သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်တိုက်ပွဲတွေကြောင့် ဒေသခံထောင်ချီ တိမ်းရှောင်


ဖားကန့်မြို့
ဖားကန့်မြို့

ကချင်ပြည်နယ်က ကျောက်စိမ်းထွက်ရာ ဖားကန့်ဒေသ အခြေစိုက် စစ်ကောင်စီရဲ့ စခန်းတချို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်းကပါ တုံ့ပြန်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ထောင်ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာပါ။
ကချင်ပြည်နယ်က တိုက်ပွဲတွေ နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်ကပေးပို့လာတဲ့သတင်းကို အခြေခံပြီး မခင်ဖြူထွေး တင်ပြထားပါတယ်။

ဖားကန့်မြို့ အနီးအနားက စစ်ကောင်စီရဲ့ အမြင့် ဆုံးတပ်စခန်းဖြစ်တဲ့ လမောင်ကျေးရွာအခြေစိုက် လမောင်တပ်စခန်းနဲ့ တော်မှော်ကို ကချင် လွတ်လပ် ရေး တပ်မ တော် (KIA) နဲ့ PDF ပူးပေါင်းတပ်တွေကဒီကနေ့မနက် ၂နာရီလောက်က စတင်ပြီး ထိုးစစ် ဆင်တိုက် ခိုက် ခဲ့သလို စစ်ကောင်စီဘက်ကလည်း နံနက် ၁၀ နာရီလောက်မှာ လေကြောင်းနဲ့ ၂ ကြိမ်လောက် ဗုံးကြဲ တိုက်ခိုက် ခဲ့ တယ်လို့ ဖားကန့်မြို့ခံက ဗွီအိုအေကို ပြောပါတယ်။

"လောလောဆယ်တော့ ဒီမနက် ၂နာရီခွဲလောက်က ဖားကန့်မြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ လမောင် တပ်စခန်းနဲ့ ဖားကန့်မြို့အနောက်ဘက်ခြမ်းမှာဘဲရှိတဲ့ တောမှော် စခန်း ၂ခုကို KIA နဲ့ KPDF ပူးပေါင်း တပ်တွေက တပြိုင်နက်ဝင်တိုက်နေတယ်။ ဒီဘက်မှာက အမြင့်ဆုံးစစ်ကောင်စီစခန်း ဗျူဟာအရ အရေး ပါတဲ့ စခန်းတွေဖြစ်တာပေါ့နော်။ အဲဒါနဲ့ တော်မှော်စခန်းတွေကိုတပြိုင်နက်ဝင်တိုက်နေတာ မနက်ထိ လက်နက်သံတွေ အကုန်ကြားနေရတယ်။ မနက် ၁၀နာရီခွဲလောက်မှာလည်း လမောင် တပ်စခန်းနားကို စစ်ကောင်စီက ဖိုက်တာတွေဗုံးကြဲသွားတယ်။ လောလောဆယ်ထိခိုက်ပျက်ဆီးတာတော့ မသိရသေး ဘူးပေါ့"

KIA နဲ့ PDF ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ လမောင်ကုန်းဗျူဟာမြောက်တပ်စခန်းဟာ ဖားကန့်မြို့နယ်လုံးခင်းအုပ်စုထဲပါရှိပြီး မြေပုံအုပ်စုခွဲတမ်းအရ လုံးခင်းအုပ်စု၊ ဖားကန့်အုပ်စု၊ ဆိပ်မူအုပ်စု ဆက်စပ်နေတဲ့နေရာမှာရှိပါတယ်။ ဆိပ်မှု၊ လုံးခင်းကို လှမ်းမြင်နေရတဲ့ အမြင့်ဆုံးတောင်ပေါ်က တပ် စခန်း တခုဖြစ်ပါတယ်။

လမောင်ကုန်းစခန်းဟာ ဖားကန့်မြို့နဲ့ ၅ မိုင်ဝန်းကျင်သာဝေးတဲ့ နေရာဖြစ်သ လို တောမှော် စခန်းက တော့ ဖား ကန့်ကနေ ၁၀မိုင်ခန့်သာ ဝေးပါတယ်။ ဒီစခန်း ၂ခုမှာလမောင်ကုန်းဗျူဟာစခန်းဟာ စစ်ကောင်စီရဲ့ ဗျူဟာမြောက်စခန်းတခုဖြစ်ပြီး ဖားကန့်မြို့ထဲက ဗျူဟာကုန်းနဲ့ လုံးခင်းယမ်းချက်ကို လက်နက်ပစ်ကူတဲ့ အဓိကစခန်းကြီးတစ်ခုဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

လတ်တလောက် ကချင်ပြည်နယ်တပြည်နယ်လုံး၊အင်တာနက်လိုင်းဖြတ်တောက်ခံထားရတာ နှစ်ချီကြာနေပြီဖြစ်ပါတယ်။ ဖုန်းလိုင်းတွေ ကလည်း ဖြတ်တောက်ခံထားရတာ ၃လနီးပါးရှိနေပြီလို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိတိုက်ပွဲပြင်းထန်နေချိန် လမောင်ကျေးရွာနဲ့ဆိုင်းဂျာဘွင် ကျေးရွာမှ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေကြ ရပါတယ်။ ဒေသခံပြည်သူ ထောင်ချီစစ်ဘေးရှောင်နေရသလို စားသောက်ရေး ခက်ခဲနေတယ်လို့ ဒေသခံစစ်ရှောင်တဦးကဗွီအိုအေကိုပြောပြပါတယ်။

"အဲအနီးလမောင်ရွာ ဆိုင်းဂျာဘွင်ရွာတို့ ကပြည်သူတွေစစ်ရှောင်နေရတာပေါ့ ထွက်ပြေးနေရ တာပေါ့ ရွာ ၃ခုပေါင်းရင် ၁၅၀၀လောက်ရှိမယ် စစ်ရှောင်တွေက ခုနီးစပ်ရာပြေးနေကြတာပေါ့ ဒီမနက်မှ စပြေး တာပေါ့ တိုက်ပွဲကရုတ်တရက်ဖြစ်လာတော့လေနော်။ မနက် ၂နာရီခွဲလောက်မှာ လက်နက်ကြီးသံကော မိုးချိမ်းသံကော အုန်းအုန်းနဲ့ ဒီမနက်မှထပြေးကြတာပေါ့။ ညကမိုးရွာတဲ့ အချိန်ဖြစ်တာကို လူတွေက နီး စပ်ရာပြေးနေကြတာပေါ့ စစ်ရှောင်စခန်းတော့မရှိဘူးပေါ့ နီးစပ်ရာပြေးရတာပေ့ါ"

လက်ရှိ ဖားကန့်ပြည်သူတွေဟာအဆက်အသွယ်ရနိုင်ဖို့ IP STAR တပ်ဆင်ထား တဲ့ ဆိုင်တွေ မှာ တစ်နာရီ ကျပ် ၃ သောင်းပေးပြီး ဖုန်းအင်တာနက်သုံးနေကြရတာဖြစ်ပါတယ်။

တိုက်ပွဲအခြေနေနဲ့ပတ် သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး အင်ဖန်နော်ဘူကို ဖုန်းနဲ့ဆက်သွယ်နေပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။ စစ်ကောင်စီဘက်ကိုလည်းတိုက်ပွဲအခြေအနေတွေမေးထား ပေမယ့် ပြန်ဖြေဆိုတာမရှိသေးပါဘူး။

အာဏသိမ်းပြီးနောက်ပိုင်း နှစ်ဖက်လက်နက်ကိုင်တပ်တွေ မကြာခနထိတွေ့တိုက်ပွဲဖြစ်ပွားနေရာကနေ KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဒီနှစ်ဆန်းက စတင်ပြီးဖားကန့်မြို့တဝိုက်က စစ်ကောင်စီတပ်စခန်း အများစု ကို သိမ်းပိုက်ထားပါတယ်။ လက်ရှိမှာ မြစ်ကြီးနား–ဖားကန့်လမ်းပေါ် က နန့်ယား၊ နန့်တိန်း၊ အင်းတော်ကြီး–ဖားကန့် လမ်းပေါ် က ဝှေခါ၊ တာမခန်၊ ကသိုဏ်းတောင်၊ ဆယ်ဇင်းစတဲ့ တပ်စခန်း တွေကို သိမ်းယူထားခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာ KIA၊ KPDF ကဖားကန့်ကိုဝင်မယ့်လမ်းပိုင်းတော် တော်များများကို သိမ်းပိုက်ပြီး နယ်မြေစိုးမိုးမှု ရယူထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဖားကန့်မှာရှိတဲ့ ကံဆီးဗျူဟာကုန်း၊ ဖားကန့်ဗျူဟာကုန်း၊ ဖားကန့်ရဲစခန်း၊ ဆိုင်းတောင်ရဲစခန်း လယ်ပြင်တပ်စခန်းနဲ့ အောင်ဘာလေ တပ်စခန်းတွေကိုတော့ စစ်ကောင်စီက ဆက်လက်ထိန်းထား သေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG