ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်အနီးက နေရာ ၄နေရာကို ဒီကနေ့မနက် အစောပိုင်းမှာ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KIO ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ လေကြောင်းက တိုက်ခိုက်ချိန်မှာ တရုတ်နိုင်ငံဘက်က အချက်ပြ သတိပေးတာတွေ ရှိခဲ့ကြောင်းလည်း ပြောပါတယ်။ လားရှိုးမြို့မှာတော့ တိမ်းရှောင်နေသူ ဒေသခံပြည်သူအချို့ နေရပ်ပြန်တာတွေရှိနေပေမဲ့ အများစုကတော့ လေကြောင်းရန်ကို စိုးရိမ်တာကြောင့် မပြန်ရဲဘဲ ရှိနေပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသက နောက်ဆုံးရသတင်းတွေကို ရန်ကုန်က ပေးပို့ထားပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေချိန် ဒီကနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် အနီးက နေရာ ၄နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဒီကနေ့မနက်အစောပိုင်း လေကြောင်းတိုက်ခိုက်မှုကို KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို အခုလို ပြောပါတယ်။
“ မနေ့က ညသန်းခေါင်အကျော် ၁၂နာရီ၊ ၁နာရီအချိန်လောက်မှာပေါ့နော်။ Y12 လို့ ယူဆရတဲ့ လေယာဉ်နဲ့ ဗုံးကြဲတာရှိပါတယ်ခင်ဗျ။ အဓိကကတော့ ဟို မိုင်ဆပ်ပါဆိုတဲ့ကျေးရွာဘက်မှာ ခရစ်ယာန်ဘုရားကျောင်း မှာလည်း ဗုံးကျပါတယ်။ နောက် ပြည်သူလူထု အိမ်တလုံးမှာလည်း ကျပြီးမှ ကိုယ်ဝန်ဆောင် မိခင်တဦးကတော့ ဒဏ်ရာရတာ ရှိပါတယ်။ နောက် မုန်လိုင်ခက်ဘက်မှာလည်း ကျပါတယ်။ မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်က မြို့သစ်၊ ကုန်းလောဘက်မှာလည်း ကျပါတယ်။ အဲဒီဘက်ကလည်း ပြည်သူလူထုတွေ ထိခိုက်တယ် ဆိုတာ ကတော့ ကြားရပါတယ်။ ဘယ်လောက်အခြေအနေဆိုတာကတော့ အခု မကြားရသေးပါဘူးခင်ဗျ။ ”
လိုင်ဇာမြို့အနီး တိုက်ခိုက်ချိန်မှာ တရုတ်နိုင်ငံဘက်က အချက်ပြ သတိပေးတာတွေ ရှိခဲ့ကြောင်းလည်း ဆက်ပြောပါတယ်။
“ တရုတ်ဘက်ကတော့ နယ်စပ်လုံခြုံရေးအရပေါ့။ လေကြောင်းက သူတို့ ဖိုက်တာတွေ ပျံဝဲတဲ့ အနေအထားတွေ၊ နောက် အချက်ပြတဲ့ မီးကျည်တွေ ပစ်ဖောက်တာတွေတော့ ရှိပါတယ်။ ပစ်ခတ်တာမျိုးတွေတော့ မရှိပါ ဘူး။”
မုန်လိုင်ခက်ရွာဟာ လိုင်ဇာမြို့အနီးမှာတည်ရှိပြီး၂၀၂၃ခုနှစ် အောက်တိုဘာလအတွင်းက လက်နက်ကြီး ကျရောက်ခဲ့တာကြောင့် ကလေး ၁၁ဦးအပါအဝင် လူ ၃၀နီးပါး သေဆုံးခဲ့တဲ့နေရာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာလို့ KIO ပြောဆိုပြီး စစ်ကောင်စီကတော့ KIA က ယမ်းသိုလှောင်ရုံပေါက်ကွဲတာလို့ ငြင်းဆိုထားပါတယ်။
မြို့သစ်နဲ့ ကုန်းလောကတော့ မိုးမောက်မြို့နယ်အတွင်းမှာ တည်ရှိပြီး ပြီးခဲ့တဲ့ မတ်လက KIA က သိမ်းယူခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတော့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်းက ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာရှိခဲ့ကြောင်း ကွတ်ခိုင်မြို့က လူမှုကယ်ဆယ်ရေး ဝန်ထမ်းတဦးက ပြောပါတယ်။
“ အဲဒီ ရပ်ကွက် ၁ရဲ့နောက်ကျောပေါ့။ ဗျူဟာထဲလောက်ကို စစ်တပ်ရှိတုံးက ဗျူဟာလေ၊ အဲဒီထဲကို ချသွားတယ် လို့ ကြားရတာပဲ။”
ဒီဗုံးကြဲတိုက်ခိုက်မှုမှာ ကယ်ဆယ်ရေးအဖွဲ့တွေ မသွားရောက်နိုင်တာကြောင့် အထိအခိုက်အခြေအနေ မသိရကြောင်းနဲ့ လောလောဆည်မှာတော့ ကွတ်ခိုင်မြို့က ဒေသခံတွေဟာ ဘေးလွတ်ရာ အနီးအနားက ကျေးရွာတွေကို တိမ်းရှောင်နေကြကြောင်း ပြောပါတယ်။ ဒီလ ၅ရက်နေ့ကလည်း ကွတ်ခိုင်မြို့မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လေကြောင်းက ၄ကြိမ်လောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူ ၆ဦးသေဆုံးပြီး ၁၀ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒီလ ၆ရက်နေ့ကတော့ သီပေါမြို့နယ် နောင်ကော်ကြီး ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲခဲ့တာကြောင့် သံဃာတပါး ပျံလွန်ပြီး တပါးဒဏ်ရာရခဲ့သလို အမျိုးသမီးတဦး သေဆုံးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့လနဲ့ ဒီလဆန်းပိုင်းတွေမှာ MNDAA ထိန်းချုပ်ရာ လောက်ကိုင်နဲ့ သိန္နီမြို့တွေကို စစ်ကောင်စီက ၉ကြိမ် တိုက်ခိုက်ခဲ့ရာမှာ အရပ်သား အနည်းဆုံး ၁၅ဦးသေဆုံးခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ရေးလေ့လာသုံးသပ်သူတွေကတော့ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ကိုးကန့်တပ်တွေက သိမ်းယူပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာတွေ တိုးမြှင့် လုပ်ဆောင်လာကြောင်း ပြောပါတယ်။ လားရှိုးမြို့မှာတော့ အခုအခါ တိမ်းရှောင်နေသူအချို့ နေရပ်ပြန်လာတာတွေရှိပေမဲ့ အများစုက လေကြောင်းရန်ကို ကြောက်တာကြောင့် မပြန်ရဲသေးကြောင်း စစ်ရှောင်နေသူ လားရှိုးမြို့ခံတဦးက ပြောပါတယ်။
“ပြန်တယ်ဆိုတာ ပြန်ကြည့်တာ။ ပြန်ကြည့်တာ၊ ပြန်နေတဲ့သူကတော့ တော်တော်နည်းပါသေးတယ်။ တစ်ရာခိုင်နှုန်းလောက်ပဲ ရှိသေးတယ်။ အဓိက အားဖြင့်ကတော့ အခုကတော့ လေယာဉ်ကို၊ လေယာဉ်ကိုတော့ ကြောက်ကြတာပေါ့ဗျာ။ အဲဒါကြောင့် သိပ်ပြီးတော့လည်း မပြန်နေရဲသေးတာ။ အဲဒါ လေယာဉ်ဗုံးကို ကြောက်လို့ ပေါ့နော်။”
လားရှိုးမြို့မှာ လောလောဆယ် ဖုန်း၊ အင်တာနက် အဆက်အသွယ်တွေ ပြတ်တောက်နေပြီး MNDAA အဖွဲ့က ရပ်ကွက်တွေအတွင်းမှာ အချိန်ပိုင်းနဲ့ အင်တာနက်လိုင်းသုံးနိုင်အောင် ဆောင်ရွက်ပေးတာတွေရှိနေသလို UWSA ဝတပ်ဖွဲ့ဆက်ဆံရေးရုံးမှာလည်း အင်တာနက် အသုံးပြုနိုင်အောင် စီစဉ်ပေးတာတွေ ရှိနေပါတယ်။
ဒီရက်ပိုင်းတွေမှာတော့ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တွေအကြားမှာ နောင်ချိုမြို့နယ်ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို ပြင်ဦးလွင်မြို့ကို ဝင်ရောက်မယ်ဆို သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဒေသခံပြည်သူတွေနဲ့ စစ်ကောင်စီမိသားစုဝင်တွေ မန္တလေးဘက်ကို ပြောင်းရွှေ့တာတွေ ရှိနေပါတယ်။
ရှမ်းမြောက်ဒေသ တိုက်ပွဲတွေ ရပ်ဆိုင်းရေးအတွက် တရုတ်နိုင်ငံက ကမကထပြုပြီး ၆ကြိမ်မြောက် ဟိုင်ဂင် ဆွေးနွေးပွဲကို ကျင်းပဖို့ စီစဉ်ခဲ့ပေမဲ့ စစ်ကောင်စီက တက်ရောက်ဖို့ ငြင်းဆိုခဲ့တဲ့နောက် တရုတ် အထူးကိုယ်စားလှယ် တိန်ရှီဂျွမ်း(Deng Xijun) ဟာ နေပြည်တော်ကို ရောက်ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ တအာင်း TNLA ၊ ကိုးကန့် MNDAA နဲ့ ရခိုင် AA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ကတော့ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မြို့၊ ရွာတွေအပေါ် ဗုံးကြဲတိုက်ခိုက်တာတွေ ရပ်ဆိုင်းစေဖို့အတွက် တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေက ဝိုင်းဝန်း တားဆီးပေးဖို့ တောင်းဆိုထားပါတယ်။
Forum