သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပန်ဝါမြို့အနီး မြေရှားသတ္တုလုပ်ကွက်မြေပြိုမှု အနည်းဆုံး ၁၂ ဦးပျောက်ဆုံးနေ


ကချင်ပြည်နယ်က မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင်
ကချင်ပြည်နယ်က မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင်

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့အနီးမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က မြေရှားသတ္တုလုပ်ကွက်တခု မြေပြိုမှုဖြစ်ပွားခဲ့ပြီး အလုပ်သမား ၁၂ ဦးပျောက်ဆုံးနေတာမှာ မနေ့ကအထိ ၅လောင်းသာ ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်တဲ့သူတွေကို ဆက်လက်ရှာဖွေနေတယ်လို့ အခုမြေပြိုသွားတဲ့နေရာမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။ အခုမြေပြိုတဲ့ လုပ်ကွက်တွေမှာ မြေသား အက်ကြောင်းပေါ်နေပြီး မိုးရွာမယ်ဆိုရင် ထပ်မံမြေပြိုနိုင်တဲ့ အခြေအနေရှိနေတာကြောင့် အလုပ်သမားတွေအတွက် အန္တရာယ်များတယ်လို့ ပြောဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး မအိသန့်စင်က ပြောပြပါမယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက် အင်္ဂါနေ့က ပန်ဝါမြို့ရှိ မြေရှားသတ္တုလုပ်ကွက်တခုမှာ မြေပြိုမှုဖြစ်ပွားခဲ့တာမှာ အလုပ်သမား ၁၂ ဦးပျောက်ဆုံးခဲ့ပြီး မနေ့ကထိ ၅လောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မြေပြိုမှုလုပ်ကွက်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။ ကျန်တဲ့ သူတွေကိုလည်း ဆက်လက် ရှာဖွေနေကြတယ်လို့ ဆိုပါတယ်။

အခုချိန်မှာ မြေသားတွေ ဆက်ပြိုကျတာမရှိပေမယ့် လုပ်ကွက်တွေမှာ မြေသား အက်ကြောင်းပေါ်နေပြီး မိုးရွာရင် ထပ်မံမြေပြိုနိုင်တဲ့ အခြေအနေရှိနေပြီး အလုပ်သမားတွေအတွက် အန္တရာယ်များတယ်လို့ မြေပြိုမှုဖြစ်စဉ်အနီးမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“မနက် အစောပိုင်းလောက်ကို စပြိုတာပဲ။ ၁၂ ယောက်လောက် ပျောက်နေတယ်ဆိုပေမယ့် အဲ့ ၁၂ ယောက်ထဲမှာတော့ ၅လောင်းပဲ ရှာတွေ့သေးတယ်။ နာမည်တော့ အတိအကျမသိပေမယ့် ၅လောင်းပဲ ရှာတွေ့သေးတာ ဟုတ်။ အခုထိတော့ ဆက်ပြီး ရှာနေတုန်းပဲဟုတ်။ မနေ့က ရှာတွေ့တယ် ၅လောင်းကတော့။ ဒီနေ့ကတော့ တစ်လောင်မှတော့ ရှာမတွေ့သေးဘူး။ အခုတော့ လောလောဆယ် မပြိုတော့ဘူးဆိုပေမယ့် အပေါ်မှာ အက်ကြောင်းတွေ ရှိသေးတယ်။ ဆက်ပြီး မိုးရွာမယ်ဆိုရင်တော့ ပြိုနိုင်ခြေတော့ ရှိတယ်လို့ ပြောကြတယ်။ မိုးတွင်းဆိုတော့ အန္တရာယ်တော့ များတယ်။”

ပန်ဝါမြို့အနီး ဒေသအခေါ် တရုတ်နယ်ခြားမှတ်တိုင် အမှတ်(၃) မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်မှာ ဇွန်လ ၄ ရက် မနက်ပိုင်းက တူးဖော်ရေးလုပ်ငန်း လုပ်နေချိန် မြေပြိုမှုဖြစ်ပွားခဲ့ပြီး အခုလို လူတွေ ပျောက်ဆုံး သေကြေရတာလို့ ပြောပါတယ်။

မြေရှားသတ္တုတူးဖော်လုပ်ကွက်နဲ့ မြေပြိုတဲ့နေရာမှာ ပြည်သူ့စစ်တပ်ဖွဲ့တွေက လုံခြုံရေးတင်းကျပ်စွာ ချထားတယ်လို့ သူက ပြောပါတယ်။

မြေပြိုမှုနဲ့ ပတ်သက်လို့ ဓာတ်ပုံမှတ်တမ်းရိုက်ကူးပြီး လူမှုကွန်ယက် အွန်လိုင်းစာမျက်နှာပေါ် မတင်ဖို့ တရုတ်လုပ်ငန်းရှင်တွေ က ပြောဆိုထားပြီး ဓာတ်ပုံမှတ်တမ်း ရိုက်ကူးရင် မြန်မာကျပ်ငွေ ၃သိန်းနဲ့ ညီမျှတဲ့ တရုတ်ယွမ်ငွေ ၅၀၀ ဒဏ်ကြေးရိုက်ခံရမယ်လို့ မြေပြိုမှုလုပ်ကွက်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမားက ဗွီအိုအေကို ပြောပါတယ်။

မြေပြိုတဲ့အထဲ မိတ်ဆွေသူငယ်ချင်းတွေ အသက်ဆုံးရှုံးရတဲ့အတွက် စိတ်မကောင်းဖြစ်မိပြီး အခုလိုမျိုး ထပ်မံ မကြုံတွေ့အောင် သတိထား လုပ်ဆောင်ရမယ်လို့ အဲဒီ အလုပ်သမားက ဆက်ပြောပါတယ်။

“ဆွေမျိုးတွေ မပါပေမယ့် ဒီဆိုဒ် (Site) ရောက်ရောက်ချင်းခင်တဲ့ သူငယ်ချင်းတွေတော့ ပါတာပေါ့။ သူငယ်ချင်းတွေ ပါတဲ့အခါကျတော့ ရင်ထဲတော့ မကောင်းဘူးပေါ့နော်။ ဒီလိုမျိုး ပထမဆုံးအကြိမ် ကြုံတွေ့ရပြီဆိုတော့ နောက်လည်း အဲ့လိုမျိုး သတိထားဖို့ အဲ့လိုမျိုးရှိပါတယ်။ တရုတ်ကတော့ ဒီမှာ သူတို့က ပုံတင်မရိုက်ပါနဲ့လည်း တောင်းဆိုတယ်။ အဲ့လိုမျိုး ရိုက်ခဲ့ရင်လည်း အဲ့လိုမျိုး ဒဏ်ကြေးပေးဆောင်ရမယ်လို့ အဲ့လိုမျိုး ပြောထားတယ်ပေါ့နော်။ လုံခြုံရေးကတော့ သူတို့ဝန်ထမ်းတော့ ဆောင်ရွက်နေတာပေါ့။”

ဒေသတွင်း သတင်းတွေမှာတော့ - ပန်ဝါမြို့ မြေရှားသတ္တုလုပ်ကွက် မြေပြိုတဲ့အထဲ လူ ၂၀ ကျော် သေဆုံးခဲ့ပြီး အလောင်းတွေ အားလုံးမဖော်နိုင်သေးဘူးလို့ ဖော်ပြကြပါတယ်။

ကချင်ပြည်နယ်မှာ သယံဇာတ တူးဖော်မှုကြောင့် မြေပြိုမှုတွေကြား ထိခိုက်သေဆုံးတာ မကြာခဏ ဖြစ်လေ့ရှိနေသလို ပတ်ဝန်းကျင်ထိခိုက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

မြန်မာနိုင်ငံဟာ ရွှေနဲ့ ဓာတ်သတ္တုတူးဖော်မှုတွေ၊ သစ်ထုတ်လုပ်မှုတွေကြောင့် မြေယာနဲ့ သစ်တောဆုံးရှုံးမှုပမာဏ များလာပြီး ပတ်ဝန်းကျင်ဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးတွေ ရင်ဆိုင်နေရပြီလို့ ဇွန်လ ၅ ရက် မနေ့က ကျရောက်တဲ့ World Environment Day (ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့) မှာ ပညာရှင်တွေက သတိပေး ပြောကြားထားပါတယ်။

လူကြိုက်များပြီး ဈေးကောင်းလာနေတဲ့ရွှေကို နေရာအနှံ့မှာ တူးဖော်နေတာကြောင့် မြေယာတွေ ပျက်စီးပြီး အဆိပ်သင့် ညစ်ညမ်းလာနေတာပါ။ အလားတူပဲ တရုတ်နိုင်ငံရဲ့လိုအပ်ချက်ကြောင့် မြေရှားသတ္တုတွေ တိုးချဲ့ထုတ်လုပ်ရင်း မြေဆီလွှာပျက်စီးမှု၊ သစ်တောပြုန်းတီးမှုနဲ့ မြေယာပိုင်ဆိုင်မှု ဆုံးရှုံးတာတွေ ကချင်မှာ ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။

မြေရှားသတ္တုအပါအဝင် ကချင်ပြည်နယ်က သဘာဝပတ်ဝန်းကျင်ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နေသူ တဦးကတော့ သူ့ရဲ့အမြင် အခုလို ပြောပါတယ်။

"ထိခိုက်တာတော့ အများကြီးပါပဲ။ သူတို့ရဲ့ အေးချမ်းနေတဲ့ လူမှုအသိုက်အမြုံလည်း ငွေကြေးကြောင့် အချင်းချင်း အဖွဲ့တွေ ကွဲကြတာပေါ့။ တချို့ဟာတွေလည်း ငွေကြေးအမောင့် (Amount) များတဲ့အခါကျတော့ လျော်ကြေးအနေနဲ့ ပေးတာကို လက်ခံသင့်တဲ့အဖွဲ့နဲ့ လုံးဝလက်မခံသင့်တဲ့ အဖွဲ့ဆိုပြီး သာယာနေတဲ့ သူတို့အသိုက်အမြုံအချင်းချင်း အဖွဲ့ကွဲတွေ ဖြစ်တာပေါ့။ စိုက်ပျိုးမြေတွေလည်း ပျက်စီးရတာပေါ့။ လုပ်ငန်းခွင်ဒေသရှိတဲ့ ချောင်း၊ မြောင်း၊ အင်းအိုင်၊ သက်ရှိသတ္တဝါအားလုံး မျိုးတုံးပျောက်ကွယ်ခြင်းတွေ ဖြစ်နေတာပေါ့။"

စစ်ကောင်စီလက်ထက်မှာ အထိန်းအကွပ်မဲ့လာတဲ့ ရွှေနဲ့ ဓာတ်သတ္တုတူးဖော်မှုတွေ၊ သစ်ထုတ်လုပ်မှုတွေကြောင့် မြေယာနဲ့ သစ်တော ဆုံးရှုံးမှုပမာဏဟာ စိုးရိမ်စရာ အခြေအနေနဲ့ ကြုံနေရကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနေသူတွေနဲ့ သုတေသနပညာရှင်တွေက ဇွန်လ ၅ ရက် မနေ့က ကျရောက်တဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ သတိပေး ပြောဆိုထားတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG