သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်းတောင် Lucky Man ဟိုတယ် KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်


တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဖားကန့်မြို့နယ် ဆိုင်းတောင် Lucky Man ဟိုတယ်မြင်ကွင်း (အောက်တိုဘာ ၈၊ ၂၀၂၄)
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဖားကန့်မြို့နယ် ဆိုင်းတောင် Lucky Man ဟိုတယ်မြင်ကွင်း (အောက်တိုဘာ ၈၊ ၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်မှာရှိတဲ့ ဟိုတယ်တခုမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ တလလောက်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး အခုနောက်ဆုံး ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေ အထိအခိုက်အကျအဆုံးနဲ့ ဖမ်းဆီးခံရသူတွေ ရှိတယ်လို့လည်း သတင်းတွေ ထွက်နေပေမဲ့ KIA ကတော့ အသေးစိတ်မသိရသေးကြောင်း ပြောပါတယ်။ ကချင်ပြည်နယ်က ကျောက်စိမ်းထွက်ရာ ဖားကန့်ဒေသ စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

ဖားကန့်မြို့နယ် ဆိုင်းတောင်က Lucky Man ဟိုတယ်မှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေဟာ စက်တင်ဘာလ ၇ရက်နေ့တည်းက တိုက်ပွဲစတင်ခဲ့တာပါ။ ပြီးခဲ့တဲ့ သတင်းပတ်အတွင်းက တိုက်ပွဲတွေတွေ ခေတ္တငြိမ်သက်နေခဲ့ပေမဲ့ ဒီလ ၆ရက်နေ့မှာတိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာပြီး ဒီကနေ့မှာတော့ KIA နဲ့ ပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းယူလိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိအခိုက် အကျအဆုံး ရှိခဲ့ကြောင်း ဒေသခံတယောက်က ဗွီအိုအေကို ပြောပါတယ်။

“ ဒီမနက်ပိုင်းမှာ ဆိုင်းတောင်က Lucky Man ဟိုတယ်ကို KIA၊ KPDF ပူးပေါင်းအဖွဲ့က အပြီးသတ် ၂၀ကျော်သေတယ်။ ၂၀ကျော်လည်း အရှင်မိတယ်။ စစ်ကောင်စီက အယောက် ၅၀ကျော်လောက် တပ်စွဲထားတာပေါ့။ စစချင်း သူတို့က ဟိုတယ်ဝန်ထမ်းအယောက် ၂၀၀ေလောက်ကို ဓါးစာခံ ဖမ်းထားတော့ တိုက်ရခက်နေတာပေါ့။ စစ်ကောင်စီကို တိုက်ရခက်နေတာပေါ့။ ပြီးရင် Lucky Man ဟိုတယ် ဘေးက KTV က ဘန်ကာလို့ ဖြစ်နေတာပေါ့။ အဲဒီတိုက်ပွဲက စက်တင်ဘာ ၇ရက်နေ့ကနေ စတာ။ တလနဲ့ တရက်အကြာမှာ အပြီးသတ် သိမ်းလိုက်ပြီပေါ့နော်။ လောလောဆယ် အဲဒီ Lucky Man ဟိုတယ် မီးလောင်နေပြီပေါ့နော်။ ”

တလကျော် ကြာမြင့်တဲ့ ဒီတိုက်ပွဲအတွင်း လက်နက်ကြီး ထိတာ၊ လေကြောင်းက တိုက်ခိုက်တာတွေကြောင့် အရပ်သား ၅၀ခန့်သေဆုံးရသလို ဒဏ်ရသူလည်း များပြားကြောင်းနဲ့ နေအိမ် ၄၀၀ခန့် မီးလောင်ပျက်ဆီးခဲ့ကြောင်း ပြောပါတယ်။

လောလောဆယ် တိုက်ပွဲဖြစ်ပွားရာ ဆိုင်းတောင်ဝန်းကျင်က ဒေသခံတွေနဲ့ ဖားကန့်မြို့ပေါ်က ပြည်သူတွေ သောင်းနဲ့ချီ တိမ်းရှောင်နေရပါတယ်။ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကတော့ ဆိုင်းတောင်တိုက်ပွဲနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ ဖားကန့် ဆိုင်းတောင် Lucky Man ဟိုတယ်အခြေအနေကတော့ မနေ့က ညကတည်းကနေ ပြန်ပြီးတော့ ဝင်တိုက်တယ်။ ဒီမနက် မိုးလင်းတဲ့အချိန်မှာကတော့ စကစတွေကလည်း ထွက်လာပြီးမှ တိုက်ပွဲတွေ ဖြစ်တယ်။ ဆိုတော့ အခုနောက်ဆုံးကတော့ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ အသေးစိတ်ကတော့ မရသေးပါဘူး။”

ဒီရက်ပိုင်းအတွင်း ကချင်ပြည်နယ် ချီဖွေဘက်မှာ စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေသလို မိုးမောက်၊ ဗန်းမော်ဘက်မှာလည်း တိုက်ပွဲဖြစ်ပွားတာတွေ ဆက်ရှိနေတယ်လို့ ပြောပါတယ်။

“ ချီဖွေဘက်မှာလည်း စစ်ကြောင်းတွေကတော့ ရှိတယ်။ တင်းမာတဲ့အနေအထားလို့ ပြောရမှာပေါ့။ အဲဒီ ဘက်မှာလည်း။ တိုက်ပွဲကတော့ မကြားရသေးပါဘူး။ နောက် မိုးမောက်၊ ဗန်းမော်ဘက်ကလည်း တိုက်ပွဲက တော့ ဆက်ရှိနေတယ်။ ဒါပေမဲ့ မနေ့ကနဲ့ ဒီနေ့ အခထိအချိန်ကတော့ သတင်းကတော့ မတက်ဘူး။”

ဒီကနေ့ မနက်ပိုင်းမှာပဲ စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ထပ်မံ သိမ်းပိုက် လိုက်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဗိုလ်မှုးကြီးနော်ဘူကတော့ အဲဒီဒေသဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စစ်ဒေသဖြစ်နေတာကြောင့် KIA ပြန်ကြားရေးဌာနကို သတင်းပေးပို့တာ မရှိကြောင်း ပြောပါတယ်။

“ လူမှုကွန်ရက်မှာတော့ အဲလိုတော့ တွေ့ရတယ်။ ကျနော်တို့ KIO သတင်းဌာနအနေနဲ့တော့ Confirm လုပ်ပေးနိုင်တဲ့ဟာတော့ မရှိဘူး။ဘာကြောင့်လဲဆိုတော့ အဲဒီဘက်ကတော့ NUG ရဲ့ စစ်ဒေသ ဖြစ်နေတာ။ ကျနော်တို့ဆီမှာ သတင်းပေးဖို့ သတင်းကွန်ရက်တွေ မရှိဘူး။ ကျနော်တို့ အထူး ဆက်သွယ်မှ ရမှာပါ။ ”

ပင်လည်ဘူးတိုက်ပွဲကတော့ သြဂုတ်လလည်ပိုင်းက စတင်ဖြစ်ပွားနေတာဖြစ်ပြီး အခုဆိုရင် ၂လနီးပါး ကြာမြင့်လာနေပြီဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသဘက်မှာ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာကြောင့် ပင်လည်ဘူးမြို့သိမ်းတဲ့သတင်းကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်ရှိ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ပင်လည်ဘူးတိုက်ပွဲသတင်းကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG