တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မူကြမ်းကို လက်မှတ်ထိုးပြီးကြချိန်မှာပဲ ကချင်ပြည်နယ်အတွင်း ပစ်ခတ်မှုတွေဖြစ်လာတာဟာ နှစ်ဘက် ယုံကြည်မှုကို ထိခိုက်စေတယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဝေဖန်လိုက်ပါတယ်။ စစ်ရေးတင်းမာနေဆဲ ကချင်ပြည်နယ်တွင်းမှာ အမှန်တကယ် ငြိမ်းချမ်းရေးရဖို့ဆိုရင် နှစ်ဘက်တပ်တွေအပစ်ရပ်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ နှစ်နဲ့ချီ တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ်တွင်း စစ်ပြေးဒုက္ခသည်တွေအရေး ကချင်ပြည်နယ်အစိုးရဘက်က စီမံကိန်းချ ကူညီဆောင်ရွက်ပေးနေတယ်လို့ ကချင်လူမှုဝန်ကြီးကပြောပါတယ်။ ကချင်ပြည်နယ်တွင်း နောက်ဆုံးရအခြေအနေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။
အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြား တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ် အပြီးသတ်လက်မှတ်ထိုးဖို့ လုပ်ဆောင်နေ ချိန်မှာပဲ အခုရက်ပိုင်းအတွင်းမှာကို ကချင်ပြည်နယ် ဗန်းမော်ခရိုင်ထဲမှာတော့ ကချင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ပြန်ဖြစ်နေတာ ဖြစ်ပါတယ်။ ယုံကြည်မှုတည်ဆောက်နေချိန် ဒီလိုတိုက်ပွဲတွေပြန်ဖြစ်လာနေတာဟာ နှစ်ဘက်ယုံကြည်မှုကို လျော့ကျစေတယ်လို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ တာဝန်ရှိသူ ဦးလမိုင်ဂွမ်ဂျာက ပြောဆိုလိုက်ပါတယ်။ စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ နှစ်ဘက်တပ်တွေ အပစ်ရပ်ဖို့လိုတယ်လို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။
“ဘာပဲဖြစ်ဖြစ် အခုချိန် ငြိမ်းချမ်းရေးမူကြမ်းတောင် ရေးဆွဲထားပြီးတဲ့အချိန်မှာ ဘာပဲဖြစ်ဖြစ် နေရာအနှံ့မှာပေါ့လေ - တိုက်ပွဲမဖြစ်တာတော့ အကောင်းဆုံး ပေါ့ဗျာ။ ဒါပေမယ့်လည်း တပ်ဘက်ကတော့ သစ်တွေလိုက်ဖမ်းတယ်ဆိုပြီး အကြောင်းပြုပြီးတော့ တိုက်ပွဲတွေက ခနခန ပြန်ဖြစ်နေတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးမှလည်း ပဋိပက္ခငြိမ်းချမ်းရေးအဖွဲ့ကနေပြီးမှ စစ်ဘက်ဆိုင်ရာ အစိုးရအဖွဲ့ကို စာနဲ့လှမ်းအကြောင်းကြားထားတာတော့ ရှိတယ်ဗျ။”
စစ်ဖြစ်နေဆဲကချင်ဒေသတွင်းက စစ်ဘေးဒဏ်သင့်ဒေသတွေကို မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့၊ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းအဖွဲ့ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးဖို့ကိစ္စ နှောင့်နှေးနေတဲ့အချိန်မှာပဲ နှစ်ဘက် ကချင်ငြိမ်းချမ်းရေး ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တွေအနေနဲ့လည်း ဒီလကုန်မှာ ပြန်လည်တွေ့ဆုံဆွေးနွေးကြဖို့ရှိတယ်လို့လည်း ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။
“အခု ဂျွန်လဆန်းလောက်မှာ ပြန်တွေ့ဖို့ရှိတယ်ဗျ။ အခုလောလောဆယ်တော့ ဒီပြဿနာ တကယ်လို့များ ကြီးကြီးမားမားဖြစ်လာလို့ရှိရင်တော့ ဒါတော့ တလတကြိမ် တွေ့မယ်ဆိုရင် အရေးပေါ်ဆွေးနွေးတာတော့ ပြန်လုပ်ဖို့တော့ ရှိတာပေါ့။ ဒါပေမယ့် ကြီးကြီးကျယ်ကျယ် ကြီးကြီးမားမားဖြစ်တာတော့ လောလောဆယ် မရှိသေးဘူးဗျ။”
နှစ်ရှည်စစ်ဘေးဒဏ်ကို ခံစားနေကြရတဲ့ ကချင်ပြည်သူတွေ အပါအဝင် တိုင်းရင်းဒေသတွေက စစ်ဘေးဒုက္ခသည်တွေအရေးနဲ့ စစ်ဒဏ်သင့်ခဲ့တဲ့ဒေသတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အမြန်အကောင်ထည်ဖော်နိုင်ရေး စစ်မှန်တဲ့ငြိမ်းချမ်းရေး တည်ဆောက်ကြပါလို့လည်း ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ကချင်လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက မေတ္တာရပ်ခံပါတယ်။
“ငြိမ်းချမ်းရေးကတော့ တကယ်ပီပြင်တဲ့ငြိမ်းချမ်းရေးကတော့ အနှေးနဲ့အမြန် ရဖို့ သင့်နေပါပြီလို့ ကျမအနေနဲ့ ဒီလိုပဲ ပြောချင်ပါတယ်။ ဒါက ကျမ တဦးတည်းရဲ့ ခံစားချက်ပါ။”
ကချင်ပြည်နယ်တွင်း အစိုးရထိန်းချုပ်ရာနယ်မြေအတွင်းက ကချင်စစ်ပြေးဒုက္ခသည်တွေအတွက် ကချင်ပြည်နယ်အစိုးရဘက်က ကူညီ ဆောင်ရွက်ပေးနေတဲ့အခြေအနေကိုလည်း ကချင်လူမှုရေးဝန်ကြီးက အခုလိုရှင်းပြပါတယ်။
“များသောအားဖြင့်က INGO ရယ်၊ UN ရယ်ပေါ့နော် - NGO ရယ်ပေါ့။ သူတို့ကပဲ ကချင်ပြည်နယ်အစိုးရဘက်ကနေပြီးတော့မှ ခွင့်ပြုချက်ယူပြီးတော့မှ အထူးသဖြင့် ICRC တို့၊ မြန်မာနိုင်ငံ Red Cross လုပ်တာတွေက တော်တော်လေးကို သူတို့က ထိရောက်တဲ့အပိုင်းတွေတော့ ရှိပါတယ်ရှင့်။ KIA ထိန်းချုပ်တဲ့ နယ်မြေပဲဖြစ်ဖြစ်၊ ကျမတို့ထိန်းချုပ်တဲ့နယ်မြေပဲဖြစ်ဖြစ်- ကျမတို့က peace process က ပြီးသွားတယ်ဆိုရင်ကတော့ ဒါ နိုင်ငံတကာ အဖွဲ့ အစည်းရော၊ ပြည်ထောင်စုအဆင့်ရော၊ ပြည်နယ်အဆင့်ရော ဒါမျိုး ဆောင်ရွက်ဖို့ဆိုတာ နဂိုရ်ကတည်းက အစီအစဉ်က ရှိပြီးသားပါရှင့်။”
အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT အကြားမှာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA အပြီးသတ်လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးနေချိန်မှာပဲ ကချင်ဒေသအပါအဝင် တိုင်းရင်းသားဒေသအချို့မှာ စစ်ရေးတင်းမာနေဆဲဖြစ်လို့ ဒုက္ခသည်တွေ နေရပ်ရင်းအိမ်ပြန်နိုင်ရေးက အခက်တွေ့နေဆဲ ဖြစ်ကြောင်း စစ်ပြေး ဒုက္ခသည်အရေးကူညီပေးနေသူတွေက ပြောပါတယ်။