သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတရဲ့ လွှတ်တော်ဖျက်သိမ်းခွင့် ဖွဲ့စည်းပုံပြင်ရေးကော်မတီ အကြံပြု


ပြည်ထောင်စုလွှတ်တော်
ပြည်ထောင်စုလွှတ်တော်

အပြည်ထောင်စုလွှတ်တော်ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ကော်မတီရဲ့ အစီရင်ခံစာထဲမှာ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ လိုလားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ အချက်အလက်တွေကို ပယ်ချထားပြီး၊ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ပိုပြီးတိုးပေးဖို့ အကြံပြုချက်တွေ ထည့်သွင်းထားပါတယ်။

ဖွဲ့စည်းပုံကို ဒီမိုကရေစီနည်းကျအောင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ့်အစား၊ စစ်တပ်ကဏ္ဍကို တိုးပေးလိုက်တာကြောင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေအတွက် စိုးရိမ်စရာဖြစ်ရတယ်လို့ အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူတွေဘက်က ယူဆပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စု လွှတ်တော်နာယကရဲ့ အမိန့်နဲ့ ဖွဲ့စည်းပေးခဲ့တဲ့ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီရဲ့ အစီရင်ခံစာထဲမှာ ပြည်သူတွေနဲ့ ဒီမိုကရက်တစ် အင်အားစုတွေ ပြင်ဆင်လိုတဲ့ ပုဒ်မ အတော်များများကို ပြင်ဆင်မပေးထားတာကို တွေ့ရတယ်လို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေက ပြောဆိုလာတာပါ။ အောက်တိုဘာလ ၂၂ ရက်နေ့က တင်ပြခဲ့တဲ့ အဲဒီအစီရင်ခံစာထဲမှာ ကော်မတီထဲမှာပါဝင်တဲ့ တပ်မတော်သားတွေရဲ့တင်ပြထားချက်အရ အများပြင်ဖို့ လိုလားနေတဲ့ ပုဒ်မ ၄၃၆ နဲ့ ပုဒ်မ ၅၉ ကိုလည်း မူလအတိုင်းထားဖို့ တင်ပြထားတာကို တွေ့ရတယ်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။

ဒါ့အပြင် ဒီကော်မတီရဲ့ အစီရင်ခံစာထဲမှာ စစ်တပ်ရဲ့အခန်းကို လျှော့ချမပေးတဲ့အပြင် ကာလုံရဲ့အခန်းကဏ္ဍကို ပိုပြီး မြှင့်တင်ချင်တဲ့ အချက်တွေကိုတောင် ဖော်ပြထားတဲ့အတွက် လွှတ်တော်တွင်းဆွေးနွေးတဲ့အချိန် အချေအတင် ဆွေးနွေးမှုတွေထိ ရှိလာနိုင်တယ်လို့ ဦးလှဆွေက ပြောပါတယ်။

“တပ်မတော်ရပ်တည်ချက်က ၄၃၆ (က၊ ခ) လုံး၀ ပြင်စရာ မလိုပါဘူး။ မူလအတိုင်းထားရန်လို့ သူတို့ရေးပါတယ်။ အဲ့ဒီလွှတ်တော်မှာ နင်လား ငါလား debate လုပ်ပြီး ဆွေးနွေးတဲ့အခါကျရင် ဘာကြောင့် သူတို့ ဒါကိုမပြင်ချင်သလဲဆိုတာကို အဲ့ဒီကျမှ သူတို့။ အခုတင်ပြတာက သမ္မတကတဲ့ မဏ္ဍိုင်ကြီး ၃ ရပ်က နည်းနည်းလေး clash ဖြစ်လာလို့ရှိရင် ကာလုံကို သဘောထားမှတ်ချက်တောင်းပြီးတော့ လွှတ်တော်ကို ဖျက်သိမ်းခွင့်ရှိတယ်ဆိုတဲ့ အချက်ကို သူတို့ ထပ်ဖြည့်တာတွေ ဘာတွေ သူတို့ လုပ်ပါတယ်။ ဆိုတော့ သူများနိုင်ငံတွေမှာ ကျနော်ကြားဖူးတာက လွှတ်တော်ကနေ သမ္မတကို အယုံအကြည်မရှိ အဆိုတင်သွင်းပြီးတော့ ဖြုတ်ချတာမျိုးတော့ ကြားဖူးတယ်။ သမ္မတကနေမှ အယုံအကြည်မရှိလို့ လွှတ်တော်တခုလုံးကြီးကို ဖြုတ်ချပစ်တယ်ဆိုတာမျိုးတော့ ကျနော် မကြားဖူးဘူး။ ဒါကတော့ ကျနော်က နည်းနည်း ထူးဆန်းနေတယ်လို့ ဒါမျိုးတွေတော့ ပါတာပေါ့နော်။”

အခုတင်ပြလာတဲ့ အစီရင်ခံစာကို လေ့လာကြည့်မယ်ဆိုရင် တိုင်းရင်းသားအင်အားစုတွေနဲ့ နိုင်ငံရေး အင်အားစုတွေက ပြင်ဆင်ဖို့ လိုလားနေတဲ့ အဓိကပုဒ်မ ၉၅ ခုကိုလည်း စစ်တပ်ဘက်က ပြင်ဖို့ မလိုလားဘူးဆိုတာကို တွေ့ရတယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာအကဲဖြတ် ဒေါက်တာ ရန်မျိုးသိမ်း က ပြောပါတယ်။

“လက်ရှိ အခြေအနေမှာ တပ်မတော်က လွှတ်တော်ကိုယ်စားလှယ်တွေက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို လုံး၀ သဘောမတူတဲ့ သဘောမျိုးရှိတယ်။ နောက်ပြီးတော့ ပုဒ်မ ၅၉ ပြင်ဆင်ရေးကိုလည်းပဲ သဘောမတူတဲ့ အနေအထားမျိုးရှိတယ်။ ယေဘုယျအားဖြင့်ပြောရင်ပေါ့လေ ဖွဲ့စည်းပုံအခြေခံဥပဒေ အဓိကပုဒ်မ ၉၅ ခု ပြင်ဆင်ရေးကို တပ်မတော်ဘက်ကနေပြီးတော့ သဘောမတူတဲ့ပုံစံမျိုးတွေ တွေ့နေရတယ်။”

မေး။ ။ ဒါဆို တိုင်းရင်းပြည်သူတွေက ပြင်ဆင်ချင်တဲ့ အချက်တွေကို ပြင်မပေးနိုင်ဘူးဆိုတဲ့ သဘော ဖြစ်နေတဲ့အတွက် အခြေခံဥပဒေ ပြင်ဆင်ရေး အကျပ်အတည်းမျိုးနဲ့ ရင်ဆိုင်လာရနိုင်မယ်လို့ ယူဆတာလားခင်ဗျ။

ဖြေ။ ။ “အဲ့ဒီအခါကျတော့ အတိုက်အခံနိုင်ငံရေးအင်အားစုတွေနဲ့ တိုင်းရင်းသား ပြည်သူလူထုက ပြင်ချင်တာကလည်း ဒီအဓိကပုဒ်မ ၉၅ ခုကို ပြင်ချင်တာ။ အဲ့ဒီအခါကျတော့ တကယ်လို့သာ ပြည်ထောင်စုလွှတ်တော်ထဲမှာ မဲခွဲပြီး ဆုံးဖြတ်မယ်ဆိုလို့ရှိရင် ဒီတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက မထောက်ခံရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ ရှုံးနိမ့်တဲ့သဘောမျိုး ဖြစ်နေတာကို တွေ့ရတယ်။ အဲ့ဒီအခါကျတော့ အဲ့ဒီလို အနေအထားမျိုး ကြုံလာလို့ရှိရင် ကျနော်တို့နိုင်ငံမှာ ကြုံတွေ့နေရတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်းကို ကျနော်တို့ ကျော်လွှားနိုင်ဖို့ ခက်ခဲမယ်လို့ မြင်တယ်။”

အတိုင်အခံပါတီကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ စစ်တပ်ရဲ့အခန်းကဏ္ဍကို ဖွဲ့စည်းပုံထဲမှာ လျှော့ဖို့ တောင်းဆိုနေပေမဲ့ လျှော့မပေးတဲ့အပြင် ပိုပြီး တိုးလာတဲ့အတွက် ဒီမိုကရေစီ ကူးပြောင်းရေးအတွက် စိုးရိမ်မကင်း ဖြစ်ရတယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော့်အမြင်တော့လေ တပ်မတော်က လွှတ်တော်တွင်း ပါဝင်နေတာကိုက ဥပဒေအရတော့ ဥပဒေနဲ့အညီလို့တော့ သူတို့ပြောလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ တရားမျှတမှုမရှိတဲ့ အခွင့်အရေးယူမှုလို့ပဲ ကျနော်တို့ မြင်ပါတယ်။ အခု မဆုတ်ဘဲနဲ့ ထပ်ပြီး တိုးလာတဲ့အတွက်လည်း အန်ကယ်လ်တို့အနေနဲ့တော့ စိုးရိမ်မိတယ်။ ဘာအတွက် စိုးရိမ်သလဲဆိုတော့ ဒီမိုကရေစီရေးအတွက် စိုးရိမ်မိတယ်။ အဲ့ဒါပါပဲ။”

စစ်အစိုးရက ကမကထလုပ်ပြီး ရေးဆွဲပေးခဲ့တဲ့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာဆိုရင် ပုဒ်မပေါင်း ၄၅၇ ခုနဲ့ ဇယား ၅ ခု ပါရှိနေတာပါ။ ဒီထဲကမှ အရေးကြီးဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံ အလွယ်တကူ ပြင်ဆင်နိုင်ရေးနဲ့ ပတ်သက်တဲ့ ပုဒ်မ ၄၃၆ ကို အဓိကပြင်ဖို့ ပြည်သူ ၅ သန်းက လက်မှတ်ထိုးပြီး လွှတ်တော်ကို တင်ပြ တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။

ဖွဲ့စည်းပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်ကို လေ့လာကြည့်မယ်ဆိုရင်တော့ အကောင်အထည်ဖော်ကော်မတီက ပြည်ထောင်စုလွှတ်တော်မှာ အစီရင်ခံစာတင်ပြ၊ ပြီးတဲ့အခါမှာ ဒီကော်မတီရဲ့ တင်ပြမှုတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ ဝိုင်းဆွေးနွေး၊ ပြီးရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်းတရပ် ရေးဆွဲ၊ ပြည်ထောင်စုလွှတ်တော်ကို ပြန်တင်ပြပြီးတော့မှ ဆွေးနွေးမှုတွေ ထပ်လုပ်မှာဖြစ်တဲ့အတွက် အပိုင်း ၂ ပိုင်း ကွဲနေတဲ့ သဘောလည်း ရှိနေပါတယ်။

ဒီအဆင့်တွေဆောင်ရွက်နေချိန် လွှတ်တော်ထဲမှာ ပါဝင်နေတဲ့ စစ်တပ်ရဲ့ကိုယ်စားလှယ်တွေက ပြင်ဆင်ရေးကို ကန့်ကွက်မယ်ဆိုရင် ၇၅ ရာခိုင်နှုန်း မပြည့်တော့တဲ့အတွက် အခက်အခဲတွေ ရှိလာဦးမယ်လို့လည်း မြန်မာ့ အရေး လေ့လာသူတွေက ရှုမြင် သုံးသပ်နေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG