သူတွေ ကိုယ်စားပြုသူတွေ နိုင်ငံတော်မှာ ပါရှိတယ်လို့ လူတွေက မထင်တဲ့ အချက်တွေနဲ့ နိုင်ငံတော်တရပ်ရဲ့ တရားဝင်မှုကို ကြည့်လိုက်တဲ့အခါ မြန်မာနိုင်ငံဟာ ယိုယွင်းကျဆင်းမှု ၁၀၀% အပြည့်နီးနီး ရရှိနေတာကို တွေ့ရပါတယ်။

နိုင်ငံတော်အနေနဲ့ ၉၀% အထက် ယိုယွင်းကျဆင်းနေတဲ့ အခြားနယ်ပယ် ၂ ရပ်ကတော့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရာမှာ မညီမျှမှုပါပဲ။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းကတော့ ၁၉၈၈ ကစပြီး နှစ်စဉ် ကမ္ဘာမှာ အဆိုးဆုံးနေရာမှာ ထိပ်က နေခဲ့တာပါ။ ဒါ့အပြင် လူတချို့က စီးပွားရေး၊ ပညာရေး၊ အလုပ်အကိုင် စသဖြင့် အခွင့်အရေး ရရှိရာမှာ အုပ်စုအလိုက် မညီမမျှ ဖြစ်နေတယ်လို့ ဒီအညွှန်းကိန်းတွေက ပြသပါတယ်။

၈၀% အထက် ကျဆင်းနေတဲ့ နယ်ပယ် ၂ ရပ် ရှိရာမှာ တခုကတော့ ဘာသာရေးအရ ဖြစ်စေ၊ လူမျိုးရေးအရ ဖြစ်စေ၊ ကျားမ ခွဲခြားမှုအရ ဖြစ်စေ၊ အသက်မွေး ဝမ်းကျောင်းမှုအရ ဖြစ်စေ၊ လူအုပ်စုအလိုက် နစ်နာနေကြတာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေအပေါ် ဖိနှိပ်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကလည်း ရှိနေပါတယ်။ နိုင်ငံရေး ဆောင်ရွက်ရာမှာ မပါဝင်နိုင်အောင် ပထုတ်ထားတာတွေကိုလည်း ဒီ အုပ်စုလိုက် နစ်နာမှု အညွှန်းကိန်း တွက်တဲ့အခါ ထည့်သွင်း စဉ်းစားခဲ့ပါတယ်။

လုံခြုံရေးနယ်ပယ်မှာ အညွှန်းကိန်းကို စဉ်းစားတဲ့အခါ နိုင်ငံတော်အတွင်း နိုင်ငံတော်ငယ်လေးတရပ် ဖြစ်ပေါ်လာနေတဲ့ အချက်ကိုလည်း အကဲဖြတ်ခဲ့ကြပါတယ်။ ဒီ လုံခြုံရေးဆိုင်ရာ နယ်ပယ်မှာလည်း နိုင်ငံတော်ရဲ့ ကျဆင်းမှုက ၈၅% ရှိနေတယ်လို့ အညွှန်းကိန်းက ပြနေပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရရဲ့ ဝန်ဆောင်မှုကလည်း ၈၀% ကျော် ကျဆင်းနေပြီး အုပ်ချုပ်သူ လူတန်းစား အတွင်းမှာ ဂိုဏ်းဂဏ ဖွဲ့နေတာတွေကလည်း မြင့်မားနေတယ်လို့ အညွှန်းကိန်းက ဆိုပါတယ်။ ဒုက္ခသည်အရေးကို ကိုင်တွယ် ဆောင်ရွက်ရာမှာလည်း ကျဆင်းနေပြီး အလုပ်သမားတွေက အစ ပညာတတ်တွေအဆုံး တိုင်းပြည်က ထွက်ခွာနေကြတာကလည်း များပြားနေတာမို့ ဒီနယ်ပယ်မှာလည်း နိုင်ငံတော်အစိုးရ အနေနဲ့ ၈၀% ကျော် ကျဆင်းနေတယ်လို့ အညွှန်းကိန်းက အကဲဖြတ်ထားပါတယ်။ ဒါကလည်း မဆန်းဘူးလို့ ဆိုရမှာပါ။

နယူးယောက် တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါမောက္ခ အလတ်စ်တာ စမစ်သ် (Alsastair Smith) ကတော့ မြန်မာနိုင်ငံရဲ့ အခြေအနေကို သုံးသပ်ပြီး ရှေ့အလားအလာနဲ့ ပတ်သက်လို့ သာမန်ပြည်သူ တယောက်အတွက် အခုလို အကြံပေးပါတယ်။

“လူတွေ သူတို့ရဲ့ တဦးချင်းဘ၀ တိုးတက်လာအောင် လုပ်ရမယ့် အလုပ်အနေနဲ့ ကျနော် အကြံပေးချင်တာကတော့ ဒီစနစ်ကနေ ထွက်သွားနိုင်အောင် ကြိုးစားကြဖို့ပါပဲ။ လူတော်တော်များများကတော့ ဒါကို ကြားချင်ကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ပေါ်လာမယ်လို့ ကျနော်တော့ မမြင်ပါဘူး။”

ကွတ်ကီးလူမျိုး နိုင်ငံရေး သုံးသပ်သူ ဆရာ ငယ်ဂျင်ပေါင် ကစ်ပ်ဂန်ကတော့ အခုလို ထင်ပါတယ်။

“သူတို့ ပါဝင်ခွင့်ကို အခြေအနေ ပေးတဲ့အခါ တော်တော်များများ တိုင်းရင်းသားတွေရော၊ တခြား ဗမာပြည် ဒီမိုကရေစီ အင်အားစုတွေရော စိတ်ကြိုက်ပေါ့လေ၊ ကြိုက်သလောက် ပါဝင်ချင်တဲ့၊ လုပ်ချင်တဲ့ဟာတွေ မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ တနှစ်ပြီးတနှစ် ပိုကောင်းလာမယ်လို့ ကျနော် အမြဲတမ်း မျှော်လင့်ချက် ရှိပါတယ်။”

သမ္မတ ဦးသိန်းစိန်ရဲ့ ပထမမိန့်ခွန်းမှာ အခု အညွှန်းကိန်းမှာပါတဲ့ နယ်ပယ် တော်တော်များများရဲ့ အားနည်းချက်တွေကို အသိအမှတ်ပြု ပြောသွားတာမို့ ၂၀၁၂ ခုနှစ် နိုင်ငံတော် ဘက်စုံယိုယွင်းမှု အညွှန်းကိန်း ထွက်လာခဲ့ရင် မြန်မာနိုင်ငံအနေနဲ့ တိုးတက်မှုတွေ ရှိလာနိုင်မလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ သုံးသပ်သူတွေက မြင်ကြပါတယ်။

XS
SM
MD
LG