သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ တပ်စခန်း နောက်ထပ် ၁၀ ခုကျော် သိမ်းပိုက်နိုင်ကြောင်း KIA ကြေညာ


 ဆဒုံးမြို့အနီးက စစ်ကောင်စီရဲ့တပ်စခန်းတချို့သိမ်းပိုက်ခဲ့ကြောင်း KIA ထုတ်ပြန် (ဇွန် ၁၁၊ ၂၀၂၄)
ဆဒုံးမြို့အနီးက စစ်ကောင်စီရဲ့တပ်စခန်းတချို့သိမ်းပိုက်ခဲ့ကြောင်း KIA ထုတ်ပြန် (ဇွန် ၁၁၊ ၂၀၂၄)

ကချင်ပြည်နယ်မှာ ကုန်သွယ်ရေးအရ အချက်အချာကျတဲ့ ကန်ပိုက်တီလမ်းက အဓိကစခန်း တခုအပါ စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို သိမ်းပိုက်လိုက်ကြောင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) က ပြောလိုက်ပါတယ်။ ဝိုင်းမော်- ကန်ပိုက်တီလမ်းက စစ်ကောင်စီရဲ့ ဆဒုံးတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေ မနေ့နှောင်းပိုင်းက သိမ်းပိုက်နိုင်ခဲ့တာလို့လည်း ပြောပါတယ်။ ကချင်ပြည်နယ်က တိုက်ပွဲတွေ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစည်သူ တင်ပြထားပါတယ်။

ဒီလ ၁၁ရက်နေ့ အင်္ဂါနေ့ မနက်ပိုင်းက ဝိုင်းမော်- ကန်ပိုက်တီလမ်း တလျှောက်က စစ်ကောင်စီ တပ်စခန်းတွေကို KIAနဲ့ ပူးပေါင်းတပ်တွေက တပြိုင်တည်း တိုက်ခိုက်ခဲ့ပြီး နေ့ခင်းဘက်မှာတော့ စခန်း ၃ခုကို သိမ်းယူနိုင်ခဲ့ပြီး ညနေ ၅နာရီလောက်မှာ ဆဒုံးမြို့အနီးက စစ်ကောင်စီရဲ့တပ်စခန်းကြီးဖြစ်တဲ့ ဗျူဟာကုန်းကို ထပ်မံ သိမ်းပိုက်ခဲ့တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ဗွီအိုအေ ကို ပြောပါတယ်။

“မနေ့က ညနေပိုင်း ၅နာရီ ဝန်းကျင်လောက်မှာ ပေါ့နော် ဆဒုံးဗျူဟာရုံးကို သိမ်းပိုက်လို့ ရပါပြီ။ မနေ့ကတော့ သိမ်းတဲ့ စခန်းကတော့ ၄ခုဖြစ်ပါတယ်။ ၁၃မိုင်ရယ်၊ ဘွမ်တောင်ရယ်၊ ဆဒုံးရယ်၊ လဖိုင်ရယ်။ ၄ခုဖြစ်ပါတယ်။ ဆဒုံးဗျူဟာကုန်းကတော့ အကြီးဆုံးပေ့ါနော်။ သူတို့ BGF တို့၊ ပြည်သူ့စစ်တို့ စခန်းထိုင်နေတဲ့ စခန်းငယ်လေးတွေကတော့ ၆ခုလောက်တော့ သူတို့ဖာသာ သူတို့ ထွက်ပြေးသွားတာတွေ ရှိပါတယ်။ ဆိုတော့ မနေ့က အားလုံး ကျနော်တို့ သိမ်းလိုက်တဲ့ အားလုံးပေါင်းကတော့ ၁၀ခုလောက်ရှိမှာပါ။ ဒီနေ့တော့ အဲဒီဘက်တော့ တိုက်ပွဲတော့ မရှိဘူး။ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်လို့ ကြားရပါတယ်။ ”

ကချင်ပြည်နယ်မှာ ဗျူဟာအရ အရေးပါတဲ့ တပ်စခန်းတွေ သိမ်းပိုက်ခံနေရတဲ့အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီကို ဗွီအိုအေက ဆက်သွယ်မေးမြန်းထားပေမဲ့ တုံ့ပြန်ချက်မရသေးပါဘူး။ မနေ့က ဝိုင်းမော်မြို့နယ် ကန်ပိုက်တီလမ်းတလျှောက်တိုက်ပွဲဖြစ်စဉ်တွေမှာတော့ စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်တာ မရှိကြောင်းလည်း ပြောပါတယ်။

ဝိုင်းမော်ဒေသခံ တဦးကတော့ ဒီတိုက်ပွဲဖြစ်စဉ်ကြောင့် ဝိုင်းမော်- ကန်ပိုက်တီ တရုတ်-မြန်မာကုန်သွယ်ရေးလမ်းဟာလည်း ကားအသွားအလာတွေ ရပ်ဆိုင်းနေကြောင်း ပြောပါတယ်။

“ အရင်နေ့က အထိ သွားတယ်။ ဒါပေမဲ့ ဒီနေ့တော့ မသွားတော့ဘူး။ အေး အတိုင်းအတာတခုအနေနဲ့ ရပ်သွားပြီပေါ့။ ဟိုဘက်က သံထည်တို့ဘာတို့ ဝင်တယ်။ ဒီကတော့ ငှက်ပျောကားတွေ၊ အောက်ပိုင်းက အသီးအနှံတွေ၊ ကြက်သွန်နီတို့၊ ကြက်သွန်ဖြူတို့ ဒီကနေ ထွက်တယ်။ အရင်နေ့အထိကတော့ သူတို့ ညှိပြီးမှတော့ ကုန်တင်ပြီးတော့ ပြေးနေကြတယ်။ ဒါပေမဲ့ အခုက ပိုဆိုးလာတော့ ဒီနေ့တော့ မတွေ့တော့ဘူး။ ချီဖွေဘက်လည်း မသွားတော့ဘူး။ ”

မနေ့က KIA သိမ်းယူလိုက်တဲ့ ၁၃မိုင်စခန်းဟာ ဝိုင်းမော်၊ ချီဖွေ၊ ကန်ပိုက်တီလမ်းဆုံမှာ တည်ရှိတာဖြစ်ပါတယ်။ ဝိုင်းမော်မြို့ဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မြစ်ကြီးနားမြို့ရဲ့ အရှေ့ဘက် ဧရာဝတီမြစ် တဘက်ကမ်းမှာ တည်ရှိတာပါ။ လောလောဆည်မှာ မြစ်ကြီးနား- ဝိုင်းမော် - ဗန်းမော်လမ်းကို KIA နဲ့ပူးပေါင်းတပ်တွေက မေလ ၂၁ရက်က ထိန်းချုပ်ထားပြီး ဝိုင်းမော်နဲ့ ၂မိုင်အကွာ ခါးရှီရွာအနီးထိ ရောက်ရှိနေသလို ဒီလ ၁၁ရက်နေ့မှာတော့ မြစ်ကြီးနား- ဝိုင်းမော်- ကန်ပိုက်တီလမ်းကိုလည်း ထပ်မံ ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။

ဝိုင်းမော်မြို့နဲ့ မြို့အနီးအနားကျေးရွာတွေက ပြည်သူတွေကတော့ မေလအတွင်း ဝိုင်းမော်အနီး ဗန်းမော်လမ်းတကြောမှာ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြပါတယ်။ တိမ်းရှောင်သူအများစုဟာ ဝိုင်းမော်မြို့ မြောက်ဖက်က လဘန်နဲ့ နောင်ချိန်းကျေးရွာအပါအဝင် မြစ်ကြီးနား စတဲ့ ဒေသတွေကို တိမ်းရှောင်နေကြတာပါ။ နောင်ချိန်းရွာမှာတော့ စစ်ရှောင်စခန်း ၁၃ခုဖွင့်လှစ်ထားသလို လူဦးရေ ၅ထောင်ကျော်အထိ ရောက်ရှိနေတာကြောင့် နေထိုင်ရေး၊ သောက်သုံးရေနဲ့ စားနပ်ရိက္ခာအတွက်ပါ အခက်အခဲတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG