သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုပ်ကြံသတင်းနဲ့ သတင်းမှန် ခွဲခြားနိုင်စွမ်း အရေးကြီးတယ်လို့ အမေရိကန်သံတမန်သတိပေး


“မြန်မာနည်းပညာ စခန်းသွင်း လေ့ကျင့်မှု-အနာဂတ်မျိုးဆက်အတွက် မီဒီယာသိနားလည်မှု” (ဓာတ်ပုံ-ဇော်ထက်-VOA)
“မြန်မာနည်းပညာ စခန်းသွင်း လေ့ကျင့်မှု-အနာဂတ်မျိုးဆက်အတွက် မီဒီယာသိနားလည်မှု” (ဓာတ်ပုံ-ဇော်ထက်-VOA)

လူထုအနေနဲ့ လုပ်ကြံသတင်းနဲ့ အမှန်သတင်းတွေကြား ခွဲခြား သိနားလည်နိုင်စွမ်း တစုံတရာ အတိုင်းအတာ ထိရှိဖို့ အရေးကြီးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။ ရန်ကုန်မြို့၊ အမေရိကန်စင်တာမှာ သုံးရက်ကြာကျင်းပတဲ့ “မြန်မာနည်းပညာ စခန်းသွင်း လေ့ကျင့်မှု-အနာဂတ်မျိုးဆက် အတွက် မီဒီယာသိနားလည်မှု” ဆိုတဲ့ အစီအစဉ် အဆုံးသတ် ဒီကနေ့မှာ အဲဒီလိုပြောတာပါ။ ဒီအကြောင်း ကိုယ်တိုင်သွားပြီး သတင်းယူထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုဇော်ထက်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကအရပ်ဘက်အဖွဲ့အစည်းတွေ၊ သတင်းလုပ်ငန်းနယ်ပယ်ကသူတွေ မီဒီယာနဲ့ ပတ်သက်ပြီး အထူး သဖြင့် ပြောင်းလဲလာတဲ့ ဒစ်ဂျစ်တယ်မီဒီယာပိုင်းကို ပိုပြီးနားလည်လာအောင် လေ့ကျင့် သင်ကြားပေးတဲ့အနေနဲ့ အခုအစီအစဉ်ကို ရန်ကုန်မြို့ အမေရိကန်သံရုံးက ကမကထပြုပြီး အမေရိကန် စင်တာမှာ ကျင်းပတာပါ။

ဒီမိုကရေစီနိုင်ငံတခုက လူထုအနေနဲ့ လုပ်ကြံသတင်းနဲ့ သတင်းမှန်တွေကြားမှာ ခွဲခြားသိမြင် နားလည်ဖို့ အရေးကြီးတယ်ဆိုတာကို အမေရိကန်သံရုံး ဒုတိယတာဝန်ခံ George Sibley က သတင်းထောက်တွေကို အခုလိုပြောပါတယ်။

“တခါတလေ တချို့သူတွေက သတင်းအမှားတွေကိုအသုံးချပြီး ပိုပြီးကျယ်ပြန့်လာအောင်လုပ်တယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ဒါတွေကိုနားလည်နိုင်တဲ့အရည်အချင်း ပြည့်မီဖို့အရေးကြီးတယ်။ ပြီးတော့ အဲဒီလို သတင်းတွေ အပေါ်မှာ အမှားနဲ့အမှန်ကို ခွဲခြားနိုင်ဖို့လည်းအရေးကြီးပါတယ်။”

ဒီသင်တန်းကို နေရာစုံ၊ အလွှာစုံက အရပ်ဘက်အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာအသိုင်းအဝန်းက သူတွေ စုစု ပေါင်း အယောက် ၅၀လောက် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ သူတို့အနေနဲ့ ဒီသုံးရက်တာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကနေ သက်ဆိုင်ရာဒေသက လိုအပ်တဲ့သူတွေကို ပြန်ဖြန့်ဝေပေးနိုင်ဖို့လည်း ဒီသင်တန်းကရည်ရွယ်ထားတာလို့ George Sibley ကပြောပါတယ်။

“သူတို့ဒါတွေကိုလုပ်တဲ့အခါမှာ သူတို့ကျွမ်းကျင်မှုတွေ ကိုပြန်ပြီးဖြန့်ဝေပေးနိုင်တယ်။ သူတို့ဒီမှာ လေ့လာသွား တယ်၊ သူတို့လေ့ကျင့်တယ်၊ ကျွမ်းကျင်မှုတွေရသွားတယ်။ ပြီးတော့သူတို့လာတဲ့ ဒေသက ဥပမာ ကချင်ပြည် နယ်၊ ဒါမှမဟုတ် ပဲခူးတိုင်း တခုခုပေါ့၊ အဲဒီမှာ သူတို့ပြန်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေလို့ရပါတယ်။”

အမေရိကန်သံရုံးအနေနဲ့ ဒီလိုနည်းပညာ စခန်းသွင်းလေ့ကျင့်မှု အစီအစဉ်ကို ၂၀၁၆ က ပထမဆုံး အကြိမ် လုပ်ခဲ့တာပါ။ အခု ၂၀၁၈ ဒုတိယအကြိမ်မှာ Facebook, Google, Myanmar Now, MIDO, Phandeeyar နဲ့တခြားမီဒီယာအဖွဲ့အစည်းတချို့ကလာပြီး သင်တန်းပေးခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG