သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ဖွင့်ပေမဲ့ ဒေသခံတွေ အခက်ကြုံရဆဲ ပူတာအို-မြစ်ကြီးနားလမ်း


မြစ်ကြီးနား - ပူတာအို ကားလမ်းမှာမြင်ရတဲ့ ကုန်တင်ယာဥ်များ။ (Courtesy: Citizen Journalist)
မြစ်ကြီးနား - ပူတာအို ကားလမ်းမှာမြင်ရတဲ့ ကုန်တင်ယာဥ်များ။ (Courtesy: Citizen Journalist)

ပြန်ဖွင့်ပေမဲ့ ဒေသခံတွေ အခက်ကြုံရဆဲ ပူတာအို-မြစ်ကြီးနားလမ်း

တိုက်ပွဲအခြေအနေကြောင့် ၃ လ ဝန်းကျင် အသွားအလာပိတ်ထားတဲ့ မြစ်ကြီးနားလမ်းမှာ ကုန်တင်ယာဉ်နဲ့ စက်သုံးဆီကားတွေ သွားလာခွင့်ရတာ ၂ ပတ်နီးပါး ရှိပါပြီ။ ပူတာအို မြို့တွင်းမှာတော့ စားသောက်ကုန်စည်တွေ စျေးနှုန်း ပုံမှန် ပြန်မဖြစ်သေးပဲ ဖုန်းလိုင်း အဆက်အသွယ်လည်း ခက်ခဲနေတယ်လို့ မြို့ခံတွေနဲ့ အနီးဝန်းကျင်မှာ နေထိုင်သူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့ထားတဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြားက တိုက်ပွဲတွေကြောင့် မြစ်ကြီးနားလမ်း အသွားအလာ ၃ လဝန်းကျင် ပိတ်ခံခဲ့ရတာပါ။ မြစ်ကြီးနား - ပူတာအိုကားလမ်းကို ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မှာတော့ ပြန်ဖွင့်ပေးခဲ့ပြီး ကုန်စည်ပို့ဆောင်ရေးအတွက် အကန့်အသတ်နဲ့သာ ခွင့်ပြုခဲ့တာပါ။ ရောက်လာတဲ့ ကုန်စည်နဲ့ မြို့နေလူဦးရေ အချိုးအစားမမျှလို့ ကုန်စည်စျေးနှုန်း ပုံမှန်ပြန်မဖြစ်သေးဘူးလို့ ပူတာအိုမြို့ခံတဦးက ပြောပါတယ်။

ပူတာအိုမြို့အဝင်ဆိုင်းဘုတ်။ (Courtesy: CJ)
ပူတာအိုမြို့အဝင်ဆိုင်းဘုတ်။ (Courtesy: CJ)

"ပုံမှန်တော့ မဖြစ်သေးပါဘူး။ စျေးတွေကတော့ တဖြည်းဖြည်းတော့ ကျလာတယ်။ ဒါပေမဲ့ ပုံမှန်အနေအထားတော့ မရောက်သေးဘူးပေါ့။ နောက်ထပ် ၃ - ၄ ရက်လောက် ထပ် စောင့်ကြည့်ရဦးမယ်။ စက်သုံးဆီကလည်း စျေးတွေကတော့ ကျလာပြီ။ ဒါပေမဲ့ တလီတာကို ၈,၈၀၀။"

ဆက်သွယ်ရေးအတွက် ဖုန်းလိုင်း တော်တော်များများလည်း မရသေးဘူးလို့ ပြောပါတယ်။

"ဖုန်းလိုင်းတွေ မရဘူး။ Mytel ပဲရမယ်။ Telenor တော့ တချက်တချက်မိတယ်။ အင်တာနက်တော့ ပြတ်တာကြာပြီ။ ဖုန်းလိုင်းလည်း Mytel တခုပဲရတယ်။ Mytel တောင်မှ အိမ်အပြင်ပဲမိတယ်။ အိမ်ထဲမှာဆို မမိဘူး။ MEC ဆင်းကဒ်တော့မိတယ်။"

ပူတာအိုမြို့မှာရှိတဲ့ ဆွေမျိုးသားချင်းတွေဆီ ကုန်ပစ္စည်း ပို့ချင်တာနဲ့ ငွေလွှဲဖို့အတွက်ကို အချင်းချင်း ဆက်သွယ်နိုင်ဖို့က အခုချိန်ထိ ခက်ခဲနေတယ်လို့ သိရပါတယ်။ အင်တာနက်လိုင်း လုံးဝ ပြတ်တောက်နေပြီး၊ ဖုန်းလိုင်းကလည်း ပုံမှန် ပြန်ဆက်သွယ်နိုင်တာ မဟုတ်သေးဘူးလို့ မြစ်ကြီးနားဒေသခံ တဦးက ပြောပါတယ်။

"လိုင်းမရလို့ ပူတာအိုဘက်နဲ့ အဆက်အသွယ်မရဘူး။ ပူတာအိုဘက်ကို ကားတော့ တက်နေပြီ။ ဒါပေမဲ့ ခရီးသည်တော့ မသွားခိုင်းဘူးပေါ့။ ဆီကားတွေ၊ ကုန်ကားတွေတော့ တက်နေပြီ။"

မြစ်ကြီးနား - ပူတာအိုလမ်းမှာ ကုန်တင်ယာဉ်တွေကို အကန့်အသတ်နဲ့သာ ခွင့်ပြုထားပြီး၊ ခရီးသည်တင်ယာဉ်တွေကတော့ အခုချိန်ထိ သွားလာခွင့် မရသေးပါဘူး။ ကုန်စည်ပို့ဆောင်တဲ့ ယာဉ်တွေ ပုံမှန်အတိုင်း ပြန်မထွက်သေးလို့ ကားဂိတ်တွေမှာ သေချာစုံစမ်းဖို့ လိုတယ်လို့ ယာဉ်မောင်းတဦးက ပြောပါတယ်။

"ပစ္စည်းပို့ချင်ရင် ရတော့ရတယ်လေ။ ကျနော်တို့ ဂိတ်မှာပဲ သွားပြောရမှာ။ ဂိတ်မှာပဲ ပို့ရမှာ။ လမ်းပန်း ဆက်သွယ်ရေး အားလုံးကောင်းတယ်။"

စားဝတ်နေရေး ခက်ခဲတဲ့ အိမ်ထောင်စုတွေကို ဒေသခံလူငယ်တွေက ဆန်လှူပေးတာ ရှိပါတယ်။ မေလကုန်ပိုင်းက တိုက်ပွဲကြောင့် ပူတာအိုမြို့နယ် ကားလမ်းဘေးမှာရှိတဲ့ ရွာတွေမှာ နေထိုင်သူတွေဟာ စစ်ရှောင်နေကြရတာပါ။ ကုန်သွယ်ရေးမှာ အရေးပါတဲ့ မြစ်ကြီးနားလမ်းကို သွားလာခွင့် ပိတ်ခဲ့လို့ ပူတာအိုမြို့မှာ စားသောက်ကုန်နဲ့ စက်သုံးဆီ ပြတ်လပ်ခဲ့ပြီး စျေးအဆမတန်ပေးဝယ် ခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG