သုံးရလွယ်ကူစေသည့် Link များ

မြေလွတ်မြေရိုင်း ဥပဒေနဲ့ လယ်ယာမြေ ဥပဒေ တွေကို မနေ့က တနလာင်္နေ့မှာ ပြည်ထောင်စု လွှတ်တော် က အတည်ပြုလိုက် တာပါ။ဒီ ဥပဒေတွေက လယ်ယာမြေ အဓမ္မ သိမ်းဆည်း ခံနေရမှု တွေကိုတော့ အနည်း ငယ် အကာအကွယ် ပေးနိုင်မယ့် သဘောရှိပေမဲ့ လယ်သမားတွေရဲ့ လယ်ယာမြေ ပိုင်ဆိုင် လုပ်ကိုင်ခွင့် နဲ့ မြေလွတ် မြေရိုင်း ပိုင်ဆိုင်ခွင့်တွေကိုတော့ အပြည့်အဝ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး ဆိုပြီးတော့ လွှတ်တော် အမတ် တချို့က သုံးသပ်ပါတယ်။ ဘာကြောင့် အခုလို သုံးသပ်ကြတာပါလဲ။ ဆက်သွယ် မေးမြန်းထား တဲ့ မသိဂီ င်္ထိုက်က အပြည့်အစုံ တင်ပြပေးပါမယ်။

ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်တဲ့ မြေလွတ်မြေရိုင်း ဥပဒေမှာ ဆိုရင် စီးပွားရေး လုပ်ငန်းရှင် ကြီးတွေကို ဧက ငါးသောင်းအထိ ရယူ လုပ်ကိုင်ခွင့် ပေးထားပေမဲ့ မိရိုးဖလာ ဒေသခံ လယ်သမားတွေ မြေလွတ် မြေရိုင်း တွေ လုပ်ကိုင် လိုတယ် ဆိုရင်တော့ ဧက (၅၀) ထိဘဲ ပေးမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လက်ရှိ မြေလွတ်မြေရိုင်းတွေမှာ လုပ်ကိုင်နေကြတဲ့ ဒေသခံ လယ်သမားတွေရဲ့ လယ်ယာမြေ တွေ ကိုတော့ အစိုးရ အနေနဲ့ အဓမ္မ သိမ်းဆည်းတာ ဖယ်ခိုင်းတာတွေ မလုပ်ရဘူး ဆိုတာကို လွှတ်တော် အမတ် တွေက ထည့်သွင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဥပဒေဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်ပက လာရောက် ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ဦးစား ပေးထား တဲ့ ဥပဒေ ဖြစ်ပြီး ဒေသခံ လယ်သမားတွေကို နစ်နာစေတယ်လို့ ပြည်သူ့လွှတ်တော် အမတ် ဦးဖေသန်းက ဝေဖန် လိုက်ပါတယ်။

“လုပ်ငန်းရှင် အကြီးကြီးတွေ ဆိုရင် တစ်ခါဆိုရင် ဧက ငါးသောင်း ခွင့်ပြုပါတယ်။ ပြီးရင်တော့ နောက်ထပ် သူတို့ ငါးထောင်၊ ငါးထောင် ဆီ ခွင့်ပြုမယ့် အလားအလာလည်း ထပ်ပြီး ရှိနေပါတယ်။ အဓိက ကတော့ ဒီ မြေလွတ် မြေရိုင်း ဥပဒေက ကျနော်တို့ ဒီ ဒေသခံ လုပ်ငန်းရှင်လေးတွေကိုတော့ ၁၀ ဧက လောက်ဘဲ သူက ပေးပါတယ်။ လုပ်ငန်းရှင်ကြီးတွေဆိုရင် မြေလွတ် မြေရိုင်းနဲ့ ကျနော်တို့ ငါးသောင်းအထိပေးပါတယ်။ အဲဒီ အပေါ် မှာ ကျနော်တို့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု လာတဲ့ အခါမှာလည်း အဲဒီလိုဘဲ ပေးမှာပါခင်ဗျ။ ပြီးတော့ ပြည်တွင်း လုပ်ငန်းရှင်ကြီးတွေ နဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမယ့် သူတွေရဲ့ အဓိက ကတော့ သူတို့ အတွက် ပြဌာန်းပေးတယ် လို့ ဆိုနိုင်ပါတယ်။”

စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို မြေလွတ်မြေရိုင်း လုပ်ကိုင်ခွင့်တွေ ချထားပေးလာတာက ဒေသခံတွေနဲ့ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်လို့လည်း ဦးဖေသန်းက ပြောပါတယ်။

“ဒေသခံတွေ အနေနဲ့ မိမိ ပတ်ဝန်းကျင်မှာလာပြီးတော့ ကုမ္ပဏီတွေ ပုဂ္ဂလိက အဖွဲ့အစည်းတွေက လာပြီး တော့ ရင်းနှီးမြုပ်နှံတဲ့ အခါမှာ သူတို့ရဲ့ ဓားမဦးချ လုပ်ကိုင် စားသောက်တဲ့ မြေတွေ၊ နောက်ပြီးတော့ ဒီ ကျေးရွာ ဘုံပိုင်မြေတွေ ပေါ့ဗျာ။ ဥပမာ ထင်းခုတ်မယ်။ ဝါးခုတ်မယ်။ သစ်ခုတ်မယ်။ နွယ်ဖြတ်မယ်။ အဲဒီ လို လုပ်ငန်းခွင် သုံး ပစ္စည်းတွေ အိမ်သုံး ပစ္စည်းတွေကို အဲဒါ အဲဒီ ဒေသတွေ ပါဝင်သွားတာပေါ့။ ဒေသခံတွေ လည်း တော်တော်ကို ဒုက္ခရောက်ပါတယ်။ ဒေသခံတွေကို ကာကွယ်ပေးမယ့် ဥပဒေတွေ အချက်အလက် တွေ လိုတာပေါ့။ နို့မို့ရင် ဒီ လုပ်ငန်းရှင်ကြီးတွေက အဲဒီ နေရာရောက်တော့ ဒေသခံတွေမှာ တော်တော့်ကို အကြပ် အတည်း ဖြစ်တာရှိပါတယ်။ တချို့ဆိုရင် တောမတက်ရ၊ တောတက်၊ တောင်တက် နေရာတောင် မရှိတော့ ဘူးဆို။ ကျွဲမြေ နွားမြေ လွှတ်ကျောင်းတဲ့ နေရာတွေ မရှိတော့ဘူး။ အဲဒီလို အခြေအနေမျိုး ဖြစ်သွားတဲ့ အခါမှာ သူတို့ အနေနဲ့ တော်တော်ကို ဒုက္ခရောက်တယ်။ အဲဒီတော့ ဘယ်လို ဖြစ်လာလဲဆိုတော့ လုပ်ငန်းရှင်နဲ့ ဒီ အောက်ခြေ ဒေသခံတွေ နဲ့ ပြဿနာဖြစ်လာတာပေါ့။”

တနလာင်္နေ့မှာဘဲ လွှတ်တော် အတည်ပြုလိုက်တဲ့ လယ်ယာမြေ ဥပဒေကြမ်းဟာလည်း လယ်သမားတွေရဲ့ လယ်ယာ ပိုင်ဆိုင်ခွင့်ကို ပေးမထားပါဘူး။ လယ်သမားတွေ အနေနဲ့ လယ်ယာ လုပ်ပိုင်ခွင့်ကို စည်းမျဉ်း စည်းကမ်းနဲ့ အညီ လွှဲပြောင်းခွင့် ရှိတယ်လို့ ဥပဒေမှာ ဖော်ပြထားပေမဲ့ အစိုးရက လိုအပ်ရင် သိမ်းဆည်း ခွင့် ရှိတယ်လို့ အတိအကျ ဖော်ပြထားပါတယ်။ လယ်ယာမြေ ဥပဒေမှာ စားကျက်မြေတွေ သတ်မှတ်ပေးဖို့ ဖြည့်စွက် ပြင်ဆင်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသား လွှတ်တော် အမတ် ဒေါက်တာ အေးမောင်က အခုလို ပြောပါတယ်။

“လယ်ယာမြေနဲ့ ပတ်သက်လို့ ခုနကလို မြေနုကျွန်းတို့၊ တခြား နှစ်ရှည်တို့၊ ယာတို့၊ တောင်ယာတို့၊ စပါးစိုက် တဲ့ လယ်မြေတို့ ဘာညာ ခွဲခြားတဲ့ အခါမှာ တိရစ္ဆာန်မွေးမြူရေးနဲ့ ပတ်သက်တဲ့ ကဏ္ဍတစ်ခုကိုလည်း ဥပဒေ အရ သတ်မှတ်တဲ့ နေရာမှာ မွေးမြူခွင့် ရှိရမယ် ဆိုတဲ့ ပုံစံ နဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး လယ်ယာ မြေ မှာ တကယ် တကယ် လယ်လုပ် ကိရိယာဖြစ်တဲ့ ခိုင်းကျွဲနွားတွေ တခြား လယ်လုပ် ကိရိယာ တွေ ကို ထားဖို့၊ သိုဖို့ အတွက် ထားခွင့်ပေါ့နော်။ ဟိုတုန်းကဆိုရင် Pasture ရှိတယ် ဗျ။ စားကျက်မြေ။ အခု စားကျက် မြေ လည်း ပျောက်ပျက်ကုန်ပါပြီ။ အဲဒါမျိုး ထားခွင့်ကို ကျနော်တို့ က မရခဲ့ပါဘူး။ ဒါပေမဲ့ လို့ လယ်ယာ မြေပေါ်မှာ ခုနကလို ဆန်စက်လို ဟာမျိုး စပါးလှောင်တဲ့ ဂိုဒေါင်ကြီးလိုဟာ မျိုး ဒါ တည်ထောင် ဆောက်လုပ် ထားတာ ခွင့်ပြုတဲ့ သဘော မို့လို့ ကျနော် အနေနဲ့ အဲဒါလေး ကိုတော့ ဆွေးနွေးခဲ့ပါတယ်။”

တနလာင်္နေ့ မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ မြေလွတ်မြေရိုင်း ဥပဒေကြမ်း၊ လယ်ယာမြေ ဥပဒေကြမ်းနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကြမ်းတွေကို အတည်ပြုခဲ့ကြပါတယ်။ ဒီဥပဒေတွေကို သမ္မတ လက်မှတ် ရေးထိုးပြီးရင်တော့ ဥပဒေ အဖြစ် ထွက်ပေါ်လာဖို့ရှိပါတယ်။ ဒီ ဥပဒေတွေမှာ လိုအပ်ချက်တွေတော့ အများ ကြီး ရှိနေပါတယ်။ လွှတ်တော် အမတ်တွေကတော့ ဒီဥပဒေတွေကို လက်တွေ့ ကျင့်သုံးလာတဲ့ အခါမှာ ပြည်သူ လူထုရဲ့ ထောက်ပြချက်နဲ့ လိုအပ်ချက်တွေကို လွှတ်တော်က ဆက်ပြီး ပြင်ဆင်သွားရအုံးမယ်လို့ ပြော ပါတယ်။

XS
SM
MD
LG