သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးညှင်းမြို့နယ် အခြေစိုက် စစ်ကောင်စီစခန်း ၃ ခု KIA နဲ့ ပူးပေါင်းတပ်တွေသိမ်းပိုက်


ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူလိုက်တဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ ဝှေလုံစခန်း
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူလိုက်တဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ ဝှေလုံစခန်း

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်စခန်း ၃ ခုကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့ (ဇွန်လ ၂၄ ရက်) သိမ်းယူလိုက်ကြောင်း ဒေသခံတွေက ဗွီအိုအေကို အတည်ပြုပါတယ်။ စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေအတွက် အခရာကျတဲ့ စခန်းတွေကို စနေနေ့ကစ စစ်ဆင်ခဲ့ရာမှာ အနီးအနား ကျေးရွာတွေက ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြရတာပါ။ ကချင်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။

KIA ပူးပေါင်းတပ်တွေ သိမ်းယူလိုက်တဲ့ စစ်ကောင်စီတပ်စခန်းတွေဟာ မိုးညှင်းမြို့နယ် အင်းတော်ကြီးကနေ ဖားကန့်မြို့နယ် ဝှေခါ အသွားလမ်းက စစ်ကောင်စီတပ်နဲ့ SNA ခေါ် ရှမ်းနီ ပြည်သူ့စစ်တပ်တွေရဲ့ အရေးပါတဲ့ တပ်စခန်းတွေ ဖြစ်ပါတယ်။ ဒီတပ်စခန်း ၃ခုကို KIA ပူးပေါင်းတပ်တွေက စနေနေ့က စတင်တိုက်ခိုက်ခဲ့ပြီး တနင်္ဂနွေနေ့က တပ်စခန်း ၂ခုကို သိမ်းခဲ့ကြောင်း ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ဝှေလုံ စကစစခန်းရယ်၊ ညောင်ပင် စကစစခန်းရယ်၊ ချောင်းဝ SNA စခန်းရယ်။ အဲဒီ စခန်း ၃ခုက စနေနေ့ မနက်ကနေ စတိုက်ကြတာ။ မနေ့က နေ့လည်ပိုင်းကျတော့ ဝှေလုံ စကစစခန်းက အလံဖြူထောင်လို့ ရသွားတယ်။ ညပိုင်းကို ကျတော့ ညောင်ပင် စကစစခန်းက သူတို့ ထွက်ပြေးသွားလို့ ရသွားတယ်။ အခု ကျန်နေခဲ့တာကတော့ ချောင်းဝ SNA စခန်းပဲ ကျန်ထားတာ။”

ချောင်းဝ SNA စခန်းကိုတော့ ဒီနေ့ မနက်ပိုင်းထိ တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။ အခြား ဖားကန့်ဒေသခံတဦးကတော့ စခန်း ၃ ခုလုံး သိမ်းယူတယ်လို့ ကြားသိရကြောင်း ပြောပါတယ်။

“ ညောင်ပင်ရယ်၊ ဝှေလုံရယ်၊ ချောင်းဝရယ် စခန်း ၃ခုကတော့ သိမ်းသွားပြီလို့ ပြောကြတယ်။ ”

ကချင်သတင်းဌာနတွေကလည်း တနင်္ဂနွေနေ့က ညောင်ပင်နဲ့ ဝှေလုံစခန်းကို သိမ်းယူခဲ့ကြောင်းနဲ့ ဒီနေ့ မနက်ပိုင်းမှာ ချောင်းဝစခန်းကို သိမ်းယူလိုက်ကြောင်း ဖော်ပြထားပါတယ်။ အင်းတော်ကြီးဒေသက တိုက်ပွဲအခြေအနေကို မေးမြန်းနိုင်ဖို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်း ပိတ်ထားတာကြောင်း ဆက်သွယ်လို့ မရခဲ့ပါဘူး။ အင်းတော်ကြီး ဒေသခံတဦးကတော့ တိုက်ပွဲဖြစ်ပွားရာအနီးအနားက ကျေးရွာက ပြည်သူတွေဟာ စစ်ဘေးလွတ်ရာ ဟိုပင်နဲ့ မိုးညှင်းမြို့ဘက်ကို တိမ်းရှောင်နေကြောင်း ပြောပါတယ်။

“ ကျနော်တို့ ဝှေလုံ၊ ညောင်ပင်၊ ချောင်း၀ အဲဒီဘက်မှာ တိုက်ပွဲဖြစ်ထားလို့လေ။ လောလောဆည်တော့ လောလောဆည်တော့ လူတွေက စစ်ဘေး ကြုံမှာစိုးလို့ ရှောင်ကြ တိမ်းကြတာတော့ ရှိတယ်။ ဒီအင်းတော်ကြီး အရှေ့ခြမ်း၊ အနောက်ခြမ်းပေါ့။ အဓိကကတော့ ဟိုပင်၊ မိုးညှင်းပေါ့ဗျာ။ နန့်မွန်းတောင်ကျော်ပြီးတော့ သွားကြ လာကြတာ။ ”

အခြားအင်းတော်ကြီး ဒေသခံတဦးကတော့ တိမ်းရှောင်နေတဲ့ ကျေးရွာ ၁၀ရွာနီးပါးရှိကြောင်း ပြောပါတယ်။

“ ဘယ်နှစ်ရွာလောက်လဲဆို လုံးတုံ၊ နန့်ပတဲ၊ ကုန်းမန၊ ဟဲပန်၊ တုံပေ၊ မိုင်းပုတ်၊ ညောင်ပင်၊ နားလတန်း၊ မပြင်၊ ပန်းလား အဲဒီဘက်တွေပေ့ါ။ ချောင်း၀ ဘက်တွေပေါ့။ လုံးတုံတို့ အဲဒီဘက်ကဆိုရင် အိမ်စောင့် ယောက်ျားတွေ၊ ယောက်ျားကြီးတွေ အဲလောက်တွေပဲ ကျန်ထားတာလို့ ပြောတယ်။ ကျန်တဲ့ဟာက ရှောင်လို့ ရတဲ့ဟာက ရှောင်လိုက်တယ်။ အားလုံးက ရှမ်းနီရွာတွေပဲ အားလုံးက။”

KIA နဲ့ ပူးပေါင်းတပ်တွေဟာ စီးပွားရေးအရ အရေးပါတဲ့ ဖားကန့်မြို့ အဝင်အထွက်လမ်းဖြစ်တဲ့ အင်းတော်ကြီး- ဝှေခါ - ဖားကန့်လမ်းက ဝှေခါတပ်စခန်း၊ အင်းတော်ကြီး - ဆယ်ဇင်း - ဖားကန်လမ်းက တာမခန်နဲ့ မိုးကောင်း - ကာမိုင်း- ဖားကန့်လမ်းက နမ့်ယား တပ်စခန်းတွေကို ဒီနှစ်အစောပိုင်းမှာ သိမ်းယူထားခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဖားကန့်နဲ့ မိုးညှင်းမြို့နယ်အစပ်က အင်းတော်ကြီးဒေသမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်နေချိန်မှာပဲ ကချင်ပြည်နယ် ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်နဲ့ မန်စီ မြို့နယ်ဘက်တွေမှာလည်း စစ်ရေးတင်းမာမှုတွေ ဆက်လက် မြင့်တက်နေဆဲရှိနေပါတယ်။ စစ်ကောင်စီဘက်ကတော့ မိုးညှင်းတိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG