သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အန္တရာယ်ကြားက မြန်မာ့မြေရှား ထုတ်လုပ်မှုအခြေအနေ Global Witness တင်ပြ


Global Witness' 2023 report said 177 land and environmental defenders were killed globally in 2022, including 16 in Asia. (Web ScreenShot)
Global Witness' 2023 report said 177 land and environmental defenders were killed globally in 2022, including 16 in Asia. (Web ScreenShot)

အရှေ့တောင်အာရှတခွင်မှာ မြေရှား ဓာတ်သတ္တုနဲ့ အခြား ရှားပါးတွင်းထွက် သတ္တုတွေ အကြီးအကျယ် တူးဖော်ထုတ်ယူမှုကြောင့် ဒေသတွင်း မြေယာနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေအတွက် အသက် အန္တရာယ်ကြုံရတာ၊ ခြိမ်းခြောက်ခံရတာတွေ ဖြစ်နေကြောင်း Global Witness အဖွဲ့ရဲ့ အစီရင်ခံစာသစ် တစောင်က ထောက်ပြလိုက်ပါတယ်။

စက်တင်ဘာ (၁၃)ရက်နေ့က ထုတ်ပြန်တဲ့ Global Witness ရဲ့ အစီရင်ခံစာသစ်အရ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတလွှား အနည်းဆုံး မြေယာနဲ့ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ ၁၇၇ ဦး သေဆုံးခဲ့ကြောင်းနဲ့ ဒါဟာ တရက်ခြားမှာ တယောက်နှုန်း အသတ်ခံနေရတယ်လို့ ဆိုပါတယ်။ အခု အသစ် သေဆုံးမှုမှတ်တမ်းတွေကြောင့် ၂၀၁၂ နဲ့ ၂၀၂၂ ခုနှစ်ကြားမှာ မြေကမ္ဘာကာကွယ်ရေး လုပ်ဆောင်သူတွေထဲက သေဆုံးရသူက ၁,၉၁၀ အထိရှိလာခဲ့ပြီလို့ Global Witness က ပြောပါတယ်။

"ရှားပါး တွင်းထွက်တွေကို ကမ္ဘာ့ဈေးကွက်မှာ လိုအပ်ချက်က ဒေသတွင်းမှာ သက်ရောက်မှုရှိပြီး ဒေသအနှံ့ ကိုလိုနီခေတ်က သယံဇာတ ထုတ်ယူကြသလို ကျယ်ကျယ်ပြန့်ပြန့် တူးဖော် ထုတ်ယူမှုတွေ ဖြစ်စေတယ်" လို့ Global Witness က ဆိုထားပေမယ့် ဘယ်ကဏ္ဍတွေက ဘယ်လို တိုက်ခိုက်မှုတွေ ဖြစ်စေကြောင်း ကိန်းဂဏန်းအသေးစိတ် ဖော်ပြမထားပါဘူး။ ဒါပေမယ့် ဥပမာပေးရာမှာတော့ မြန်မာနိုင်ငံမှာဆိုရင် “မြေရှား တူးဖော်ထုတ်လုပ် ရောင်းချရေး ကွင်းဆက် တခုလုံးက ကောင်းကောင်းမွန်မွန် တရားနည်းလမ်းတကျ လုပ်ဆောင်နေတာ မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင် ချိုးဖောက်မှုနဲ့ အလုပ်သမားတွေအပေါ် အမြတ်ထုတ်မှုတွေ ဖြစ်ပေါ်စေတယ်” လို့ ထောက်ပြထားပါတယ်။

ဒါ့အပြင် သေစေလောက်တဲ့ တိုက်ခိုက်မှုတွေအပြင် သဘာဝပတ်ဝန်းကျင် ကာကွယ်သူတွေ အသံတိတ်စေဖို့ ဗျူဟာတခုအဖြစ် ရာဇဝတ်မှု စွဲချက်တွေနဲ့ ဥပဒေကို လက်နက်သဖွယ် အသုံးချပြီး ဖိနှိပ်နေတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် ကမ္ဘာမြေ ကာကွယ်စောင့်ရှောက်သူတွေနဲ့ ရာသီဥတုပြောင်းလဲရေးကို တိုက်ဖျက်နေတဲ့ သူတို့ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြု၊ မြှင့်တင်ပေးရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်ဖို့ ကမ္ဘာတဝန်းက အစိုးရတွေကို တိုက်တွန်းထားပါတယ်။

အာရှမှာ မြေယာနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ အသတ်ခံရမှု အများဆုံးနိုင်ငံကတော့ ဖိလစ်ပိုင်ဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ လူ ၁၁ ဦး သေဆုံးခဲ့ရပါတယ်။ ဒါဟာ ဖိလစ်ပိုင်မှာ ၂၀၁၂ ခုနှစ်ကတည်းဆိုရင် မြေကမ္ဘာအရေး လှုပ်ရှားသူ စုစုပေါင်း ၂၈၁ ဦး သေဆုံးခဲ့ရပြီး ဖြစ်လို့ ကမ္ဘာမှာ ကိုလံဘီယာနဲ့ ဘရာဇီး နိုင်ငံတွေပြီးရင် တတိယမြောက် သေဆုံးမှု အများဆုံး ဖြစ်ပါတယ်။

ဒီ ၁၁ နှစ်တာ ကာလအတွင်း အိန္ဒိယမှာ (၈၁) ဦး၊ အင်ဒိုနီးရှားမှာ (၁၇) ဦး၊ ထိုင်းမှာ (၁၃) ဦးနဲ့ ကမ္ဘောဒီးယားမှာ (၁၀) ဦး အသတ်ခံခဲ့ရပြီး တကမ္ဘာလုံးမှာဆိုရင် Global Witness ရဲ့ စာရင်းဇယားအရ စုစုပေါင်း သတ်ဖြတ်မှုပေါင်း ၁,၉၁၀ ရှိကြောင်း မှတ်တမ်းတင်ထားပါတယ်။

ပွင့်လင်းမြင်သာမှု နည်းပါးခြင်းနဲ့ အမှုအခင်းများဆိုင်ရာ အချက်အလက်များရယူဖို့ ခက်ခဲခြင်းကြောင့် အရှေ့တောင်အာရှမှာ မြေယာနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ အသတ်ခံရမှု ကိန်းဂဏန်းက တကယ့် အရေအတွက်ထက် နည်းပါးနေတာ ဖြစ်နိုင်ကြောင်းလည်း Global Witness က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG