သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်မှာ ဝေဟင်ကပြုတ်ကျတဲ့ စက်ပစ္စည်း တရုတ်စမ်းသပ်ဂြိုဟ်တုကဖြစ်နိုင်


ဖားကန့်မှာ ဝေဟင်ကပြုတ်ကျတဲ့ စက်ပစ္စည်းကြီး ( သတင်းဓာတ်ပုံ- MOI)
ဖားကန့်မှာ ဝေဟင်ကပြုတ်ကျတဲ့ စက်ပစ္စည်းကြီး ( သတင်းဓာတ်ပုံ- MOI)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ကောင်းကင်ကနေ ကျလာတဲ့ စက်ပစ္စည်း အပိုင်းအစကြီးတခုကို ကျွမ်းကျင်ပညာရှင်တွေနဲ့ စမ်းသပ်စစ်ဆေးဖို့ ပြင်ဆင်နေပြီး ဒီပစ္စည်းကို မပျက်ဆီးစေဖို့နဲ့ လူထုကို မထိခိုက်စေဖို့ သက်ဆိုင်ရာအာဏာပိုင်တွေက ထိန်းသိမ်းထားပါတယ်။ ဒီပစ္စည်းကျရောက်တဲ့အချိန်ဟာ တရုတ်နိုင်ငံ စမ်းသပ်ဂြိုဟ်တု တလုံး လွှတ်တင်ပြီးချိန် နဲ့ တိုက်ဆိုင်နေတာကြောင့် တရုတ်ဂြိုဟ်တု လွှတ်တင်မှုနဲ့ ဆက်စပ်နိုင်ကြောင်း သုံးသပ်တာတွေရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖားကန့်မြို့နယ် မှော်စီဇာရွာအနီးမှာ ကြာသပတေးနေ့ မနက် ၆နာရီခွဲလောက်မှာ ပေါက်ကွဲသံတခု နဲ့အတူ အချင်း၄ပေ၊ အလျား ၁၅ပေလောက်ရှိတဲ့ ဆလင်ဒါပုံစံ သံထည်ပစ္စည်းကြီးတခု ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။

ဒီပစ္စည်းနဲ့ပတ်သက်ပြီး လေယာဉ် ဒါမှမဟုတ် အာကာသယာဉ်ရဲ့ အစိတ်အပိုင်းအဖြစ် ခန့်မှန်းထားပြီး ကျွမ်းကျင်ပညာရှင်တွေနဲ့ စစ်ဆေးဖို့ ပြင်ဆင်နေကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောပါတယ်။

" လောလောဆယ် အဲ့ဒီ့ပစ္စည်းကို ကျနော်တို့ ထိန်းသိမ်းထားတယ် အဲ့ဒီ့နေရာပဲ။ ကျနော်တို့ ပစ္စည်းက လေယာဉ်တမျိုးမျိုး ဒါမှမဟုတ် အာကာသ ယာဉ်ပျံတခုခုရဲ့ သတ္တု အစိတ်အပိုင်းလို့ ကျနော်တို့ကတော့ သုံးသပ်တယ်။ ဒီပစ္စည်းက နည်းပညာပိုင်း ကျွမ်းကျင်သူတွေ စမ်းသပ်စစ်ဆေးပြီးမှသာလျှင် ရမယ့်အနေအထားမျိုးဖြစ်တာဗျ။ ဘာပစ္စည်းလို့တော့ အလွယ်နဲ့တော့ ပြောလို့မရဘူး။ အဲ့တာကြောင့် ဒီဟာကို လာရောက်ပြီး စစ်ဆေးမယ်လို့တော့ ကျနော်တို့ အကြမ်းဖျင်းသိရတယ်။ ဒီတရက်နှစ်ရက်အတွင်း လာနေကြပါပြီ။ မလာခင်စပ်ကြား ကျနော်တို့ကတော့ ဘာမှလည်း အထိအခိုက်မရှိရအောင် လုံလုံခြုံခြုံနဲ့ တပ်တို့ ရဲတို့ အုပ်ချုပ်ရေး အဖွဲ့တွေ ပေါင်းပြီး သေချာလေး လုံခြုံရေးလုပ်ပြီး ထိန်းသိမ်းထားပါတယ်။ "

ဒီပစ္စည်းမှာ တရုတ်စာ ဒါမှမဟုတ် ဂျပန်စာ စာလုံးတွေလို့ ယူဆရတဲ့ စာသားတွေရေးသားထားသလို အင်္ဂလိပ်ဘာသာနဲ့ Danger ဆိုတဲ့ စကားလုံးလည်း ရေးသားထားတယ်လို့ ပြောပါတယ်။

" စာလုံးတွေတော့ ပါတယ်။ တရုတ်စာလား ဂျပန်စာလားတော့ မသိဘူး အဲ့တာနဲ့ အင်္ဂလိပ်စာ Danger နဲ့ တွဲရေးထားတာရှိတယ်။ ကျန်တာတွေကတော့ သူ့ရဲ့ နံပတ်ပေါ့ စက်ပစ္စည်းအစိတ်အပိုင်းတွေမှာ ရေးတဲ့ ကိန်းဂဏန်းတွေပါပဲ ဂဏန်းလည်း ပါတယ်။"

အမျိုးအမည် မသိရတဲ့ ဒီသံထည်ပစ္စည်းကို သွားရောက်ကြည့်ရှုခဲ့တဲ့ ဖားကန့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ဒီပစ္စည်းရဲ့ပုံသဏ္ဍန်ကို အခုလို ပြောပါတယ်။

" ဖြစ်နိုင်တဲ့ဟာကတော့ ကျနော်တို့ satellite တွေကို နောက်ကနေ တွန်းပို့တဲ့ဟာလိုမျိုးပါပဲ။ ကျနော်တို့ တီဗီတွေ ဗီဒီယိုတွေမှာ မြင်ထားတဲ့ ပုံစံပါပဲ။ လောင်စာတွန်းကန်တဲ့ဟာကြီးလေ။ သူက အလယ်မှာ အချင်းတစ်ပေလောက်ရှိတဲ့ အလယ်မှာ အပေါက်ကြီးလေ။ ဘေးပတ်ဝန်းကျင် မှာလည်း ကာဗာတွေ အပူခံပြားတွေ ကာထားတယ်။ အဲ့ဒီ့မှာ ဝါယာတွေကလည်း ရှုတ်ယှက်ခတ်နေတယ်။ ဟိုဘက်ကကျတော့ ဟောင်းလောင်းပွကြီးဖြစ်နေတာပေါ့ အဲ့ဒီ့အရှည်ကြီးက။ Direction လာခဲ့တဲ့ပုံစံက အနောက်တောင်က လာတာ။ "

ဒီပစ္စည်းကြီးကျရောက်ခဲ့ရာမှော်စီစာရွာနဲ့ ၁၀မိုင်နီးပါးဝေးကွာတဲ့ အောင်ဘာလေ ရွာမှာလည်း လုံးပတ် ၂လက်မ၊ အရှည်၄လက်မခွဲလောက်ရှိတဲ့ ဆလင်ဒါပုံ စက်ကရိယာတခု ကျခဲ့ပါတယ်။ ဒီသံထည်ပစ္စည်းတွေကြောင့်တော့ လူအထိအခိုက် မရှိကြောင်း ပြောပါတယ်။

ဒီနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာတော့ ပြုတ်ကျခဲ့တဲ့ သံထည်ပစ္စည်းစာ ဂြိုဟ်တု သို့မဟုတ် ဒုံးပျံလွှတ်တင်ရာမှာ တွန်းကန်အားပေးတဲ့ အင်ဂျင်စက် အစိတ်အပိုင်းအဖြစ်ယူဆကြောင်း၊ တရုတ်စံတော်ချိန် မနက် ၇နာရီခွဲလောက်မှာ တရုတ်နိုင်ငံမြောက်ပိုင်း ကျန်ချန်းစီးတီးဂြိုဟ်တုလွှတ်တင်ရေးစခန်းက ကြယ်မှုန်ရှာဖွေရေး စမ်းသပ်ဂြိုဟ်တုလွှတ်တင်ခဲ့ကြောင်း ၊ ဖားကန့်မြို့နယ်အတွင်း ကျရောက်တဲ့ သံထည်ပစ္စည်း တရုတ်နိုင်ငံက လွှတ်တင်တဲ့ ဂြိုဟ်တုနဲ့ ဆက်စပ်နိုင်ကြောင်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG