သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မံစီနဲ့ မိုးမောက်အနီး တိုက်ပွဲတွေပြင်းထန်


KIA တပ်ဖွဲ့ဝင်များ (ယခင်ပုံဟောင်း)
KIA တပ်ဖွဲ့ဝင်များ (ယခင်ပုံဟောင်း)

ရက်ပိုင်း ၆၀ ကျော်ကြာလာပြီဖြစ်တဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေမှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ မံစီနဲ့ မိုးမောက်အပါအ၀င် ကုန်သွယ်ရေးအရ အရေးပါတဲ့ မြို့တွေကို ဆက်လက်သိမ်းယူဖို့ အပြင်းအထန် ကြိုးပမ်းနေတယ်လို့ KIA တာ၀န်ရှိသူက အတည်ပြု ပြောကြားခဲ့ပါတယ်။ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ပူတာအိုမြို့နယ် တ၀ိုက်မှာဒေသခံတွေ ထောင်နဲ့ချီ တိမ်းရှောင်နေရပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြမှာပါ။

မံစီနဲ့ မိုးမောက်မြို့တွင်း တိုက်ပွဲတွေဟာ ဒီလ ၇ရက်က စတင်ဖြစ်ခဲ့ပြီး ဒီကနေ့အထိလည်း ဆက်လက် ပြင်းထန်နေဆဲရှိပါတယ်။ လတ်တလော စစ်ရှောင်နေသူ မံစီဒေသခံတဦးက ဒီကနေ့ မနက် ၇နာရီလောက်က စတင်ပြီး ပစ်ခတ်သံတွေကြားနေရသလို ဒရုန်းတွေ၊လေယာဉ်တွေနဲ့ ပစ်ခတ်တာတွေရှိနေကြောင်း အခုလို ပြောပါတယ်။

“ ဒီနေ့ မနက်ပိုင်း ၆နာရီကျော် ၇နာရီလောက်ကကြားနေတာ။ တနေကုန် ဒရုန်းတွေရော၊ လေယာဉ်တွေရော၊ လက်နက်ကြီးတွေရော အသံတော့ ကြားတယ်။ ဘယ်ကနေ ပစ်နေမှန်းတော့ မသိဘူး။ မြို့ထဲမှာတော့ အရပ်သားတွေက သိပ်မရှိတော့ဘူး။ လွန်ခဲ့တဲ့ ၂ရက်၊ ၃ရက်တည်းက ရှောင်နေကြပြီ။”

အခြား မံစီဒေသခံတွေကလည်း အရပ်သားတွေ အကုန်နီးပါး တိမ်းရှောင်နေပြီး မံစီ မြို့တွင်းမှာတော့ နှစ်ဘက်တပ်တွေ တိုက်ခိုက်နေကြောင်းနဲ့ မိုးမောက်မြို့မှာလည်း တိုက်ပွဲဆက်ဖြစ်နေပြီး ဖုန်းလိုင်းတွေလည်း ပြတ်နေကြောင်း ပြောပါတယ်။

KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကလည်း မံစီနဲ့ မိုးမောက်မှာ တိုက်ပွဲဆက်ဖြစ်နေကြောင်း၊ မြေပြင်သတင်းတော့ အသေးစိတ် မသိရသေးကြောင်း ပြောပါတယ်။

“ မိုးမောက်ဘက်မှာလည်း တိုက်ပွဲတော့ ရှိတယ်တဲ့။ မံစီဘက်မှာလည်း တိုက်ပွဲဖြစ်တာတော့ မှန်တယ်တဲ့။ ဒါပေမဲ့ မြေပြင်အခြေအနေကိုတော့ စခန်းသိမ်းတာတွေ ဘယ်လိုလဲ အဲဒါတွေတော့ မကြားသိရပါဘူး။ လေကြောင်းတို့ လက်နက်ကြီးတွေကတော့ ဖြစ်လောက်ပါတယ်။ မံစီဘက်မှာကတော့ ရွာတွေမှာ မီးတွေတောင်မှ လောင်တယ်လို့တော့ ကြားတယ်။ ဒါပေမဲ့အတိအကျကတော့ မကြားသိရဘူး။”

ဒီရက်ပိုင်းမှာ တနိုင်းမြို့နယ် နန်ဗျူရွာဘက်မှာ တိုက်ပွဲဖြစ်တဲ့သတင်းကြားသိရကြောင်း နဲ့ ပူတာအိုမြို့နယ်အတွင်းမှာလည်း တိုက်ပွဲဖြစ်ပွားတာတွေ ရှိခဲ့ကြောင်း ဗိုလ်မှုးကြီးနော်ဘူက အခုလို ဆက်ပြောပါတယ်။

“ တနိုင်းဘက်ကတော့ နန်ဗျူ ၊ နမ့်ခမ်းဘက်မှာ တိုက်ပွဲဖြစ်တယ်တဲ့။ ၃ရက်လောက်တော့ ရှိပြီ။ စောင့်ကြည့်နေတဲ့အနေအထားလားတော့ မသိဘူး။ အဲဒီဘက်မှာလည်း အဆက်အသွယ်မရလို့ ။ သူများနဲ့ ပြောလာတဲ့ အသံလောက်ပဲ ကျနော်တို့ ကြားပါတယ်။ ပူတာအိုဘက်ကနဲ့ ဒီ ဆွမ်ပရာဘွမ်ဘက်ကိုပေါ့နော်။ အင်အား ၁၀၀လောက်နဲ့ စစ်ကြောင်းထိုးတယ်ဆိုတာကြားပါတယ်။ ဒါကြောင့် လမ်းမှာ ထိတွေ့ ရင်ဆိုင်တိုက်ပွဲတွေ ရှိတယ်လို့ ကြားရတယ်။ ဆွမ်ပီယန်နဲ့ လုံရှာယန်ကြားမှာ တိုက်ပွဲတခါ ဖြစ်ပြီးမှ အဲဒီကနေ ပြန်ထွက်သွားပြီထင်တယ်။ ဒါပေမဲ့ အဆက်အသွယ်ကတော့ မရဘူး။ အဲဒီဘက်မှာ။ ”

ပူတာအိုမြို့နယ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲဟာ ဒီလ ၁၀ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားပြီးနောက် ဝါဒတ်ရွာသားတွေကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း၊ ဒါကြောင့် ဆွမ်ပီယန်ကျေးရွာသားတွေဟာ တိုက်ပွဲဖြစ်ပွားမှာနဲ့ စစ်ကြောင်းနဲ့ အတူ ခေါ်ဆောင်ခံရမှာကို စိုးရိမ်တာကြောင့် တောတောင်တွေထဲကို တိမ်းရှောင်နေကြောင်း ပူတာအို ဒေသခံတဦးက ပြောပါတယ်။

ဆွမ်ပီယန်ရွာက အိမ်ထောင်စု ၁၈၀လောက် တိမ်းရှောင်နေပြီး လောလောဆည် မိုးရာသီဝင်ရောက် လာတာကြောင့် နေထိုင်ဖို့အခက်အခဲရှိသလို ရက်ရှည်လာရင် စားနပ်ရိက္ခာအတွက် အခက်အခဲရှိနိုင်ကြောင်း လည်း ဆက်ပြောပါတယ်။ KIAနဲ့ ပူးပေါင်းတပ်တွေဟာ ဆွမ်ပရာဘွမ်မြို့အခြေစိုက် ခလရ ၄၆ တပ်စခန်းကို ၂လနီးပါး ဝိုင်းရံတိုက်ခိုက်ခဲ့ပြီး ဒီလ ၅ရက်နေ့က သိမ်းယူခဲ့တာပါ။ ဆွမ်ပရာဘွမ်အခြေစိုက် တပ်စခန်းဟာ မြစ်ကြီးနား- ပူတာအို ကားလမ်းနဲ့ ဒေသတွင်းလုံခြုံရေးအတွက် အရေးပါတဲ့စခန်းဖြစ်တာကြောင့် စစ်ကောင်စီဘက်က ပြန်လည်သိမ်းယူ နိုင်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။

မတ်လ ၇ရက်နေ့က စတင်ခဲ့တဲ့ KIAရဲ့ ထိုးစစ် နောက်ပိုင်းမှာ ကချင်ပြည်နယ်အတွင်းက စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၈၀ကျော်ခန့်သိမ်းယူခဲ့ကြောင်း KIA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့ မိုးမောက် ၊ မံစီနဲ့ ဗန်းမော်မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG