သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လယ်သမားတို့ အမတော်ကြေး ရရေးခက်


မြန်မာနိုင်ငံမှာ လယ်ယာလုပ်ငန်း လုပ်ကိုင်နေတဲ့ လယ်သမား အများစုဟာ ရာသီဥတုကြောင့် သီးနှံပျက်စီးမှု အပါအဝင် အခက်အခဲ ပေါင်းများစွာကို ရင်ဆိုင်နေကြရတယ်လို့ လယ်သမား အသိုင်းအဝိုင်းက ပြောဆိုနေကြပါတယ်။

တဘက်မှာလည်း အစိုးရပိုင်းက လယ်သမားတွေကို လယ်ယာမြေ မှတ်ပုံတင်ပြီးမှသာ အမတော်ကြေး၊ ချေးငွေတွေ ထုတ်ချေးမယ်ဆိုတဲ့ပုံစံကို ပြောင်းလဲကျင့်သုံးတာ၊ မျိုးကောင်းမျိုးသန့်ဆိုတဲ့ နည်းပညာတွေကိုသုံးဖို့ တွန်းအားပေးတာတွေ ရှိနေတာကြောင့် လက်ရှိ မြန်မာ့လယ်ယာလုပ်ငန်းမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း ဆိုပါတယ်။

မြန်မာလယ်ယာ လုပ်ငန်းမှာ ဘယ်လို အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

၂၀၁၄ စိုက်ပျိုးကာလဟာလည်း မိုးဖျက်လို့ စပါးတွေ ပျက်စီးရမဲ့ကိန်း ဆိုက်နေပြီလို့ မြန်မာလယ်သမား အများစုက ပြောဆိုလာကြတာပါ။ ရာသီဥတု ပြဿနာတင်မကဘဲ စိုက်စရိတ်လို့ ခေါ်တဲ့ အမတော်ကြေး ထုတ်ချေးမှု အပိုင်းမှာလည်း ဒီနှစ်အတွက် မရသေးတဲ့ လယ်သမားတွေ အတော်များများလည်း ရှိနေတယ်လို့ လည်း လယ်စိုက်တောင်သူတွေက ဖွင့်ဟပြောဆိုပါတယ်။

လယ်ယာမြေ မှတ်ပုံတင်တဲ့ဥပဒေ ပေါ်လာပြီးတဲ့နောက်မှာ လယ်လုပ်သူတွေ အနေနဲ့ မိမိတို့ရဲ့ လယ်ယာမြေတွေကို မှတ်ပုံတင်တဲ့ ပုံစံ ၇ လို့ခေါ်တဲ့ အသိအမှတ်ပြု လက်မှတ်ပါမှသာ အမတော်ကြေးတွေကို ထုတ်ပေးဖို့ ရှိနေတဲ့အတွက် လယ်သမားတွေ အခက်အခဲ ဖြစ်နေရတဲ့အကြောင်း ထန်းတပင်မြို့နယ်မှာ နေထိုင်ပြီး နှစ် ၃၀ ကြာ လယ်ယာလုပ်ငန်း လုပ်ကိုင်ခဲ့တဲ့ လယ်သမား ကိုအေးမြင့်ကပြောပါတယ်။

“အဲဒီအခြေအနေက တောင်သူတွေက ဘယ်လိုအခက်အခဲ ရှိနေသလဲဆိုတော့ အခုအထိ စိုက်ပျိုးချေးငွေ မရသေးဘူး။ ဘယ်လိုမရသေးဘူးလဲဆိုတော့ နိုင်ငံတော် ကနေပြီးတော့ ပုံစံ ၇ ပေါ့နော်၊ ၁၀၅ လည်းခေါ်တယ်၊ ပုံစံ ၇ လည်း ခေါ်တဲ့ပေါ့နော်။ ၁၀၅ ခေါ် ပုံစံ ၇ ရှိတဲ့လူပဲ ထုတ်ပေးမယ်၊ မရတဲ့လူ ထုတ်မပေးဘူးဆိုပြီးတော့ အခုအချိန်အထိ လက်ထဲကို မရသေးဘူးပေါ့နော်။ ချေးငွေကတော့ အကိုတို့တောင်သူတွေကတော့ ကြွေးရှင်များတာပေါ့နော်။ တောင်သူဘဝက နိုင်ငံတော်က လုံလုံလောက်လောက် မထုတ်ပေးတဲ့အတွက်၊ အပြင်မှာယူရတဲ့အတွက် ကြွေးရှင်များလာတာပေါ့။”

ပုံစံ ၇ ပါမှ လယ်သမားတွေကို စိုက်စရိတ် ထုတ်ချေးဖို့ အစိုးရဘက်က စီစဉ်ထားပြီးတော့ ဒီပုံစံ ၇ ရဖို့ အခက်ကြီး မဟုတ်ပေမဲ့ လယ်ယာမြေ ပိုင်ဆိုင်မှုပိုင်း ရှင်းလင်းမှသာ ပုံစံ ၇ ထွက်တဲ့အတွက် လယ်သမား အများစုမှာ ဒီပြဿနာကို ရင်ဆိုင်နေရတဲ့ သဘောရှိတဲ့လို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဌ ဦးချစ်ခိုင်က ပြောပါတယ်။

“ပုံစံ ၇ ကို ပြနိုင်မှ၊ ဒါမှမဟုတ်ရင် မိတ္ထူနဲ့ပြရင် ရတယ်လို့လည်း ပြောသံကြား တယ်ပေါ့နော်။ အဲဒါကတော့ ပုံစံ ၇ ပြီးပြည့်စုံတယ် ဆိုရင်တော့လည်း ဒါကပြဿနာ မရှိပါဘူး။ မပြီးတဲ့ နေရာတွေမှာတော့ ပြဿနာ အခက်အခဲ ရှိနိုင်တာပေါ့။ နည်းနည်း ခက်သလားဆိုတော့ process ကတော့ တကယ်လုပ်ရင်တော့ မခက်ဘူးပေါ့လေ။ သို့သော်လည်း ဧရိယာကလည်း ကျယ်တယ်၊ များတယ်။ နောက်တခုကလည်း သူတို့က ပိုင်ဆိုင်မှုကလည်း clear ဖြစ်ဖို့ လိုတာပေါ့နော်၊ ကာယကံရှင်တွေဘက် က။”

နောက်ထပ် လယ်သမားတွေ အတွက် စိန်ခေါ်မှု တခုကတော့ ရာသီဥတု ပြဿနာ ဖြစ်ပါတယ်။ ဒီ ၂၀၁၄ မိုးရာသီ မှာလည်း မြန်မာနိုင်ငံအနှံ မိုးကြီး ရေလျှံမှုတွေ ဖြစ်တဲ့အတွက် စိုက်ပျိုးထားတဲ့ စပါးတွေဟာ အထွက်တိုးဖို့ထက် အပျက်အစီး များမယ်ဆိုတဲ့ သတင်းလည်း ရရှိနေပြီလို့ ဦးချစ်ခိုင်က ဆက်ပြောပါတယ်။ လယ်သမားတွေ အတွက်တော့ စိုက်စရိတ်ပြသနာ၊ လယ်လုပ်မယ့်သူတွေ တစ်စတစ်စ ရှားပါးလာတဲ့ ပြဿနာ အပါအဝင်၊ ကြွေးမှီတဲ့ ရင်ဆိုင်ရတဲ့ ပြဿနာတွေ ရှိနေချိန်မှာပဲ တစ်ဖက်မှာတော့ နည်းပညာ သုံးပြီး စိုက်ဖို့နဲ့ မျိုးကောင်းမျိုးသန့်သုံးဖို့ အစိုးရ ဝန်ကြီးဌာနဘက်က တိုက်တွန်း နေတာလည်း ဖြစ်ပါတယ်။

“ဒီမှာနည်းပညာပိုင်းကျတော့လည်း သူတို့က မိရိုးဖလာနည်း သုံးတာများတာကိုး။ နောက်ပြီးတော့ ကျနော်တို့ဘက်ကလည်း drive လုပ်တာက တကယ်တမ်း မျိုးကောင်းမျိုးသန့်တွေ သုံးပြီးတော့ တကယ့်ကို စက်မှုလယ်ယာစနစ်ကို ရောက်အောင်ပေါ့ဗျာ၊ အဲဒီလို target နဲ့သွားတာဆိုတော့ ကုန်ကျစရိတ်ကလည်း နည်းနည်းများလာတာတော့ ရှိတာပေါ့နော်။”

လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနရဲ့ စိုက်ပျိုးစီမံကိန်းဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူးတဦး ပြောသွားခဲ့တာပါ။ ၁၉၈၈ နောက်ပိုင်းကစလို့ မြန်မာလယ်ယာ စိုက်ပျိုးရေး လောကဟာ ကောင်းတစ်လှည့် ဆိုးတစ်လှည့် ဖြစ်နေခဲ့ပေမဲ့ ၂၀၁၀ ကာလ နောက်ပိုင်းမှာတော့ လယ်သမားတွေအတွက် အကျပ်အတည်းဆုံး ကာလဖြစ်တယ်လို့လည်း လယ်စိုက်တောင်သူတွေက ညီးတွားကြပါတယ်။ လယ်ယာစိုက်ပျိုးရေးကို ဦးစားပေးတဲ့ နိုင်ငံလို့ အစိုးရက မကြာကြာပြောတဲ့ မြန်မာနိုင်ငံအတွင်းမှာ လယ်မရှိတော့တဲ့ လယ်သမားတွေ ကတော့ သူတို့ရဲ့ လယ်မြေတွေ ပြန်ရရေး လမ်းပေါ်ထွက် ဆန္ဒပြနေရချိန်မှာပဲ တစ်ဘက်က လယ်ရှိနေပေမဲ့ စိုက်ပျိုးစရိတ် အပါအဝင် တခြားအခက်အခဲတွေ ရင်ဆိုင်နေရတဲ့ တောင်သူတွေကလည်း ဒုနဲ့ဒေး ပြဿနာ ကိုယ်စီ ရင်ဆိုင်နေရတယ်လို့ လယ်သမားအရေး လေ့လာစောင့်ကြည်သူ တစ်ဦး ဖြစ်တဲ့ ကိုဝင်းဇော်လတ်က ပြောပါတယ်။

“မြေသိမ်းခံရတဲ့ လယ်သမားပေါ့၊ နောက်တခုကတော့ လက်ရှိပေါ့ မြေရှိနေတယ်၊ မြေရှိပြီးတော့မှ ကိုယ့်ဟာကိုယ် လယ်ထဲမှာ လုပ်နေတာပေါ့။ ခုနက မြေမရှိတော့တဲ့ လယ်သမားကတော့ သူတို့မြေရဖို့အတွက်ကို ရုန်းကန်နေရတာနဲ့ ထောင်တွေဘာတွေကျ၊ အချုပ်တွေဘာတွေ ခံရပြီးတော့၊ တရားစွဲခံရတာတွေ ဘာတွေနဲ့ ရင်ဆိုင်နေရတာပေါ့လေ။ သူတို့ကတော့ လမ်းပေါ်ကကို မဆင်းတော့ဘူးပေါ့လေ။ ခုနက မြေရှိတဲ့လူတွေကျတော့လည်း တနေ့တခြား ကျွဲတွေနွားတွေက ရှားပါးလာတယ်။ နောက်တခုက စိုက်ပျိုးစရိတ်တွေကလည်း များလာတယ်။ နောက်ရာသီဥတုကလည်း ဖောက်ပြန်လာတာပေါ့နော်။ နောက်တဖက်မှာ ကျတော့လည်း စပါးဈေးကလည်း ကျနော်တို့က အကန့်အသတ်နဲ့ပဲ ရောင်းနေရတယ်။ အနေအထားတခုအထိ၊ ပမာဏ တခုလောက်အထိမှာပဲ ငြိမ်ငြိမ်သွားပြီးတော့၊ တနှစ်ထက်တနှစ် စပါးဈေးက တက်မလာဘူး၊ ကျန်တဲ့ ကုန်ဈေးနှုန်းတွေက တက်လာပေမဲ့ စပါးဈေးက တက်မလာဘူးပေါ့။ အဲဒီလို အနေအထားမျိုးမှာ အထွေထွေစရိတ် ကြီးမြင့်မှုကို ထွက်ကုန်ကို ရောင်းချရတဲ့ငွေနဲ့က မကာမိတော့ဘူး။ အဲဒီတော့ တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ လယ်သမားတွေက ဘာဖြစ်လာသလဲဆိုတော့ ဆင်းရဲတွင်း နက်လာတာပေါ့လေ။”

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ပြီးစီးသွာတဲ့ အစိုးရရဲ့ ၄ လပတ် အစည်းအဝေးတွေအတွင်းမှာ မြန်မာနိုင်ငံရဲ့ လယ်ယာကဏ္ဍ တိုးတက်ရေး လုပ်ငန်းတွေ အဆင်ပြေစေဖို့ မူဝါဒတွေ ချမှတ်ပြီး လုပ်ဆောင်ပါလို့ သမ္မတ ဦးသိန်းစိန်က တိုက်တွန်း သွားတာကိုလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ လယ်ယာကဏ္ဍ တိုးတက်ရေးအတွက်ဆိုပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေ ဖြစ်တဲ့ FAO လိုအဖွဲ့အစည်းတွေက ကူညီပေးနေသလို၊ ဂျပန်နိုင်ငံက JICA လို အဖွဲ့အစည်းတွေ QUICA လို အဖွဲ့တွေကလည်း နည်းပညာ အကူအညီတွေ ပေးနေပေမဲ့ လယ်သမား အများစုအနေနဲ့ လက်တွေ့ ထိရောက်အောင် အကောင်အထည်ဖော်ဖို့ ရုန်းကန်နေရဆဲ ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

XS
SM
MD
LG