သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်ဒေသ တိုက်ပွဲတွေကြား ဒေသခံ ၁၀ ဦးထက်မနည်းသေဆုံး 


ဖားကန့်မြို့
ဖားကန့်မြို့

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့ကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဖြစ်ပွားရာက ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နယ်ခံတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံထောင်ချီ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့လည်း ပြောပါတယ်။ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကြောင့် ထင်ရှားတဲ့ ဖားကန့်ဒေသ စစ်ရေးတင်းမာမှု အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကိုအခြေခံပြီး တင်ပြထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) နဲ့ ဂျန်ကပ်ရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့ ပြီးခဲ့တဲ့ သီတင်းပတ်ကစ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ တိုက်ပွဲတွေအတွင်း ဒေသခံ ၁၀ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း နယ်ခံတွေကပြောပါတယ်။

"စက်တင်ဘာ ၇ရက်နေ့ညက ဆိုင်းတောင်ရွာကိုစစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာပေါ့နော်။ စစ်ကြောင်းထိုးလာပြီး ဆိုင်းတောင်ရွာက Lucky Man ဟိုတယ်မှာ တပ်စွဲထားတာပေါ့ တပ်စွဲထားပြီးဝန်ထမ်းတွေဆိုရင်ဖမ်းထားတာပေါ့ အပြင်မထွက်ခိုင်းဘူး။ ၇ရက်နေ့မနက်မှာလည်း လူ ၄ယောက်ပစ်သတ်ထားတယ် လမ်းသွားလမ်းလာ ပြည်သူ ၄ယောက်ပစ်သတ်ထားတာရှိတယ်။ စစ်ကောင်စီကပေါ့ လူငယ် ၄ယောက်ပေါ့။ အဲလိုအခြေအနေရှိတယ်။ ၈ရက်နေ့ကနေ ၈၊ ၉၊ ၁၀ ဒီနေ့ထိတိုက်ပွဲပြင်းထန်နေတုန်း ၄ရက်ရှိပြီ လောလောဆယ်ပြည်သူတွေ သေဆုံးတာ ၇ယောက်တော့ပုံရထားပြီပေါ့နော်။ အဲထပ်မကနိုင်ဘူး ဒဏ်ရာ ရထားတာလည်းများတယ်။ လက်နက်ကြီးတွေအပြန်လှန်ပစ်ခတ်လို့ ပြည်သူနေအိမ်ထိခိုက်ပျက်ဆီးတာအများကြီးရှိတယ်။ သေဆုံးတာက ၁၀ယောက်မက ဘူးလည်းပြောတယ်။ လောလောဆယ်ပုံရထားတာ ၇ယောက်ရှိတယ်။ အဲလိုရှိတယ်။"

တိုက်ပွဲတွေနဲ့ ထိခိုက်သေဆုံးမှုတွေအတွက် ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးသလို၊ စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ လက်ရှိမှာတော့ ဆိုင်းတောင်ရွာ အဝင်အထွက်လမ်းအားလုံးကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်-ဆိုင်းတောင်လမ်းပိုင်း၊ ဆန်းကြွယ်စက်လှေဆိပ်၊ မမုံ၊ ကျောက်တူးတောင်စက်လှေဆိပ် စတဲ့ ဆိုင်းတောင်ကိုဝင်ရောက်လာနိုင်တဲ့လမ်းကြောင်းတွေ အကုန်ပိတ်ခံထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်နက်ကြီးကျည်ကျတာတွေကြောင့် ဆိုင်းတောင်ရွာတွင်းနဲ့ ရွားနီးစပ်ဆန်းကြွယ်၊ မော်တောင်း၊ ယူမာစတဲ့ ရွာတွေကိုပါ ကျရောက်ခဲ့တာတွေရှိပြီး ဒဏ်ရာရသူတွေတိုးလာနေတယ်လို့ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့တဲ့ ဆိုင်းတောင်ရွာက Lucky Man ဟိုတယ်မှာ ဟိုတယ်ဝန်ထမ်းတွေနဲ့အရပ်သားတချို့ပိတ်မိနေတယ်လို့လည်း ပြောပါတယ်။ ပိတ်ဆို့၊ ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ရေးအတွက် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဆောင်သူတဦးဖြစ်တဲ့ ယွပ်ဇော်ခေါင် သွားရောက်ညှိုနှိုင်းချိန်မှာ ပစ်ခတ်ခံခဲ့ရပြီး ပေါင်မှာဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒဏ်ရာအခြေအနေနဲ့ပတ်သတ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ကိုကော စစ်ကောင်စီပြောခွင့်ရဆီကိုကော ဗွီအိုအေက ဆက်သွယ်ပေမယ့် ပြန်လည် တုံ့ပြန်ပြောဆိုတာမရှိခဲ့ပါဘူး။

လက်ရှိတိုက်ပွဲအခြေအနေတွေနဲ့ပတ်သတ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ဖားကန့်မြို့နယ်ထဲက တိုက်ပွဲအခြေအနေ အသေးစိတ်ကို သေချာမသိရသေးဘူးလို့ ပြောပါတယ်။ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဆောင်သူတဦးဖြစ်တဲ့ ယွပ်ဇော်ခေါင် ထိခိုက်မှုကိုတော့ အတည်ပြုပါတယ်။

"လောလောဆယ်တိတိပပ သတင်းမရသေးဘူး။ ဒီနေ့ထိလည်းတိုက်ပွဲပြင်းထန်နေတယ်လို့ကြားရပါတယ်။ အဲဟိုတယ်မှာပေါ့လေနော်။ ဝိုင်းထားတဲ့ ဟို တယ်မှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ကြားရပါတယ်။ မြေပြင်အခြေအနေကိုတော့မေးထားတုန်းဘဲဖြစ်ပါတယ်။ ယွပ်ဇော်ခေါင် ထိတာကတော့ ခြေ ထောက်မှာနည်းနည်းထိတာပါ။ ထိတာကလည်းစကစဘက်ကလည်း လက်နက်ကြီးနဲ့ပစ်လို့မိုင်းစထိတယ်ပြောတယ်။ ဘယ်ဘက်ပေါင်မှာထိတာပေါ့ သူပုံ တွေဘာတွေတင်ထားတာကြည့်ရတာပေါ့လေ"

တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာပါ။

"သူတို့ကတော်တော်များများကနန့်မှော်ဘက်၊ ဆိုင်းအောင်ဘက်ပြေးကြတာပေါ့နော်။ ကဘော၊ ဂေါင်ဆမ် ဘက်ပြေးကြတာပေါ့။ တချို့ကဖားကန့်ဘက် ပြေးတာတွေရှိတယ်။ တော်တော်များများလူထောင်ဂဏန်းရှိတယ်။ တချို့ကျတော့နေအိမ်မှာဘဲအိမ်စောင့်အနေနဲ့ကျန်နေတာရှိတယ်။ လက်နက်ကြီးကျ လက်ပစ်ဗုံးကျဆိုတော့ပြေးနေရတာပေါ့နော်လောလောဆယ်တော့ နေအိမ်တွေလည်းထိတယ်သေတာဒဏ်ရာရတာတွေလည်းရှိတယ်။ အကုန်လုံး ကြောက် နေရတာပေါ့နော် အခြေအနေတွေတော်တော်ရှုပ်ထွေးနေတယ်။ "

ဒီနှစ် မတ်လဆန်းလောက်က စတင်ကာ ကချင်ပြည်နယ်တွင်းနေရာတော်တော်များများ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်လာနေတာပါ။ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ မြို့လှ၊ ဆင်ဘိုမြို့၊ မိုးမောက်နဲ့နယ်စပ်ကုန်သွယ်ရေးမြို့ ကန်ပိုက်တည်အပြင် ရှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့တို့ကို ပါ စစ်ကောင်စီက လက်လွှတ်ခဲ့ရပြီး အတိုက်အခံ လက်နက်ကိုင်အင်အားစုတွေ ထိန်းချုပ်ထားကြောင်း ကြေညာထားပါတ်ယ။ ဖားကန့်မှာတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ရက်ကနေစပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး တချို့နေရာတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားကြောင်းလည်း ပြောဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG