သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးမောက် အခြေစိုက် စစ်ကောင်စီစခန်း KIA သိမ်းပိုက် 


မိုးမောက် ခမရ (၄၃၇) ကို KIA သိမ်းပိုက်ခဲ့ (ဩဂုတ် ၁၉၊ ၂၀၂၄)
မိုးမောက် ခမရ (၄၃၇) ကို KIA သိမ်းပိုက်ခဲ့ (ဩဂုတ် ၁၉၊ ၂၀၂၄)

ကချင်ပြည်နယ်ရဲ့ ဗျူဟာမြောက် အရေးပါတဲ့ မိုးမောက်မြို့နယ်က စစ်ကောင်စီစခန်းကို တလနီးပါးကြာထိုးစစ် ဆင်ပြီးနေုက် မနေ့ညနေပိုင်းမှာ ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ သိမ်းယူလိုက်ပြီဖြစ်ကြောင်း KIA ပြောခွင့်ရက ဗွီအိုအေကိုပြောပါတယ်။ အနီးအနားမှာရှိနေတဲ့ ကချင်ရဲ့ ဒုတိယမြို့တော် ဗန်းမော် ကို ဆက်ပြီးထိုးစစ်ဆင်နိုင်ဖို့ KIA ဘက်က အသာစီးရသွားတဲ့ အခြေအနေမျိုးဖြစ်နေပြီး သိမ်းပိုက်ခဲ့တဲ့ ခမရ (၄၃၇) တပ်စခန်းကနေ တင့်ကား ၃စီးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရမိပြီး နယ်မြေရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေတယ်လို့လည်း သူက ပြောပါတယ်။ ကချင်ပြည်နယ်က စစ်ရေး နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေဟာ မိုးမောက်မြို့နယ်က ခမရ (၄၃၇) တပ်စခန်းကို ဇူလိုင်လ ၂၄ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာပါ။ ဒီလ ၁၉ရက်နေ့ တနင်္လာနေ့က ခမရ (၄၃၇) တပ်စခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက အခုလို ဗွီအိုအေကို အတည်ပြု ပါတယ်။

“ မနေ့က ညနေပိုင်း ၃နာရီ မိနစ် ၄၀လောက်မှာ ဖြစ်ပါတယ်ခင်ဗျ။ တလနီးပါးလောက်ရှိပါပြီ။ ၄၃၇ ဆိုတာကတော့ တပ်ရင်းနံမည်နဲ့ ပြောတော့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီ ၄၃၇ ထဲမှာ သူတို့ တပ်ရင်းပေါင်းကတော့ ၁၂ခုလောက် ပါတယ်ခင်ဗျ။ တော်တော်များများရှိတယ်။ အဲဒါကို ကျနော်တို့ အချိန်ယူပြီးမှ တိုက်လို့ အခုလို သိမ်းရတာဖြစ်ပါတယ်။ စစ်အင်အားတောင်မှ ၅၀၀ နီးပါးလောက်ရှိတဲ့ တပ်ရင်းဖြစ်ပါတယ်ခင်ဗျ။ ”

အထိအခိုက်အကျအဆုံးနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းကိုတော့ အသေးစိတ်မသိရသေးကြောင်း နဲ့ စခန်းသိမ်းယူပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ ရှိကြောင်းလည်း ဆက်ပြောပါတယ်။

“ အသေးစိတ်ကတော့ မသိဘူးနော်။ ဒါပေမဲ့ တင့်ကားတွေလည်း သိမ်းလို့ ရတယ်လို့ ပြောတယ်။ ၃စီးလောက် ရတယ်လို့ ပြောတယ်။ လက်နက်ခဲယမ်းတွေကတော့ မနေ့ကတော့ အလက် ၃၀ ဝန်းကျင်လောက် ရတယ်လို့ပြောတယ်။ ဒါပေမဲ့ အသေးစိတ်ကတော့ မသိဘူးပေါ့နော။ အခုလည်း နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေပါတယ်။ မပြီးသေးဘူးပေါ့။ နယ်မြေရှင်းလင်းရေးလုပ်တာကတော့ မပြီးသေးဘူး။ သိမ်းတဲ့နောက်ပိုင်းမှာတောင်မှ သူတို့ စစ်သားတွေ ထွက်ပြေးဖု့ိ လမ်းကြောင်း ရှင်းတာမျိုးတို့၊ နောက် သူတို့ ထားခဲ့တဲ့ ပစ္စည်းတွေကို ဖျက်ဆီးတဲ့သဘောမျိုးနဲ့လည်း သူတို့ ၄၃၇ စခန်းထဲမှာလည်း တော်တော် ဗုံးကြဲတယ်လို့ ရှေ့တန်းသမားတွေက ပြောပါတယ်။”

ခမရ (၄၃၇) တပ်စခန်းဟာ မြစ်ကြီးနား -ဗန်းမော်ကားလမ်းကို စိုးမိုးထားတဲ့ အရေးပါတဲ့ တပ်စခန်းဖြစ်သလို ဗန်းမော်မြို့ လုံခြုံရေးအတွက်လည်း အရေးကြီးတဲ့ စခန်းဖြစ်ကြောင်းလည်း ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ မြစ်ကြီးနား- ဗန်းမော်ကားလမ်းဘက်က ကြည့်ရင်တော့ တော်တော် အရေးကြီးတဲ့ စခန်းဖြစ်ပါတယ်။ ဗန်းမော်နဲ့လည်း သူက ၆မိုင်လောက်ပဲ ဝေးတယ်ဆိုတော့ ဗန်းမော်ရဲ့ လုံခြုံရေးအတွက်လည်း အင်မတန် အရေးကြီးတဲ့ စခန်းတခုဖြစ်ပါတယ်။ နောက်မိုးမောက်မြို့နယ်အတွက်လည်း သူကတော့ အရေးကြီးတဲ့ လုံခြုံရေးစခန်းတခုဖြစ်ပါတယ်ခင်ဗျ။”

ဒီစခန်းဟာ ဗန်းမော်- မိုးမောက်- လွယ်ဂျယ်ကို ဆက်သွယ်ထားတဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းပေါ်မှာ တည်ရှိနေတာပါ။ ဒေသတွင်း သတင်းမီဒီယာအချို့ကတော့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရာနဲ့ချီရှိပြီး သုံ့ပန်းဖမ်းဆီးရ မိတာတွေရှိသလို လက်နက်ခဲယမ်းတွေလည်း အများအပြား သိမ်းဆည်းရမိကြောင်း ဖော်ပြထားပါတယ်။

ဒီလ ၁၅ရက်နေ့ကတော့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်က လုံခြုံရေးအတွက် အရေးပါတဲ့ စစ်ကောင်စီရဲ့ လမောင်နဲ့ တောမှော်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက သိမ်းယူခဲ့ပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဒီနှစ် မတ်လ ၂၇ ရက်နေ့က စတင်ပြီး ဌာနချုပ်လိုင်ဇာအနီးက စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့ရာက နောက်ပိုင်းမှာ မြစ်ကြီးနား- ဗန်းမော် ကားလမ်းတကြောက တပ်စခန်းတွေကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါတယ်။

လောလောဆယ်မှာတော့ ဆွမ်ပရာဘွမ်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆဒုံး၊ ၊ မိုးမောက်၊ မံစီ၊ ဖားကန့် စတဲ့မြို့နယ်တွေက တပ်စခန်းပေါင်း ၂၀၀ခန့်လောက်ကို သိမ်းယူထားပြီး ဗန်းမော်မြို့ကိုပါ စစ်ရေးအရ ခြိမ်းခြောက်လာနေတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

ကချင်ပြည်နယ်အတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေအပါအ၀င် မိုးမိတ်က စခန်းကျသွားတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG