သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဒဏ်ကြောင့် ပူတာအိုမှာ ကုန်ဈေးနှုန်းနဲ့ ဓာတ်ဆီဈေးမြင့်တက် 


ပူတာအိုမြို့
ပူတာအိုမြို့

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေးအရ အရေးပါတဲ့ မြစ်ကြီးနားလမ်းပိတ်ထားတာ ၂လကျော်ကြာလာချိန်မှာ ပူတာအိုမြို့မှာ ဆန်နဲ့ လောင်စာဆီ အခက်အခဲတွေ ကြုံတွေ့နေရသလို ဈေးတွေလည်း အဆမတန်မြင့်တက်နေပါတယ်။ စစ်ဒဏ်ခံနေရတဲ့ ပူတာအိုမြို့မှာ အဓိက စားသောက်ကုန်နဲ့ ဓါတ်ဆီဈေးတွေ အဆမတန်မြင့်မားနေပြီး ဆက်သွယ်ရေးလည်း ပြတ်တောက်နေပါတယ်။ ပူတာအို ဒေသခံတွေ ရင်ဆိုင်နေရတဲ့ အခြေအနေ ရန်ကုန်က ပေးပို့ထားတာကို အခြေခံပြီး ကိုစည်သူ တင်ပြထားပါတယ်။

ကချင်ပြည်နယ်မှာ မတ်လ ဒုတိယပတ်က ဆွမ်ပရာဘွမ်မြို့နယ်တဝိုက် တိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက် အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မြစ်ကြီးနား- ပူတာအိုလမ်းကို အသွားအလာပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း စစ်ရေးတင်းမာနေပြီး လမ်းပြန်မဖွင့်နိုင်တာကြောင့် ပူတာအိုမြို့နယ်မှာ ဆန်နဲ့ စက်သုံးဆီတွေ ပြတ်လပ်လာနေတာပါ။ ဆန်ရှားပါးတာကြောင့် ဈေးတွေ အဆမတန်မြင့်တက်လာနေတဲ့ အခြေအနေကို ပူတာအိုမြို့နယ် ပြင်ပကို ရောက်ရှိနေတဲ့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“လောလောဆယ်က ကားလမ်းပိတ်တဲ့အတွက်ကြောင့်ပေါ့နော်။ ဆန်ပြဿနာက ပူတာအိုကလူတွေ အဓိက ခံနေရတာ။ တချို့က ကားလမ်းကောင်းတဲ့နောက်ပိုင်းဆို လယ်တွေဘာတွေ မလုပ်တော့ဘူးဆို ဝယ်စားကြတဲ့သူတွေများတယ်ဆိုတော့ ပူတာအိုက လူတွေက အခက်အခဲတွေ့နေကြတယ်။ မြို့ပေါ်က လူတွေပေါ့နော်။ ဒေသထွက်ဆန်က တပုံးပေါ့နော။ ၈ပြည်တပုံးကို တသိန်း၊ တသိန်းခွဲနဲ့ ရောင်းနေတယ်ပြောတယ်။ လေယာဉ်နဲ့ သယ်တဲ့ ဆန်ကျတော့ဝန်ထမ်းတွေကို ဝန်ထမ်းတွေကို တပုံးကို တသိန်းနဲ့ ရောင်းပေးနေတယ်ပြောတယ်။ ဓါတ်ဆီကတော့ တပေပါကိုတော့ သိန်း ၁၀၀ ကျော်ပြီလို့ ပြောတယ်။ ပုလင်းဈေးကတော့ အနည်းဆုံး ၈သောင်း၊ ၉သောင်း အဲလို ဝယ်ထည့်ရတယ်လို့ ပြောတယ်။”

ဆန်နဲ့ စက်သုံးဆီအပြင် အခြေခံ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေလည်း ပြတ်လပ်နေကြောင်းလည်း ပြောပါတယ်။
ဓါတ်ဆီနဲ့ ဒီဇယ် ရှားပါးလာတာကြောင့် တယ်လီဖုန်းတာဝါတိုင်တွေ ကောင်းကောင်း မလည်ပတ်နိုင်ဖြစ်ပြီး ဖုန်းအဆက်အသွယ်တွေလည်း ရပ်ဆိုင်းလာနေပါတယ်။

“ ကျနော်တို့ အခု ပူတာအိုဘက်၊ နောင်မွန်းဘက်ကတော့ ဖုန်းတာဝါတိုင်တွေလည်း ဒီဇယ်မရှိတော့ အချိန်ပြည့် မဖွင့်နိုင်ဘူးဖြစ်နေတယ်။ ဆိုလာလည်း တပ်တော့ တပ်ထားပေမဲ့ အဲဒီဘက်ပိုင်းမှာက အခုက မိုးရာသီဆိုတော့ နေရောင်မရတဲ့အတွက်ကြောင့် ဆိုလာလည်း သိပ်သုံးလို့ မရတော့ဘူး။ ဖုန်းလိုင်းက အဆင်မပြေတာဖြစ်တယ်။”

မြစ်ကြီးနားမြို့ကို ရောက်နေတဲ့ ဒေသခံတဦးကတော့ ပူတာအိုဘက် ဆက်သွယ်တဲ့အခါ ဖုန်းလိုင်းတခု မရရင် တခြားတခုနဲ့ ပြောင်းလဲ သုံးစွဲနေရကြောင်း ပြောပါတယ်။

“ ဖုန်းလိုင်းကလည်း တခါတလေ ပြတ်ပြတ်သွားတာ ဟုတ်တယ်ဆရာ၊ ကဒ်အစုံထိုးထားရတဲ့ အနေအထား ဖြစ်နေတယ်။ အဲလို တလိုင်းမကောင်း တလိုင်းနဲ့တော့တခါတလေတော့ မိတတ်တယ်။ ပူတာအို- မြစ်ကြီးနားလမ်းပိတ်ထားတာလည်း ကြာပြီလေ။ ၂လကျော်နေပြီ။ အဲတော့ ဒီ အဲဒီတကြောက တာဝါတိုင်မှာ စက်လည်ဖို့ ဆီတွေ ဘာတွေလည်း သူတို့မထည့်နိုင်ဘူးနဲ့ တူတယ်။ အဲဒါကတော့ ခက်မှာပဲ။ ခက်မှာပဲဆိုတော့ လမ်းက သူတို့ ဘယ်သူမှ သွားလာခွင့်မပြုတော့ဘူးလေ။”

ဓါတ်ဆီနဲ့ ဒီဇယ်ဆီပြတ်လပ်တာကြောင့် ဒေသခံတွေဟာ သွားလာရေးအတွက် အခက်အခဲဖြစ်ကြရသလို လယ်ယာလုပ်ကိုင်ရာမှာ အသုံးပြုတဲ့ လယ်ထွန်စက်တွေအတွက်လည်း အခက်အခဲဖြစ်နေကြပါတယ်။ ဒီရက်ပိုင်းတွေမှာတော့ ဆွမ်ပရာဘွမ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်နေတာကြောင့် ပူတာအိုမြို့နယ်ကားလမ်းတကြောက လုံရှာယန်၊ တန်ဂျာ၊ ဝါဒတ်နဲ့ ဆွမ်ပီယန်စတဲ့ ကျေးရွာတွေက ထောင်နဲ့ ချီတဲ့ ပြည်သူတွေဟာ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒီစစ်ရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာအခက်အခဲအပြင် မိုးတွင်းကာလရောက်တာကြောင့် နေအိမ်တဲဆောက်ဖို့ မိုးကာနဲ့ ဆေးဝါးတွေလည်း လိုအပ်နေကြောင်း ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။ VOA က ပူတာအို၊ နောင်မွန်း၊မချမ်းဘောနဲ့ ဆွမ်ပရာဘွမ်က ဒေသခံတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။ ဒီဒေသရဲ့ ပြင်ပကို ရောက်ရှိနေသူတွေနဲ့သာ ဆက်သွယ်ရခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG