သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ် အခြေစိုက် စစ်ကောင်စီတပ်စခန်းတချို့ ထိန်းချုပ်လိုက်ကြောင်း KIA ကြေညာ


ဝိုင်းမော်- ဆဒုံး- ကန်ပိုက်တီကားလမ်းပိုင်း KIA က သိမ်းပိုက်ကြောင်းထုတ်ပြန်ခဲ့ (ဇွန် ၁၁၊ ၂၀၂၄)
ဝိုင်းမော်- ဆဒုံး- ကန်ပိုက်တီကားလမ်းပိုင်း KIA က သိမ်းပိုက်ကြောင်းထုတ်ပြန်ခဲ့ (ဇွန် ၁၁၊ ၂၀၂၄)

ကချင်ပြည်နယ် မှာ ကုန်သွယ်ရေးအရ အရေးပါတဲ့ ဝိုင်းမော်- ဆဒုံး- ကန်ပိုက်တီကားလမ်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၃ ခုကိုKIA နဲ့ ပူးပေါင်းတပ်တွေက ဒီကနေ့ အင်္ဂါနေ့ မနက်အစောပိုင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံက ဗွီအိုအေကိုပြောပါတယ်။ မနေ့ကလည်း တနိုင်းမြို့နယ်အတွင်း ခလောင်ကောင် တပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူခဲ့တာကြောင့် ၂ရက်အတွင်း စစ်ကောင်စီဘက်က ကချင်ပြည်နယ်က တပ်စခန်း ၄ခုကို လက်လွှတ်ခဲ့ရပါတယ်။
ကချင်ပြည်နယ်က တိုက်ပွဲတွေ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး ကိုစည်သူ တင်ပြထားပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ဝိုင်းမော်- ဆဒုံး- ကန်ပိုက်တီ ကားလမ်းတလျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက ဒီကနေ့ မနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့တာပါ။ အနည်းဆုံးစခန်း (၄)ခုကို တိုက်ခိုက်ခဲ့ရာမှာ ၃ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ဗွီအိုအေကို အတည်ပြုပြောကြားခဲ့ပါတယ်။

“ဒီနေ့ မိုးလင်းတဲ့အချိန်တည်းက တိုက်ပွဲဖြစ်တာ ရှိပါတယ်။ ဝါးရှောင်နဲ့အထက်မှာပေါ့။ ၁၃မိုင်၊ ၁၃မိုင်ဂိတ်ပေါ့။ ချီဗွေနဲ့ ကန်ပိုက်တီ လမ်းခွဲ ။ အဲဒီမှာ စုပေါင်းဂိတ်ရှိပါတယ်။ အဲဒီဂိတ်မှာလည်း တိုက်ပွဲတွေ ရှိတယ်။ ဂိတ်ကိုတော့ သိမ်းပိုက်လို့ ရပါပြီ။ နောက် အဲဒီကနဲ့ ကန်ပိုက်တီဘက်ကို ဆက်သွားလို့ ရှိရင် မိုင် ၂၀ ရှိမှာပါ။ ဘွမ်တောင်ဆိုတဲ့ စခန်းတခုရှိပါတယ်။ အဲဒီ ဘွမ်တောင်စခန်းကိုလည်း သိမ်းလို့ ရပါပြီ။ အဲကနေ ပြန်ဆက်သွားလို့ ရှိရင် ဆဒုံးနဲ့ ကန်ပိုက်တီကြားမှာ လဖိုင်ဆိုတဲ့ စခန်းတခုရှိပါတယ်။ အဲဒီစခန်းကိုလည်း သိမ်းပိုက်လို့ ရပါပြီခင်ဗျ။ ဆိုတော့ အခုထက်ထိကတော့ ၃ခု ရပါပြီ။ တခြားနေရာမှာလည်း တိုက်တာတော့ ရှိပါတယ်။ ဒါပေမဲ့ အဲဒီကတော့ သတင်းတွေ အသေးစိတ်ဘာမှမကြားသိရသေးပါဘူး။”

စခန်းသိမ်းတိုက်ပွဲမှာ လူအထိအခိုက်နဲ့ လက်နက်ခဲယမ်းသိမ်းယူတဲ့ စာရင်းကို မသိရသေးသလို ဘယ်နှစ်နေရာကို တိုက်ခိုက်တယ်ဆိုတာလည်း အတိအကျ မသိကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။ ဝိုင်းမော်ဒေသခံတဦးကလည်း ကန်ပိုက်တီ၊ ချီဗွေ လမ်းဆုံရှိ ၁၃မိုင် စုပေါင်းဂိတ်ကနေ ဆဒုံးအလွန်အထိ နေရာ ၅နေရာလောက်မှ တိုက်ပွဲဖြစ်ပွားကြောင်း အခုလို ပြောပါတယ်။

“ဝါးရှောင်အလွန် ဒီ ဂေါ်ဆက်ယန်က ၁၃ ကီလိုမီတာ စုပေါင်းဂိတ်ကနေ ဟိုလဖိုင်တကြောအထိ နေရာ ၄- ၅ နေရာလောက် ဖြစ်တယ်လို့တော့ ကြားတယ်။ ၁၃ ကီလိုမီတာ စုပေါင်းဂိတ်ပါပြီ။ ပြီးတော့ အင်ဝမ်ကောင်လို့ ခေါ်တဲ့ နယ်ခြားစောင့်တွေ ရှိတဲ့ စခန်းရယ်။ ပြီးတော့ ဘွမ်တောင်က စခန်းတခုရယ်။ ပြီးတော့ ဟို လဖိုင်က နယ်ခြားစောင့်စခန်းတခုရယ် အဲဒီဟာတွေတော့ သိမ်းပြီလို့တော့ ပြောနေကြတာပဲ။ လဖိုင်က ဆဒုံးကျော်တယ်။ ဝေါ့ချုံး ၁၀၀၃ တပ်ရင်း ရောက်ခါနီးမှာ။”

ဝိုင်းမော်- ဆဒုံး - ကန်ပိုက်တီလမ်းကြောမှာ တိုက်ပွဲတွေဖြစ်နေချိန်မှာ မြစ်ကြီးနား- ဝိုင်းမော်- ဗန်းမော်လမ်းက ခါးရှီးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တာရှိကြောင်းလည်း ဆက်ပြောပါတယ်။ ဝိုင်းမော်မြို့နယ်အတွင်းမှာ မေလ ၁၈ရက်နေ့ကလည်း စစ်ကောင်စီတပ်စခန်းအနည်းဆုံး ၁၀နေရာလောက်ကို KIA နဲ့ ပူးပေါင်းတပ်တွေက တပြိုင်တည်း ထိုးစစ်ဆင်ခဲ့တာတွေ ရှိခဲ့ပါတယ်။

ဒီရက်ပိုင်းမှာတော့ တနိုင်းမြို့နယ်အတွင်းမှာလည်း တိုက်ပွဲဖြစ်ပွားတာတွေ ရှိခဲ့ပြီး ဒီလ ၁၀ရက်နေ့ က စစ်ကောင်စီရဲ့ တပ်စခန်းတခုကိုလည်း သိမ်းယူခဲ့တယ်လို့လည်း ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ မနေ့ကတော့ ကျနော်တို့ ရွှေမှော်ပေါ့နော်။ ရွှေမှော် ၊ ပယင်းမှော်ဘက်မှာ ကျနော်တို့ ကချင်အခေါ်နဲ့တော့ ခလောင်ကောင်စခန်းလို့ ခေါ်တယ်။ ရွှေမှော်ဘက်မှာ ရေတွေ ပေးဝေတဲ့ ရေလှောင်ကန်ရှိတဲ့ စခန်းဖြစ်ပါတယ်။ တော်တော်လေး ဗျူဟာမြောက်တဲ့ စခန်းဖြစ်ပါတယ်။ အဲဒါကို မနေ့က သိမ်းလိုက်တာဖြစ်ပါတယ်။”

ဒီစခန်းဟာ အရင်က KIA ရဲ့ တပ်ရင်း ၁၄အခြေစိုက်ခဲ့ပြီး ၂၀၁၈ခုနှစ်လောက် စစ်ကောင်စီတပ်က သိမ်းယူခဲ့တာဖြစ်ကြောင်းလည်း ပြောပါတယ်။ မေလ ၂၁ရက်နေ့မှာ ရွှေညောင်ပင် အခြေစိုက် ခမရ ၃၂၁ကို သိမ်းယူခဲ့တဲ့နောက် ဝိုင်းမော်မြို့နယ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ရပ်နားနေရာက ဒီကနေ့မှာ ထပ်မံ တိုက်ခိုက်တာလည်း ဖြစ်ပွားခဲ့ပါတယ်။

မနေ့က ဇွန်လ ၁၀ရက်နေ့ကလည်း စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာမှာ အရပ်သားတဦးသေဆုံးပြီး ၆ဦးဒဏ်ရာရခဲ့ကြောင်းနဲ့ အဲဒီနေ့မှာပဲ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာရှိ ခရစ်ယာန် ဘုရားကျောင်း ထိခိုက်ပျက်ဆီးခဲ့ကြောင်း ကချင်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ မတ်လဆန်းက စတင်ပြီး KIA ဘက်က ထိုးစစ်တွေ စတင်ခဲ့ရာမှာ လောလောဆယ် ဗန်းမော်၊ မိုးမောက်၊ မံစီဘက်မှာလည်း စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေပါတယ်။ စစ်ကောင်စီဘက်ကတော့ လက်ရှိ ကချင်ပြည်နယ်အတွင်းတိုက်ပွဲတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG