သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

CNN သတင်းထောက် အိမ်ဖြူတော်သတင်းယူခွင့် တရားသူကြီး ဆုံးဖြတ်မည်


CNN အိမ်ဖြူတော် သတင်းထောက် Jim Acosta
CNN အိမ်ဖြူတော် သတင်းထောက် Jim Acosta

အိမ်ဖြူတော်မှာ သတင်းယူခွင့် ပိတ်ပင်ခြင်းခံရတဲ့ CNN သတင်းထောက် Jim Acosta အနေနဲ့ သမ္မတအိမ်တော်ဝင်းအတွင်း အနည်းဆုံး သတင်းယူခွင့် ယာယီရရှိနိုင်ရေးနဲ့ ပတ်သက်လို့ ပြည်ထောင်စု တရားသူကြီးတဦးက ကြာသာပတေးနေ့ ညနေပိုင်းမှာ ဆုံးဖြတ်မယ်လို့ ပြောပါတယ်။ ခရိုင်တရားသူကြီး Timothy Kelly က ဒီဆုံးဖြတ်ချက်ကို ဗုဒ္ဓဟူးနေ့ တညတာ စဉ်းစားပြီး ကြာသာပတေးနေ့ ဆုံးဖြတ်ပေးမယ်လို့ ဆုံးဖြတ်ပေးမယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဒါအပြင် CNN က တရားရုံးတော်မှာ လျောက်ထားတဲ့ ယာယီ အနှောင့်အယှက်ပေးမှုဟန့်တားတဲ့ မေတ္တာရပ်ခံချက်ကိုလည်း သူက ထုတ်ပြန်ပေးဖို့ရှိပါတယ်။

CNN ရှေ့နေ Ted Boutrous က အိမ်ဖြူတော်အနေနဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ Acosta ကို မေးခွန်းမေးခွင့် မပြုခြင်းအပါအဝင် အခြားနည်းလမ်းတွေနဲ့ သူ့ကို ကိုင်တွယ်နိုင်တယ်လို့ တရားသူကြီး Kelly ထံလျောက်ထားပါတယ်။ အစိုးရရှေ့နေတွေကတော့ Acosta ရဲ့ အပြုအမူဟာ အိမ်ဖြူတော်မှာ စည်းကမ်းရှိတဲ့ သတင်းစာရှင်းလင်းပွဲကျင်းပနိုင်ရေးကို အဟန့်အတားဖြစ်စေနိုင်တယ်လို့ ချေပပြောဆိုပါတယ်။

ဒါအပြင် အိမ်ဖြူတော်မှာ သတင်းယူခွင့် ကဒ်ပြား ရရှိထားတဲ့ CNN က အခြားသတင်းထောက် ၅၀ လောက်ရှိတဲ့အတွက်လည်း အခုလို ပြုလုပ်ခြင်းအားဖြင့် CNN ရဲ့သတင်းယူမှုကို ထိခိုက်နိုင်ဖွယ်မရှိကြောင်းလည်း လက်ထောက်အစိုးရရှေ့နေချုပ် James Burnham ကပြောပါတယ်။

အခုလို CNNရဲ့ တရားစွဲဆိုမှုကို သူတို့ရဲ့ ပြိုင်ဘက် Fox News အပါအဝင် သတင်းဌာနကြီးတွေ အများအပြားက ထောက်ခံ ပံ့ပိုးပေးမယ်လို့ ကြေညာကြပါတယ်။

အိမ်ဖြူတော် သတင်းထောက်တွေ အလုပ်လုပ်ခွင့်အတွက် ထောက်လှန်းရေးက ထုတ်ပေးထားတဲ့ ဝင်ထွက်ခွင့် ကပ်ပြားကိစ္စကို လက်နက်သဖွယ် ဘယ်တော့မှ အသုံးမပြုသင့်ဘူးလို့ Fox သတင်းဌာနဥက္ကဌ Jay Wallace က သူ့ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

CNN သတင်းဌာနက သမ္မတအိမ်ဖြူကို တရားစွဲတဲ့ကိစ္စ အောင်မြင်ရေးအတွက် Bloomberg ၊ USA Today ၊ AP နဲ့ တခြား သတင်းဌာနကြီးတွေ စုပေါင်းပြီး ရှင်းလင်းထောက်ပြချက် တစောင် တရားရုံးကို တင်သွင်းမယ်လို့ လည်း ကြေညာထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတ Trump ကတော့ သူတို့ဘက်က နိုင်သင့်ကြောင်းနဲ့ တရားရုံးက ဘယ်လိုဆုံးဖြတ်မယ် ဆိုတာ ကြည့်ကြရမှာပေါ့လို့ ပြောခဲ့သလို၊ တစုံတယောက်က မေးခွန်းတွေကိုပဲ စပြီး အော်ဟစ်မေးနေပြီး မထိုင်ပဲ လုပ်နေတာမျိုးဟာ သတင်းလွတ်လပ်ခွင့်လို့ ခေါ်သလား လို့ သူက ပြန်မေးခွန်းထုတ်ခဲ့ပါတယ်။

အမေရိကတိုက် အလယ်ပိုင်းကလူတွေ အမေရိကန်နိုင်ငံထဲ လာနေတာကို သမ္မတက ကျူးကျော်သူလို့ သုံးနှုန်းတဲ့ အပေါ် CNN သတင်းထောက် Jim Acosta က စိန်ခေါ် မေးခွန်းထုတ်ခဲ့ ပြီးတဲ့နောက် Jim Acosta ရဲ့ အိမ်ဖြူတော် သတင်းယူခွင့် ကဒ်ပြားကို Trump အစိုးရက ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG