သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဥက္ကလာနဲ့ မင်္ဂလာဒုံ မြေသိမ်းခံ လယ်သမား ၁၀၀ ကျော် ဆန္ဒပြ


ဗုဒ္ဓဟူးနေ့က လယ်သမားတွေ ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
ဗုဒ္ဓဟူးနေ့က လယ်သမားတွေ ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
ရန်ကုန်တိုင်း မြောက်ဥက္ကလာပနဲ့ မင်္ဂလာဒုံမြို့နယ်တွေက လယ်မြေအသိမ်းခံထားရတဲ့ လယ်သမားတွေကနေ သိမ်းဆည်းခံ လယ်မြေတွေကို လွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ကွင်းဆင်းစစ်ဆေးဖို့နဲ့ ပလပ်မြေ၊ ပြီးတော့ စီမံကိန်း မလုပ်ဖြစ်သေးတဲ့ မြေတွေကို အစိုးရက မူလပိုင်ရှင်တွေလက်ထဲ ပြန်ပေးဖို့ ပြင်ဆင်လာချိန်မှာ အရင် စစ်အစိုးရဟောင်းနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေ၊ ရပ်ကွက်အာဏာပိုင်တွေက အလွဲသုံးစားလုပ်နေတာတွေကို တားမြစ်ပေးဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုကျော်ထင် က ရန်ကုန်ကနေ သတင်းပေးပို့ခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းမှာပဲ မင်္ဂလာဒုံနဲ့ မြောက်ဥက္ကလာပမြို့နယ်က လယ်သမား ၁၀၀ ကျော်က လယ်ယာမြေ သိမ်းယူထားတာတွေ တရားမျှတဖို့ ပိုစတာ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး မင်္ဂလာဒုံမြို့နယ်၊ ကျိုက်ကလို့ ဘုရားရှေ့မှာ စုဝေးပြီး ရွှေနံ့သာ လယ်မြေတွေထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ရွှေပေါက်ကံမြို့နယ်က လယ်သမားကြီး ဦးသောင်းလွင်က လယ်မြေတွေ ပြန်ရဖို့အခြေအနေမှာ ရပ်ကွက်အာဏာပိုင်ဟောင်းတွေက အကွက်ရိုက် ရောင်းစားနေကြတယ်လို့ ဆိုပါတယ်။

“ဇေကမ္ဘာကုမ္ပဏီနဲ့ ဆက်စပ်လျက်ရှိတဲ့ မြောက်ဥက္ကလာပမြို့နယ်၊
ရွှေပေါက်ကံမြို့သစ် လယ်မြေများမှာ ၉၀-၉၁တုန်းက သိမ်းထားတဲ့ မြေတွေပေါ်မှာ သူတို့ စီမံကိန်းများ လုပ်တယ်။ စီမံကိန်းလွတ်မြေတွေကို ကျနော်တို့ လယ်သမားများ ဆင်းရဲမွဲတေမှု ပပျောက်နိုင်အောင် ပြန်ပေးမယ်ဆိုပြီး မြေယာစုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်သိန်းလင်းနဲ့ ဦးကျော်မြင့်တို့က လာရောက်စစ်ဆေးသွားတဲ့ခါ
မြေပေါ်မှာ ကျန်နေတဲ့ မြေများကို လယ်သမားများ ပြန်လည် အကျိုးသက်ရောက်မှုရှိအောင် ပြန်လည်ပေးဖို့ ကျူးကျော်များ မဝင်ရောက်နိုင်အောင် ခြံစည်းရိုးများကာပြီး တဲများဆောက်ပြီးတော့ စောင့်ရှောက်ပါလို့ သက်ဆိုင်ရာလူကြီးတွေကိုရော လယ်သမားတွေကိုရော အကုန်လုံးကို သူတို့ မိန့်ကြားခဲ့ပါတယ်။ အဲဒီအတိုင်း ကျနော်တို့ဘက်က ဆောင်ရွက်တဲ့နေရာမှာ ကျနော်တို့ ရွှေပေါက်ကံက ယခင် ရယက ဦးဝင်းမြင့်နဲ့ ဦးအောင်မြင့်၊ နောက် ၁၂ ရယကတာဝန်ခံတို့က
မြေကွက်တွေပေါ် ကျူးကျော်အိမ်တွေကို တကွက် ၂၀-၃၀ နှုန်း၊ ၁၀၀ နှုန်းနဲ့ ရောင်းစားပြီး သူတို့က အိုးအိမ်ဦးစီးရဲ့ ခွင့်ပြုမိန့်နဲ့ ရောင်းတာလို့ လယ်သမားတွေကို နှင်ထုတ်ပြီး သူတို့ မြေတွေကို ရောင်းစားလို့ ကျူးကျော်တဲများကို လာစစ်တဲ့အချိန်မှာ အရင်က တဲအလုံးရေ ၇၅ လုံးကနေ အခုအလုံး ၂၀၀ ကျော် ရောင်းချပြီးသွားပါပြီ။ အဲဒါကို သက်ဆိုင်ရာကနေ ခင်ဗျားတို့ တားပါဆိုလို့တားတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးနဲ့ အာဏာပိုင်တွေက တားခြင်းမရှိတဲ့အတွက် ဒီလိုပွဲမျိုးဆောင် ရွက်ရခြင်းဖြစ်ပါတယ်။”

မြောက်ဥက္ကလာနဲ့ မင်္ဂလာဒုံမြို့နယ်တို့မှာ အသိမ်းခံထားရတဲ့ လယ်မြေတွေအတွက် လယ်သမားတွေက နိုင်ငံတော်သမ္မတရုံးကို ပြီးခဲ့တဲ့နှစ်ကတည်းက စာရင်းဇယား အတိအကျနဲ့ တိုင်ကြားမှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူးက လယ်သမားတွေဘက်က ရပ်တည်ပေးမယ်လို့ ကတိပြုခဲ့ကြောင်း လယ်သမားအရေး ကူညီသူတွေက ပြောပါတယ်။

မြောက်ဥက္ကလာနဲ့ မင်္ဂလာဒုံမြို့နယ်တို့မှာ အသိမ်းခံထားရတဲ့ လယ်မြေတွေ ပြန်ရဖို့ ကူညီနေတဲ့ ဦးနေမျိုးဝေကတော့ တရားဥပဒေကြောင်းအရ တင်ပြ ပြောဆိုနေတဲ့ကြားက လယ်ယာမြေ အလွဲသုံးစားမှုတွေ ဖြစ်နေတာကြောင့် ဆန္ဒထုတ်ဖော်ရတာလို့ ဆိုပါတယ်။ မြောက်ဥက္ကလာနဲ့ မင်္ဂလာဒုံမြို့နယ်တို့မှာ စီမံကိန်းအမည်တပ်ပြီး ဇေကမ္ဘာကုမ္ပဏီက သိမ်းထားတဲ့ လယ်မြေတွေ ဧက ထောင်ကျော် ရှိတယ်လို့ ဦးနေမျိုးေ၀ က ပြောပါတယ်။

အခုလို ဆန္ဒပြတာဟာ လယ်မြေပြန်ရချင်တာကြောင့်လို့ လယ်သမားတွေက ပြောပါတယ်။

“ဘယ်သူမှ လုပ်ခိုင်းလို့ မဟုတ်ပါဘူး။ ကျနော်တို့ လယ်သမားတွေ ရမလားလု့ိ ဇေကမ္ဘာကို မျှော်နေတာ ဇေကမ္ဘာက နှစ်ကိုချီလာပါပြီ။ ကျနော်တို့ လယ်သမားတွေ ခံစားခွင့်လေးတွေ လျှော်ကြေးလေးတွေ ပေးမလား လို့ မျှော်နေတာ မနေနိုင်လို့ ကျနော်တို့ လယ်သမားတွေ စုပေါင်းပြီးတော့ ဒီလုပ်ငန်းကို လုပ်ဆောင်ဖို့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့စည်းအသီးသီးကို ခွင့်ပြုမိန့်တောင်းပြီးတော့ ဥပဒေပုဒ်မ ၅ အရ ခွင့်ပြုချက်နဲ့အညီ ဒီဥစ္စာကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်”

မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်ကို ၁၉၈၉ ခုနှစ်ဆန်းပိုင်းက အရာခံဗိုလ်နဲ့ အဆင့်မြင့် စစ်အရာရှိ အငြိမ်းစားတွေအတွက် ပေ ၄၀X၆၀ မြေကွက်တွေကို ချထားပေးခဲ့တာဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးခင်ရွှေက စက်မှုဇုံ၊ ဂေါက်ကွင်း၊ အဆင့်မြင့် အိမ်ယာစီမံကိန်းတွေကို ရင်းနှီးမြှုပ်နှံထားပါတယ်။
XS
SM
MD
LG