သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့မြေရှားသတ္တုတူးဖေါ်မှုနောက်ဆုံး အခြေအနေ


ပန်ဝါဒေသမှ မြေရှားသတ္တု ထုတ်လုပ်ရေးလုပ်ငန်းခွင်တချို့
ပန်ဝါဒေသမှ မြေရှားသတ္တု ထုတ်လုပ်ရေးလုပ်ငန်းခွင်တချို့

ကချင်ပြည်နယ် ချီဖွေ မြို့နယ်ထဲက ပန်ဝါဒေသမှာ မြေရှား မိုင်းတွင်းတွေကို စက်တင်ဘာလဆန်းကတည်းက ပိတ်သိမ်းထားတာ ပြန်လည် တူးဖော်ခွင့်မရသေးဘူးလို့ ဒေသခံ သတ္တုတွင်းလုပ်ငန်းရှင်တွေက ပြောပါတယ်။

အဓိကကျတဲ့ မြေရှား သတ္တု အရင်းအမြစ်တွေ အများအပြားရှိနေတဲ့ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် တရုတ်-မြန်မာ နယ်စပ်မှာ မြေရှားဓာတ်သတ္တုတူးဖော်ခွင့်ကို ဒီလ အစောပိုင်းကတည်း ပိတ်သိမ်းထားတယ်လို့ ဒေသခံသတ္တုတူးဖော်သူတွေက ပြောပါတယ်။ ပြန်လည် တူးဖော်ခွင့်ရဖို့ စောင့်ဆိုင်းနေကြဆဲ ဖြစ်ပြီ ဘယ်အချိန် လုပ်ငန်းတွေ ပြန်စနိုင်မလဲ ဆိုတာ မသိသေးကြောင်း ဒေသခံ သတ္တုတွင်းလုပ်ငန်းရှင်နဲ့ တရုတ်နိုင်ငံ လေ့လာသူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ကချင်ပြည်နယ် ချီဖွေ မြို့နယ်ထဲက ပန်ဝါဒေသမှာ မြေရှား မိုင်းတွင်းတွေကို ၁၀ ရက်ကြာ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဆိုပြီး စက်တင်ဘာ ၄ ရက်နေ့က လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ သတ္တုတူးဖော်တဲ့နေရာ ၃၀၀ ကျော်မှာ ကျပန်းစစ်ဆေးပြီးနောက် ဘယ်အချိန်မှာ ပြန်လည်စတင်ခွင့်ပြုမယ်ဆိုတာကို အသိပေးခြင်းမရှိသေးကြောင်း မြန်မာသတ္တုတူးဖော်ရေးကုမ္ပဏီ (၃) ခုရဲ့ ပြောဆိုချက် အရ သိရတယ်လို့ တရုတ်နိုင်ငံက အမည်မဖော်လိုတဲ့ လေ့လာသုံးသပ်သူတဦးက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကို ရိုက်တာက ဆက်သွယ်ပေမယ့် အဆက်အသွယ်မရကြောင်း ဖော်ပြထားပါတယ်။

ပန်ဝါ အနီးက ချောင်ရင်ကူမှာ ရှိတဲ့ တရုတ်ပိုင်ကုမ္ပဏီတခုမှာ လုပ်တဲ့ ဒေသခံသတ္တုတွင်းလုပ်သား တဦး ကတော့ အလုပ်တွေ ဆိုင်းငံ့ထားတာ ၁၀ ရက် ရှိနေပြီး စစ်ဆေးမှုတွေကြောင့် မိုင်းတွင်းလုပ်သား ဒါဇင်ပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်နေကြောင်း ရိုက်တာကို ပြောပါတယ်။

မြေရှားဓာတ်သတ္တုဟာ စမတ်ဖုန်းတွေ၊ ကွန်ပျူတာတွေက အစ လျှပ်စစ် ကားအထိ ခေတ်သစ် နည်းပညာနဲ့ လူသုံးလျှပ်စစ်ပစ္စည်းတွေနဲ့ စစ်လက်နက်ပစ္စည်းတွေမှာ အသုံးပြုတဲ့ သတ္တုဓာတ် ၁၇ မျိုး အုပ်စုဝင်ဖြစ်ပြီး တရုတ်နိုင်ငံဟာ လက်ရှိ ကမ္ဘာ့ထိပ်တန်း မြေရှား သတ္တု ကုန်ကြမ်း ဝယ်ယူ ထုတ်လုပ် သုံးစွဲသူ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအတွင်း မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို မြေရှား ဓာတ်သတ္တု တင်သွင်းမှု ၃၈ ရာခိုင်နှုန်းရှိတယ်လို့ တရုတ်နိုင်ငံရဲ့ စာရင်းအင်း အချက်အလက်တွေက ပြောပါတယ်။ အမေရိကန် ဘူမိဗေဒစစ်တမ်း အရ မြန်မာဟာ ၂၀၂၂ ခုနှစ်မှာ ကမ္ဘာပေါ်မှာ စတုတ္ထမြောက် မြေရှား သတ္တု တူးဖော်မှု အများဆုံး ဖြစ်ပါတယ်။

Dysprosium oxide SMM-REO-DXO ဈေးနှုန်းတွေက ၁ ကီလိုဂရမ်မှာ ပေါက် ဈေး ၂,၆၁၀ ယွမ်၊ ဒေါ်လာ နဲ့ ဆိုရင် ၃၅၉ ဒေါ်လာ ဝန်းကျင်ရှိပြီး၊ ၂၀၂၂ ခုနှစ် မေလနောက်ပိုင်း အမြင့်ဆုံးဖြစ်နေကြောင်း ရှန်ဟိုင်း ဓာတ်သတ္တုဈေးကွက် အချက်အလက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်သီတင်းပတ်တွေ အတွင်းမှာ တရုတ်မြေရှား ဈေးကလည်း ခုန်တက်သွားပေမယ့် အခုရက်ပိုင်းမှာ ဈေးငြိမ်နေပြီး ရောင်းသူဘက်က တက်ဈေး စောင့်နေပေမယ့် ဝယ်လက်တွေဘက်ကတော့ လက်ရှိ အနေအထားမှာ အဝယ်လိုက်ဖို့ မရှိကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG