သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝိုင်းမော်မှာ မော်တော်ယာဉ်တန်း ပစ်ခတ်ခံရ အနည်းဆုံး ၁ ဦးသေ၊ ၂၀ ကျော်ဒဏ်ရာရ 


ဝိုင်းမော်မြို့
ဝိုင်းမော်မြို့

ကချင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေကနေ တိမ်းရှောင်လာကြတဲ့ ဒေသခံတွေနဲ့ အလုပ်သမား ၁၅၀ ကျော်လောက် လိုက်ပါလာတဲ့ ယာဉ်တန်းဟာ ဝိုင်းမော်မြို့အဝင်မှာ ပစ်ခတ်ခံရတာကြောင့် အနည်းဆုံး ၁ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒဏ်ရာရသူတွေကိုတော့ မြစ်ကြီးနား ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။ စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်မှာ အရပ်သားသေကျေထီခိုက်မှုတွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစည်သူ တင်ပြထားပါတယ်။

ဝိုင်းမော်မြို့နယ် တိုက်ပွဲတွေ ပြင်းထန်ချိန်မှာ KIA က လုံခြုံရေးအခြေအနေအရ ထိန်းသိမ်းထားတဲ့ ဒေသခံရွာသားတွေ၊ ငှက်ပျောခြံနဲ့ ရွှေတူးဖော်တဲ့ လုပ်သားတွေကို တနင်္ဂနွေနေ့က ရွှေညောင်ပင်အနီး ဘီဘရာရွာကနေ ဝိုင်းမော်မြို့ကို ပြန်လွှတ်စဉ် မြို့အဝင်မှာ ပစ်ခတ်ခံရတာပါ။ ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“ဘီဘရာကနေ ဝိုင်းမော်ကို လာတာပေါ့။ ရွာသားရယ်၊ ငှက်ပျောစိုက်က အလုပ်သမားတွေ ရယ်။ ပြီးတော့ အဲဒီရွာမှာ နေပြီးမှ ရွှေမှော်လုပ်တဲ့ သူတွေရယ်။ သူတို့ လုံခြုံရေးအတွက်ဆိုလာပဲ ခဏလေး သိမ်းဆည်းထားတာပေါ့။ မနေ့ညကျတော့ ပြန်လွှတ်တာဗျ။ ကျနော်တို့ ပြည်သူတွေကတော့ ပြောတာပေါ့နော်။ နောက်နေ့ မနက်မှ မိုးလင်းမှ ထွက်ဖို့ အဆင်မပြေဘူးလားပြောတော့ ၊ သူတို့တွေအားလုံး ညှိထားပြီပေါ့။ သူတို့တွေ အားလုံး ညှိထားပြီဆိုပြီးမှ မနေ့ညက ၆နာရီခွဲ၊ ၇နာရီလောက်မှ သူတို့တွေ လွှတ်လိုက်တာပေါ့။ သူတို့လွှတ်လိုက်တဲ့အချိန်မှာ ဒီဘက် ရောက်ခါနီးနားလေးမှာ စကစက လက်နက်ကြီးတွေရယ်၊ လက်နက်အသေးတွေနဲ့ အဲလို ပစ်ခတ်ခံရတယ်။ ”

ပစ်ခတ်ခံရတဲ့နေရာဟာ ဝိုင်းမော်မြို့အဝင် ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီးရှိ ဆည်မြောင်းအကျော်မှာဖြစ်ကြောင်း ပြောပါတယ်။ ပစ်ခတ်ခံရစဉ် ယာဉ်တန်းနဲ့ လိုက်ပါလာသူ ၁၅၀ ကျော်လောက်ရှိပြီး ၂၂ဦး ထိခိုက်ခဲ့ကြောင်းနဲ့ ထိခိုက်သူတွေကို မြစ်ကြီးနားဆေးရုံမှာ ကုသနေရာမှာ ဒီနေ့ နေ့ခင်းမှာ ၁ဦး သေဆုံးကြောင်း အခုလို ဆက်ပြောပါတယ်။

“ ကားကတော့ တွဲကား ၂စီးပေါ့။ တစီးကတော့ ငှက်ပျောအပြည့်တင်ထားတယ်။ တစီးကတော့ ကျနော်တို့ ပြည်သူတွေ စီးတယ်။ ပြီးတော့Hi Jet ရယ်၊ ဖိုးဝီးရယ်၊ ပြီးတော့ သုံးဘီးရယ်၊ ဆိုင်ကယ် ၅စီးလောက်ရယ်။ ဟုတ်တယ်။ ပြည်သူ လူဦးရေကတော့ ၁၆၀လောက်ရှိတယ်လို့ တော့ ပြောတယ်။ အခုလက်ရှိ ဆေးရုံရောက်နေတာ အထိအခိုက်လူနာကတော့ ၂၂ဦး ဟုတ်တယ်ဗျ။ နေ့လည်ပိုင်း ၁၂နာရီ မိနစ် ၄၀ ခန့်လောက်မှာ တယောက်ကတော့ ဆုံးသွားပြီ။ ”

ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အခြားဒေသခံတဦးကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

“ဟိုဘက်ကလွှတ်လိုက်တာတဲ့ သေချာပြောပြီး လွှတ်လိုက်တာတဲ့။ သူတို့လည်း လက်ခံပြီးမှ Information gap ဖြစ်ပြီးမှ ရှေ့ကလူတွေ မသိလို့ ပစ်ကြတယ် ထင်တာပဲ။ မှားပစ်တယ် ထင်တယ်။”

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကလည်း ဒီဖြစ်စဉ်အပေါ် အခုလို ပြောဆိုထားပါတယ်။

“ ဝိုင်းမော်ဘက်ကအခြေအနေကတော့ မနေ့ည ၁၁နာရီ ဝန်းကျင်လောက် အဲဒီ ရွှေညောင်ပင်နားက ဘီဘရာရွာထဲမှာ အဲဒီတဝိုက်မှာပေါ့။ အလုပ်သမား အယောက် ၁၀၀ နီးပါးလောက်ကို တိုက်ပွဲဖြစ်တုန်းက KIA ကတော့ထိန်းထားတယ်။ အခုတော့ တိုက်ပွဲမရှိလို့ မြို့ဘက်ကို ပြန်လွှတ်လိုက်တယ်တဲ့။ ကားနဲ့ ဘာနဲ့ လွှတ်လိုက်တယ်။ အဲဒါ ခါးရှီးနဲ့ ဝိုင်းမော်အဝင်၊ ခါးရှီးအထွက်ပေါ့။ အဲဒီနားမှာ စကစဘက်ကနဲ့ ပစ်လိုက်လို့ ပြည်သူလူထုတွေအတော်များများ ထိခိုက်ပြီးတော့မှ တချို့တွေကတော့ သေတောင်သေသွားတယ်လို့ ပြောကြတယ်။ တိုက်ပွဲကတော့ မဖြစ်ဘူး။ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲပဲဖြစ်ပါတယ်။ ”

ဝိုင်းမော်ဒေသခံတွေကတော့ ဝိုင်းမော်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ငြိမ်သက်နေတာ ၃ရက်ခန့်ရှိပြီဖြစ်ကြောင်း ၊ ညအချိန်တွေမှာတော့ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားရကြောင်း ပြောပါတယ်။ ဝိုင်းမော်မြို့နယ်အတွင်းမှာ ဒီလ ၁၈ ရက်နေ့ကနေ စတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ ၂၁ ရက်နေ့ညပိုင်း ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်အခြေစိုက် ခမရ ၃၂၁ တပ်စခန်းကို KIA က သိမ်းယူပြီးတဲ့နောက်မှာတော့ ဝိုင်းမော်မြို့နဲ့ အနီးအနား ကျေးရွာက ပြည်သူတွေဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေကြပါတယ်။

ဒီရက်ပိုင်းအတွင်းမှာတော့ မိုးမောက်နဲ့ မံစီမြို့ဘက်တွေမှာလည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ ဒီရက်ပိုင်းမှာ မံစီမြို့အနီးက ခမရ ၃၁၉ကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ KIA ဘက်က အတည်မပြုပါဘူး။ ဝိုင်းမော်မြို့ စစ်ရှောင်ယာဉ်တန်းပစ်ခတ်ခံရတဲ့ သတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG