သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်သူလယ်သမား သမဂ္ဂစတင်ဖွဲ့စည်း


မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂတရားဝင်ဖွဲ့စည်းခြင်းအခမ်းအနား (ဓာတ်ပုံ- တောင်သူလယ်သမားသမဂ္ဂ fb/မတ် ၂၂၊ ၂၀၁၅)
မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂတရားဝင်ဖွဲ့စည်းခြင်းအခမ်းအနား (ဓာတ်ပုံ- တောင်သူလယ်သမားသမဂ္ဂ fb/မတ် ၂၂၊ ၂၀၁၅)

မြန်မာနိုင်ငံတွင်း အဓမ္မလယ်ယာမြေသိမ်းဆည်းခံရမှု၊ တောင်သူလယ်သမားတွေ တရားစွဲဆိုခံနေရမှုစတဲ့ ချိုးဖောက်ခံနေရတဲ့ လယ်သမား အခွင့်အရေးတွေကို တောင်းဆိုဖြေရှင်းနိုင်ဖို့အတွက် တောင်သူလယ်သမားထုကို ကိုယ်စားပြုတဲ့ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ အမြန်ဆုံး ဖွဲ့စည်းနိုင်ဖို့ အရေးကြီးတယ်လို့ လွှတ်တော် တောင်သူလယ်သမားရေးဆောင်ရွက်နေတဲ့ ကော်မရှင်တာဝန်ရှိသူက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ဒီကနေ့မှာပဲ ပြည်နယ်နဲ့တိုင်းအသီးသီးမှာ လယ်သမားသမဂ္ဂအဖွဲ့တွေ ပေါင်းစည်းပြီး မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ (ဗဟို)ကို တည်ဆဲဥပဒေနဲ့ အညီ တရားဝင် မှတ်ပုံတင်နိုင်ဖို့အတွက် သမဂ္ဂဗဟိုကို တရားဝင် ဖွဲ့စည်းလိုက်ကြပါတယ်။ အပြည့်အစုံကိုတော့ မဆုမွန် စုစည်းတင်ပြထားပါတယ်။

စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ တောင်သူလယ်သမားတွေရဲ့ နိမ့်ကျနေဆဲ လူမှုဘဝတွေကို မြှင့်တင်နိုင်ဖို့၊ လယ်သမားအကျိုးစီးပွား ကာကွယ် စောင့်ရှောက်နိုင်ဖို့နဲ့ တောင်သူလယ်သမားတွေ ကိုယ့်ရပိုင်ခွင့်တွေကို ကိုယ်တိုင်တောင်းဆိုနိုင်ဖို့ တောင်သူလယ်သမားထုကို ကိုယ်စားပြုတဲ့အဖွဲ့ တရားဝင် ရှိဖို့က သိပ်-အရေးကြီးတယ်လို့ လွှတ်တော်တွင်း မြေယာသိမ်းဆည်းခံရမှုတွေကို ဖော်ထုတ်ပေးနေတဲ့ ကော်မရှင်တာဝန်ရှိသူလည်းဖြစ်၊ တောင်သူလယ်သမားအရေး ဆောင်ရွက်နေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးဖေသန်းက ပြောဆိုပါတယ်။

မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂတရားဝင်ဖွဲ့စည်းခြင်းအခမ်းအနား (ဓာတ်ပုံ- တောင်သူလယ်သမားသမဂ္ဂ fb/မတ် ၂၂၊ ၂၀၁၅)
မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂတရားဝင်ဖွဲ့စည်းခြင်းအခမ်းအနား (ဓာတ်ပုံ- တောင်သူလယ်သမားသမဂ္ဂ fb/မတ် ၂၂၊ ၂၀၁၅)

"တနိုင်ငံလုံး လယ်သမားသမဂ္ဂ၊ ပြည်နယ်အလိုက်၊ တိုင်းဒေသကြီးအလိုက် တနိုင်ငံလုံး လယ်သမားသမဂ္ဂကို ကျနော်တို့ ဖွဲ့ဖို့က တော်တော့်ကို အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လယ်သမားဆိုတာ ကျနော်တို့နိုင်ငံရဲ့ ၇၀ % ခန့်ရှိတယ်။ လယ်သမားတွေက တစုတစည်းတည်း စုစည်းပြီးတော့ သမဂ္ဂလိုဟာမျိုး၊ အဖွဲ့အစည်းတခု ထူထောင်မယ်ဆိုရင် အဲ့ဒီ့သမဂ္ဂရဲ့နောက်မှာ၊ အဲ့ဒီ့အဖွဲ့အစည်းရဲ့နောက်မှာ လယ်သမားတွေအားလုံးကို စုပေါင်းမိပြီဆိုရင်တော့ ဘယ်အစိုးရဖြစ်ဖြစ်၊ အဲ့ဒီလယ်သမားကို ပမာမခန့်လုပ်လို့မရတော့ဘူး။ ခုနကလို လယ်သမားရဲ့အားကို လယ်သမားက ရယူတတ်ဖို့ လိုပါတယ်။ ဒါကြောင့် တနိုင်ငံလုံးရှိတဲ့ လယ်သမားတွေဟာ တခုတည်းသော အဖွဲ့အစည်း ဖွဲ့စည်းပြီးတော့ ကျနော်တို့ နိုင်ငံတော်အစိုးရကို ဖိအားပေးဖို့လိုပါတယ်။"

ဒါ့အပြင် လယ်သမားတွေအနေနဲ့ မြေယာဥပဒေပိုင်းဆိုင်ရာနဲ့ လယ်သမားအခွင့်အရေးတွေကို နားလည်သိရှိဖို့လိုအပ်တယ်လို့လည်း ဦးဖေသန်းက ပြောပါတယ်။

"အားနည်းချက် ဘယ်မှာရှိလဲဆိုရင်တော့ လယ်သမားတွေလက်ထဲမှာ အထောက်အထားတွေ မရှိတာပဲ။ လုပ်ငန်းရှင်တွေမှာ ဒါမှမဟုတ် မြေသိမ်းတဲ့ သူတွေကျတော့ လက်ထဲမှာ အထောက်အထားတွေ သူတို့မှာ ရှိကြတယ်။ ဒါပေမယ့် လက်ရှိ လက်ငုတ်ထက် မူလလက်ငုတ်ကို ကျနော်တို့ ကော်မရှင်အနေနဲ့ကတော့ ပိုပြီးတော့ ဂရုစိုက်ပါတယ်။"

လယ်သမားတွေဟာအဓမ္မ လယ်ယာမြေသိမ်းဆည်းခံရမှုတွေကို ကြုံနေယုံတင်မကဘဲ မြေယာသိမ်းခံရတဲ့ လယ်သမားတွေက သူတို့လယ်ယာမြေထဲ ပြန်ဝင်ပြီး ထွန်ယက်စိုက်ပျိုးတဲ့အခါ ပိုင်နက်ကျူးလွန်မှု၊ ဝတ္တရားနှောင့်ယှက်မှု စတဲ့ တရားစွဲဆိုမှုတွေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ဖွဲ့စည်းရေး ဆောင်ရွက်နေတဲ့ လယ်သမားအရေး လှုပ်ရှားသူ မစုစုနွေးက တောင်သူလယ်သမားတွေ လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲပြဿနာတွေကို ရှင်းပြပါတယ်။

"လောလောဆယ်ပေါ့နော်။ သူတို့မြို့နယ် အသီးသီးမှာ အဓိက ၄၄၇၊ ၄၂၇ ပုဒ်မတွေနဲ့ တရားစွဲထားတာရှိတယ်။ လယ်ယာမြေတွေကို သိမ်းထားတာကို တရားမျှတစွာနဲ့ ဖြေရှင်းဆောင်ရွက်ပေးမှုတွေ မရှိသေးတာတွေရှိတယ်။ အခု လယ်သမားတွေ စိုက်ပျိုးရေး စားရိတ်တွေကို ချေးတဲ့အခါမှာလည်း မိုးတွင်း ချေး၊ နွေပြန်ဆပ်တာမျိုး မဟုတ်ဘဲနဲ့ နှစ်စဉ်စီမံကိန်းနဲ့ ချေးဖို့အတွက် နောက်ပြီးတော့ လယ်ယာသုံးစက်ပစ္စည်းတွေကို အစိုးရက အရစ်ကျပေးတယ် ဆိုပေမယ့် လယ်သမားစစ်စစ်တွေလက်ထဲ မရောက်ဘဲနဲ့ မြို့နယ် ထွေအုပ်တွေနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ အကြောင်းပေါင်းသင့်တဲ့ တကယ့်ကို ပိုက်ဆံရှိတဲ့ လုပ်ငန်းရှင်တွေလက်ထဲကိုပဲ ရောက်သွားတယ်။ နိုင်ငံတော်ကနေပြီးတော့ ဒီစက်တွေကို လယ်သမားစစ်စစ်တွေ လက်ထဲရောက်အောင် ပေါ့နော် အစိုးရအနေနဲ့ တာဝန်ယူဆောင်ရွက်ဖို့ရယ်၊ ဦးစီးဌာနတွေရဲ့ တာဝန်မဲ့မှုတွေကြောင့် တောင်းဆိုနေရသလိုဖြစ်တယ်။ အဲ့ဒီ့ဥစ္စာတွေက အများဆုံး အခက်အခဲ တိုင်းနဲ့ပြည်နယ်တွေမှာ ပေါ်ပေါက်နေတယ်။"

အခုလို လယ်သမားတွေ ကြုံနေရတဲ့ အခက်အခဲတွေ၊ မပြေလည်မှုတွေကို အစိုးရဌာနတွေအပြင် လွှတ်တော်နဲ့ပါ တရားဝင် ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အရေး ပြည်နယ်နဲ့တိုင်းအသီးသီးမှာ တောင်သူလယ်သမားသမဂ္ဂအဖွဲ့တွေ ပေါင်းစည်းပြီး သမဂ္ဂဗဟိုကို မတ်လ ၂၂ ရက်နေ့ ရန်ကုန်မှာ တရားဝင် ဖွဲ့စည်းလိုက်ကြ ပါတယ်။ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ (ဗဟို)ကို တည်ဆဲဥပဒေနဲ့ အညီ တရားဝင်မှတ်ပုံတင်နိုင်ဖို့အတွက်လည်း ဆက်လက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ တောင်သူလယ်သမားသမဂ္ဂ (ဗဟို) ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူလိုက်တဲ့ မစုစုနွေးက ပြောပါတယ်။

မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂတရားဝင်ဖွဲ့စည်းခြင်းအခမ်းအနား (ဓာတ်ပုံ- တောင်သူလယ်သမားသမဂ္ဂ fb/မတ် ၂၂၊ ၂၀၁၅)
မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂတရားဝင်ဖွဲ့စည်းခြင်းအခမ်းအနား (ဓာတ်ပုံ- တောင်သူလယ်သမားသမဂ္ဂ fb/မတ် ၂၂၊ ၂၀၁၅)

"ဗဟိုအလုပ်အမှုဆောင်ဖွဲ့ပြီးတော့ နေပြည်တော်ကို အမတို့ ဖွဲ့စည်းပုံ မူကြမ်းတွေ၊ တောင်သူလယ်သမားသမဂ္ဂရဲ့ Logo (အမှတ်တံဆိပ်) ဘယ်လိုထားလဲ။ ဘာအရောင်တွေက ဘာကြောင့်ရွေးတယ်။ နောက် အလံပေါ့။ အလံက ဘာကိုကိုယ်စားပြုထားတယ်-ဆိုတာမျိုး လုပ်ငန်းစဉ်တွေပေါ့နော်။ အခန်း (၈) ခန်း အနေနဲ့ ဖွဲ့စည်းပုံမူကြမ်းကို ဆွဲတယ်။ မူကြမ်းကို ဆွဲပြီးတော့ မတ်လ ၂၁ ရက်နေ့မှာ တိုင်းနဲ့ပြည်နယ်အသီးသီးကတက်လာတဲ့ တောင်သူလယ်သမား သမဂ္ဂ ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းပုံမူကြမ်းကို ဘယ်ဟာတွေပြင်သင့်တယ်။ ဘယ်ဟာတွေကို ကြိုက်တယ် ဆိုတာမျိုးတွေနဲ့ အကြိတ်အနယ် ဆွေးနွေး တယ်။ ဆွေးနွေးပြီးတော့ လယ်သမားတွေရဲ့သဘောတူညီမှုနဲ့ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်တယ်။ ပြင်ဆင်ပြီးတော့ အားလုံးပေါ့။ ဖွဲ့စည်းပုံ မူကြမ်းကို အတည်ပြုလိုက်တယ်။ ဒီနေ့မနက် မတ်လ ၂၂ ရက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၃၂) ယောက်ကို ဗဟိုအလုပ်အမှုဆောင်အဖြစ် ရွေးချယ်တယ်။"

တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေးနှင့် မြှင့်တင်ရေးဥပဒေကို သမ္မတ လက်မှတ်ရေးထိုးပြဌာန်းပြီးဖြစ်ပေမဲ့ ထည့်သွင်းရန် ကျန်နေသေးတဲ့ နည်းဥပဒေတွေထဲမှာ တောင်သူလယ်သမားတွေအတွက် အကျိုးစီးပွားမြှင့်တင်ရေးအတွက် အဓိကလိုအပ်တဲ့ စိုက်ပျိုးချေးငွေ၊ ရင်းနှီးမတည်မှုတွေအပြင် သဘာဝ ဘေးအန္တရာယ်ကြုံကြိုက်လာတဲ့အခါမှာ လယ်သမားတွေရင်ဆိုင်ရမယ့် အခက်အခဲတွေ ပြေလည်နိုင်ဖို့အပါအဝင် တရားရင်ဆိုင်နေရဆဲ တောင်သူလယ်သမားတွေအတွက်ပါ အမှန်တကယ် ဥပဒေပိုင်းဆိုင်ရာ အကျိုးစီးပွား ကာကွယ်နိုင်ဖို့အရေး တောင်သူလယ်သမားတွေဘက်က တောင်းဆိုနေကြတာဖြစ်ပါတယ်။

XS
SM
MD
LG