သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီတပ်စခန်းတွေ KIA နဲ့ ပူးပေါင်းတပ်တွေ ဆက်လက်တိုက်ခိုက်


KIA တပ်ဖွဲ့ဝင်များ (ယခင်ပုံဟောင်း)
KIA တပ်ဖွဲ့ဝင်များ (ယခင်ပုံဟောင်း)

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေဟာ မံစီ၊ ဗန်းမော်နဲ့ မိုးမောက်မြို့ နယ်ရှိ တပ်စခန်းနဲ့ ရဲစခန်းတွေကို ဒီကနေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းနဲ့ တပ်စခန်းနဲ့ ရဲစခန်း ၅ ခုကို သိမ်းယူခဲ့ကြောင်း KIA က ပြောပါတယ်။ လောလောဆယ်မှာ မိုးမောက်နဲ့ မံစီမှာ တိုက်ပွဲပြင်းထန်နေသလို ဗန်းမော်မြို့ကိုလည်း ဝိုင်းရံထားပြီးဖြစ်ကြောင့် စစ်ရေးအရ ရွှေကူမြို့ပါ ခြိမ်းခြောက်ခံရတဲ့ အခြေအနေရှိ နေပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ကချင်ပြည်နယ်က နောက်ဆုံးရသတင်းကို ကိုစည်သူ တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆွမ်ပရာဘွမ်နဲ့ ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်း တဒါဇင်နီးပါးကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တဲ့နောက် ဒီကနေ့မနက်ပိုင်းမှာတော့ မံစီ၊ ဗန်းမော်နဲ့ မိုးမောက်မြို့နယ်က အရေးပါတဲ့ တပ်စခန်းတွေကို ထပ်မံတိုက်ခိုက်ခဲ့တာပါ။

ဒီကနေ့ မနက်စတင်ခဲ့တဲ့ မံစီ၊ ဗန်းမော်နဲ့ မိုးမောက်မြို့နယ်တွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်စခန်း ၃ခုနဲ့ ရဲစခန်း ၂ခုကို သိမ်းယူခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ မံစီမှာ ဒီမနက် ၆နာရီကျော် ၇နာရီ ဝန်းကျင်လောက်မှာ မြို့မ ရဲစခန်းကို သိမ်းတယ်ဆိုတဲ့ သတင်းရထား ပါတယ်။ နောက် မံစီနားက မံယွတ်၊ ကျနော်တို့ အခေါ်တော့ ဂေါ်ငူကောင်လို့ ခေါ်တဲ့ တပ်စခန်းတခုကိုလည်း သိမ်းတယ်ဆိုတဲ့ သတင်းရပါတယ်။ နောက် စင်းခန်းတံတားပေါ့နော်။ အဲဒီ တံတားလုံခြုံရေး Post ကို သိမ်းပြီးမှ ဒီညနေ တနာရီကျော်အချိန်လောက်မှာတော့ စင်းခန်းတာဝါကုန်း တပ်စခန်းကိုလည်း ပြန်သိမ်းတယ်ဆိုတဲ့ သတင်း ရပါတယ်။ နောက်ဆုံးကတော့ မိုးမောက်မှာလည်း မြို့မ ရဲစခန်းကို သိမ်းတယ်ဆိုတဲ့သတင်းတော့ ရထားပါတယ်ခင်ဗျ။ ”

ကချင်ပြည်နယ်က တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက လတ်တလော သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။
စင်းခန်းရွာကို KIA နဲ့ ပူးပေါင်းတပ်တွေက စိုးမိုးထားပြီး ဒေသခံတွေအတော်များများ ကတော့ အရင်ရက်တွေကတည်းက ဗန်းမော်နဲ့ အခြားဒေသတွေကို တိမ်းရှောင်တာတွေ ရှိနေပါတယ်။

မံစီနဲ့ မိုးမောက်ဘက်မှာတော့ စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်တာတွေ ရှိနေကြောင်း ၊ ဗန်းမော်မြို့ကနေလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တာတွေရှိနေကြာင်း ဒေသခံတွေက ပြောပါတယ်။ လောလောဆယ်မှာ မံစီနဲ့ မိုးမောက်မှာ တိုက်ပွဲပြင်းထန်နေသလို ဗန်းမော်မြို့ကိုပါ ဝိုင်းရံထားတဲ့ အနေအထားရှိနေတာကြောင့် နောက်တဆင့်မှာ ရွှေကူမြို့ဟာ စိုးရိမ်ရတဲ့ အနေအထားရှိနေကြောင်း ဒေသခံတဦးက ပြောပါတယ်။

“ဗန်းမော်- ရွှေကူကြားက စင်းခန်း မြစ်ကူး တံတား၊ ချောင်းကူးတံတား အားလုံး Sold out ဖြစ်သွားပါပြီ။ မိုးမောက်၊ မံစီပါ တပြိုင်တည်းပေါ့ဗျာ။ တိုက်ပွဲတွေဖြစ်နေတယ်ပေါ့။ ဗန်းမော်လည်း ပတ်ပတ်လည် ဝိုင်းထားပြီလို့ ကျနော်တို့ သိရတယ်ပေါ့။ ဗန်းမော်ဝိုင်းထားပြီးရင် ၊ ဗန်းမော်ပြီးရင် ရွှေကူက အလိုလျောက် ပေ့ါလေနော။”

ရွှေကူမြို့နယ်ကတော့ PDF တွေ အားကောင်းတဲ့ဒေသတခုဖြစ်ပြီး မကြာခဏဆိုသလို ရွှေကူရဲစခန်းနဲ့ အုပ်ချုပ်ရေးရုံးတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာတွေ ရှိခဲ့ပါတယ်။ KIA နဲ့ ပူးပေါင်းတပ်တွေဟာ မတ်လ ၇ ရက်နေ့က စတင်ပြီး စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ ၂လကျော်ကာလအတွင်း တပ်စခန်းစုစုပေါင်း ၇၀ ကျော်ကို သိမ်းပိုက်ခဲ့ကြောင်းလည်း KIA က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG