သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လမ်း တံတားကြေးတချို့ ဇွန် ၁ ရက် စတက်မည်


ရန်ကုန်-မန္တလေးအမြန်လမ်းတနေရာ (မတ် ၂၆၊ ၂၀၂၂)
ရန်ကုန်-မန္တလေးအမြန်လမ်းတနေရာ (မတ် ၂၆၊ ၂၀၂၂)

မြန်မာနိုင်ငံက လမ်းကြေး တံတားကြေးတွေကို ဇွန်လ (၁)ရက်နေ့က စပြီး လမ်းနဲ့ တံတား ဖြတ်သန်းခတွေကို လက်ရှိနှုန်းထက် ထက်၀က်တိုး ကောက်ခံသွားဖို့ရှိကြောင်း ကုန်စည်ပို့ဆောင်‌ရေးလုပ်ငန်းရှင်တွေက ဗွီအိုအေကို အတည်ပြုပြောကြားခဲ့ပါတယ်။ လမ်း တံတားဖြတ်ခစျေးနှုန်း မြှင့်တင်တဲ့အထဲမှာ ကုန်တင်ကားတွေအပါအ၀င် ခရီးသည်တင်ဘတ်စ်ကားတွေနဲ့ ကိုယ်ပိုင်ကားတွေပါ အကျုံး၀င်မယ့် အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က ပေးပို့လာတဲ့ သတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

ရန်ကုန်ကနေ မန္တလေး၊ တောင်ကြီးသွားတဲ့ လမ်းတွေမှာ လမ်းနဲ့ တံတား ဖြတ်သန်းခတွေကို နက်ဖြန် ဇွန်လ ၁ ရက်နေ့က စပြီး တိုးကောက်မယ်လို့ အဝေးပြေးလုပ်ငန်းတွေကို အသိပေးထားပါတယ်။ ဘယ်လောက်တိုးကောက်မယ်ဆိုတာ သက်ဆိုင်ရာ ကုမ္ပဏီတွေဘက်က အတိအကျ ကြေညာထားခြင်းမရှိပဲ လက်ရှိနှုန်းထက် ထက်ဝက်တိုးကောက်ဖို့ရှိတယ်လို့ အကြောင်းကြားထားကြောင်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းရဲ့တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

" အဓိကတော့ ရန်ကုန်-မန္တလေး၊ ရန်ကုန်-တောင်ကြီးလမ်းပေါ့။ ရန်ကုန်-တောင်ကြီး-မန္တလေးပေါ့ အဲလမ်းလောက်ပဲ ဖြစ်မယ်။ စျေးနှုန်းက အရင် (တမိုင်ကို) ၃၀၀ (ကျပ်) ကောက်တဲ့ဟာကို ၁၅၀ လောက်၊ တဝက်တက်မှာပေါ့။ အရင်လက်ရှိ ကောက်တဲ့စျေးနှုန်းရဲ့ တဝက်။ ဥပမာ အရင် ၁၀,၀၀၀ ဆိုရင် နောက်ထပ် ၅,၀၀၀ တိုးမဲ့သဘောရှိတာပေါ့။ ကားတစီးကို တမိုင်ကို ၃၀၀ ကောက်တာရှိတယ်၊ ၂၀၀ ကောက်တာရှိတယ်၊ ဒါမျိုးတွေရှိမှာပေါ့။ ဥပမာ ၂၂ ဘီးကားဆို ၃၀၀ ပေါ့ဗျာ၊ ၁၂ဘီးကားဆို ၂၅၀၊ ခြောက်ဘီးကားဆို ၂၀၀။ အဲဒါကို အရင် ၂၀,၀၀၀ ကျတဲ့ကတ္တားတခုက ၃၀၀၀၀ ကျမှပေါ့ဗျာ။ ၂၅,၀၀၀ လောက် ကျမယ်ထင်တယ်။"

ကန်ထရိုက် အငှားစာချုပ် BOT စနစ်နဲ့ လုပ်ကိုင်နေတဲ့ လမ်းနဲ့ တံတား အသုံးပြုခ ကောက်ခံနေတဲ့ ဆောက်လုပ်ရေး တိုးမြှင့်ကောက်ခံတာဟာ အစိုးရနဲ့ စာချုပ် ချုပ်ထားတဲ့ ကုမ္ပဏီတွေရဲ့ လုပ်ပိုင်ခွင့်အရဖြစ်တယ်လို့ ဆောက်လုပ်ရေးဌာနရဲ့ အမြဲတမ်းအတွင်းဝန်က ဗွီအိုအေကို ပြောပါတယ်။

“တနိုင်ငံလုံးအနေနဲ့ မဖြစ်နိုင်ဘူး၊ မဟုတ်လောက်ဘူး ကျနော်တို့သိသလောက်လေ။ သူ့ဖာသူ လမ်းအလိုက် ဖြစ်ချင်လည်း ဖြစ်လိမ့်မယ်၊ BOT စာချုပ်အရသွားနေတဲ့ ကဏ္ဍတွေရှိတယ်၊ ကျနော်တို့က တစုံတခု လိုအပ်ချက်အတွက်ကြောင့် တိုးမြင့် ကောက်ခံတယ်ဆိုတာ မဟုတ်ဘူး။ သူ့ဖာသူ စာချုပ်အရပဲ သွားတာပါ။ BOT ဆိုရင်လည်း BOT လမ်းအားလုံး ဟုတ်ချင်မှ ဟုတ်လိမ့်မယ်၊ မိုင်ထောင်ချီတယ် ဆိုတဲ့အခါကြတော့ ဘယ်ဟာက ဘယ်လိုဆိုတာ ကျနော်တို့ အတိအကျပြောဖို့ ခက်ပါတယ်။"

ဇွန်လ ၁ရက်နေ့မှာ တိုးပြီးကောက်ယူမည့် ကုမ္ပဏီတွေဟာ လမ်းအကျယ်ကို စာချုပ်ပါအချက်တွေအတိုင်း ၄၈ပေပြည့်အောင် ဆောက်လုပ်ထားတဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်။ အခုလို ဆောက်လုပ်ရေးကုမ္ပဏီတွေဘက်က လမ်းတံတားကြေး တိုးမြှင့်ကောက်ယူတဲ့ အကြောင်းအရင်းတွေထဲမှာ ဆောက်လုပ်ရေး ကုန်ကျစရိတ်နဲ့ လုပ်အားခတွေ စျေးတက်လာလို့ ဖြစ်နိုင်ကြောင်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကြည်သိန်းက သုံးသပ်ပါတယ်။

BOT နှစ်ရှည်အငှားစနစ်နဲ့ ကန်ထရိုက်ယူထားတဲ့ လမ်း၊ တံတား ဆောက်လုပ်ရေး လုပ်ငန်းတွေကတော့ ဇွန်လ ၁ ရက်ကနေ တိုးပြီးကောက်မယ်ဆိုတာကို သူတို့ရဲ့ ငွေကောက်ခံဂိတ်တွေမှာ ကြေညာထားပေမဲ့ နှုန်းထားအတိအကျတော့ ဖေါ်ပြမထားဘူးလို့ အဝေးပြေး ကုန်တင်ယာဉ်မောင်းများ အဖွဲ့ရဲ့ တာဝန်ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

"BOT ပေးထားတဲ့ လမ်းပိုင်းတွေပဲ တိုးမှာပါ တရက်နေ့၊ မန္တလေး၊ မြစ်ကြီးနား အကုန်ပေါ့။ တိုးကောက်လိုက်တယ်ဆိုရင် သတင်းအရတော့ ကုန်သည်တွေကတော့ ကုန်စျေးနှုန်းတက်ဖို့ လုပ်မှာပဲ။ တကယ်တမ်းကြတော့ ကားခတက်၏ မတက်၏ ဆိုတာကလည်း ကြည့်ရမှာ။ တခါတလေ လမ်းပိတ်ဆို့နေတယ်ဆိုတဲ့ ကြားထဲမှာတောင် ကားခက တက်ချင်မှ တက်တာလေ။ ဥပမာ ရန်ကုန်-မန္တလေးလမ်းပဲ ဖွင့်တယ်ဆိုလည်း ရန်ကုန်-မန္တလေးလမ်းကို ရှိတဲ့ကားတွေ စုပြုံပြီး ဆွဲနေကြတာဆိုရင်တော့ တန်ဆာခက တအားကြီး ထိုးမတက်ဘူး။"

လက်တလောမှာတော့ မန္တလေးအထက်ပိုင်း လမ်းတွေမှာရှိတဲ့ ဂိတ်တွေမှာ ကုန်တင်တွဲကားတစီးကို တသောင်းကျပ်ဝန်းကျင် ကောက်ခံပါတယ်။ မန္တလေးနဲ့ ရန်ကုန်ကြားမှာရှိတဲ့ ဂိတ်တွေကတော့ တွဲကားတစီးကို ၂သောင်းကျပ်စီ ကောက်ခံနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG