ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး အောင်ပွဲသတင်းတွေ ကြားခဲ့ရပြီးတဲ့နောက် အလားတူ အောင်ပွဲသတင်းတွေထက် ဒေသတွင်းနဲ့ တော်လှန်ရေး အင်အားစုအချင်းချင်းကြား သဘောကွဲလွဲမှုတွေ၊ ပဋိပက္ခသတင်းတွေကို ပိုမိုကျယ်ကျယ်လောင်လောင် ကြားလာရပါတယ်။ ဒီပဋိပက္ခတွေက စစ်ကောင်စီ ဆန့်ကျင်ရေးကို ဘယ်လောက်ထိခိုက်နိုင်ပါသလဲ။ ပြေလည်နိုင်မယ့် အလားအလာကော ဘယ်လိုရှိပါသလဲဆိုတာ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်း အစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦကျော်ဇံသာ။ နွေဦးတော်လှန်ရေးက အရှိန်ရပ်သွားတယ်လို့ပြောလို့ရမလား။ တိုက်ပွဲအောင်နိုင်တယ်ဆိုတဲ့ သတင်တွေထက် တော်လှန်ရေးအင်အားစုအချင်းချင်း ပဋိပက္ခဖြစ်တဲ့ သတင်းတွေ ပိုပြီးတော့ ကြာနေရပါတယ်။
ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မြသဇင်။ စစ်ကောင်စီကို ဆန့်ကျင်တဲ့ တော်လှန်ရေးထဲမှာ အရှိန်မြင့်ဆုံး တော်လှန်ရေးကာလဟာ ၁၀၂၇ ရှမ်းမြောက်တော်လှန်ရေး ဖြစ်ပါတယ်။ အဲဒီတုန်းကအောင်မြင်မှုတွေ သိပ်ရရှိခဲ့ပြီးတော့ အဲဒီစစ်ဆင်ရေးအလွန်ကာလမှာ နည်းနည်းနှေးသွားတယ်ဆိုတဲ့သဘော တွေ့ရပါတယ်။ ဆိုတော့ အဲဒီတိုက်ပွဲ တော်လှန်းရေးအောင်မြင်မှု သိမ်းပိုက်နိုင်မှုတွေ နှေးလာတာနဲ့အမျှ တဘက်ကလည်း ပဋိပက္ခတွေ ဒေသတွင်းအချင်းချင်း ပဋိပက္ခတွေလည်း သတင်းကျယ်လာတယ်ဆိုတော့ - တိုက်ပွဲသတင်းတွေက သတင်းမှေးမှိန်းသွားတယ်။
မေး ။ ။ အရှိန်နှေးသွားတယ်တော့ မဟုတ်ဘူးပေါ့။
ဖြေ ။ ။ အရှိန်တော့ မနှေးဘူးထင်ပါတယ်။ တိုက်ပွဲတွေကတော့ ဖြစ်နေတာပဲ။ ရခိုင်ဘက်မှာလည်း အဲဒါနဲ့ တထပ်တည်း နယ်မြေတွေသိမ်းတယ်။ ကရင်နီမှာလည်း တိုက်ပွဲတွေ ဖြစ်နေပြီးတော့ နယ်မြေတွေ သိမ်းနေပါတယ်။ KIA ကချင်လည်း မြောက်ပိုင်းမှာ သိမ်းယူနေတာ ရှိပါတယ်။ ထို့အတူ ချင်းဘက်မှာလည်း ဖြစ်နေတယ်ဆိုတော့ နိုင်ငံတဝှမ်းမှာ တိုက်ပွဲတွေက ဖြစ်နေတယ်။ သို့ပေမဲ့ ကျနော်တို့က စစ်ရေးအားဖြင့် ပြောနိုင်သလို၊ သတင်းသမားဆိုတော့ သတင်းတွေကို အခြေခံပြီတော့ ပြောရတာ ဖြစ်ပါတယ်။ တော်လှန်ရေးသတင်တွေ၊ တိုက်ပွဲသတင်းတွေက နည်းနည်းမှိန်းပြီးတော့ ပဋိပက္ခသတင်းတွေ များလာတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ စ်းကောင်စီကလည်း ရှမ်းမြောက်ပဋိပက္ခမှာ တရုတ်က ကြားဝင်စေ့စပ်ပေးလိုက်ပြီးတော့ တဘက်က တိုင်းရင်းသားအင်အားစုတွေက သူတို့လိုအပ်တဲ့ လိုချင်တာတွေကို တစိတ်တဒေသ ရရှိပြီးတော့ ငြိမ်သွားတဲ့အခါမှာ စစ်ကောင်စီက ကျန်တဲ့ဒေသတွေကိုလည်း စနစ်တကျ ပြန်လည်ခုခံဖို့ ကြိုးစားလာနိုင်တယ်။ ရှမ်းမြောက်မှာလို အငိုက်မိပြီတော့ အဖမ်းခံရတာမျိုး အကျခံလိုက်ရတာ စွန့်လွှတ်ခံလိုက်ရတာမျိုး သိပ်မရှိတော့ဘူး။ အဲဒါကြောင့် တိုက်ပွဲတွေက အပြန်အလှန် ရင်ဆိုင်မှုတွေ ရှိနေတယ်လို့ပဲ သတင်းတွေအရ ပြောရမှာ ဖြစ်ပါတယ်။
မေး ။ ။ ဒီအချင်းချင်း ပဋိပက္ခတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ။ အချိန်မီအဆင်ပြေမှုကော ရနိုင်ပါ့မလား။
ဖြေ ။ ။ ဒီပဋိပက္ခတွေက တကယ်တော့ စစ်ကောင်စီကို ဆန့်ကျင်တဲ့ တိုက်ပွဲတွေမတိုင်မီကတည်းက ရှိနေခဲ့တယ်။ ဒီကိစ္စက ဖြစ်နေခဲ့ပြီတော့ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်မှာ ဘုံရည်မှန်းချက်ဖြစ်တဲ့ စစ်ကောင်စီဖြုတ်ချရေးအတွက် တိုက်နေတာ ဖြစ်ပါတယ်။ ဆိုတော့ အဲဒီရည်မှန်းချက်ကို မျက်ချေမပြတ်ဘို့ သိပ်အရေးကြီးတယ်ဆိုပြီးတော့ နိုင်ငံတကာသုံးသပ်သူတွေက ရေးကြတယ်။ သို့သော်လဲ တချိန်တည်းမှာ အမြဲတမ်းသတိပေးတာကတော့ အချင်းချင်းပဋိပက္ခတွေ Subnational conflicts တွေ လူမျိုးစုပဋိပက္ခတွေ၊ နယ်မြေအငြင်းပွားမှုတွေ - ဒါတွေကို အလေးအနက်ထား စဉ်းစားဖို့ကို ထောက်ပြပြောဆိုကြတာ ရှိပါတယ်။
မေး ။ ။ ရခိုင်ဘက်က အခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ အဲဒီဒေသတွင်း ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေထဲမှာ ရခိုင်မှာ ဖြစ်လာတဲ့ပြဿနာက အဆိုးဆုံးနဲ့ အကျယ်လောင်ဆုံး ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပဋိပက္ခမှာ နိုင်ငံတကာက ပိုမိုအာရုံစူးစိုက်မှု ရှိတယ်။ တချိန်တုန်းက ဒီကိစ္စဟာ ICJ အထိ ရောက်ခဲ့တယ်။ ကမ္ဘာကနေ အာရုံစူးစိုက်တဲ့အထိ ဖြစ်ခဲ့တယ်ဆိုတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ သိပ်အကဲဆတ်တယ်။ Very sensitive တခု ဖြစ်လိုက်တာနဲ့ အုံးကနဲထပြောကြတာ ရှိကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ VOA က ကိုသားညွှန့်ဦး မေးထားတဲ့အထဲမှာ AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောတာကြားပါတယ်။ သူတို့ အတတ်နိုင်ဆုံး ထိန်းသိမ်းပြီးတော့ လုပ်တယ်။ သူတို့ပြောတဲ့အတိုင်းဆိုရင်တော့ သူတို့က အတတ်နိုင်ဆုံး ဒီကိစ္စကို ပြေလည်အောင်လုပ်မယ်။ နောက် သူပြောတဲ့အထဲမှာ ကျနော် တခုသတိထားမိတယ် - ရခိုင်ပြည်နယ်မှာ မူဆလင်ဘာသာဝင်တွေ နေလာတာဟာ ဘူးသီးတောင်၊ မောင်းတောမှာ များပေမဲ့ မြောက်ဦး၊ ကျောက်တော်တို့နဲ့ တခြားမြို့နယ်တွေမှာလည်း မင်းပြား သံတွဲတို့ အများကြီးပါပဲ ကျောက်ဖြူ၊ ရမ်းဗြဲတို့ဘက်မှာလည်း ရှိပါတယ်။ သူတို့ဒေတွေမှာ အဲဒီလို မဖြစ်ဘဲနဲ့ ဘူးသီးတောင်၊ မောင်းတောမှာပဲ များများရှိတယ်ဆိုတော့ ဒါကလည်း စဉ်းစားစရာပေါ့။ အဲဒီဒေသက လူတွေမှာ ဘာများအထွေအထူးမျှော်မှန်းချက်တွေ ရှိနေလို့ ဒီလိုဖြစ်နေရတာလဲ။ ကျန်တဲ့ဒေသတွေမှာ ဒီလိုမဖြစ်ခဲ့ပါလားဆိုပြီး စဉ်းစားစရာလည်း ဖြစ်ပါတယ်။
တချို့အထောက်အထားတွေကတော့ သဘောထားတင်းမာတဲ့လူတွေလည်း ရှိတယ်။ သူတို့က ဒီအခြေအနေမှာ သူတို့လိုချင်တဲ့ဆန္ဒ ပြီမြောက်အောင်မြင်လိမ့်မယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းရင် အဆင်ပြေမလားလို့ထင်တဲ့ လူတွေလည်းရှိတယ်။ အဲဒါကြောင့် ဘင်္ဂလာဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာတွေ ဒုက္ခသည်စခန်းတွေမှာတောင် တပ်သားတွေ စုဆောင်းနေကြတယ်ဆိုတဲ့ သတင်းတွေကြားနေရပါတယ်။ နှစ်ဘက်လုံးအနေနဲ့ ဒီဟာကို ငါတို့ရဲ့ အဓိကရည်မှန်းချက်က ဘာလဲ။ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ဖို့အတွက် ဘာလဲဆိုတာကို ထည့်စဉ်းစားပြီးတော့ နားလည်မှုယူကြမယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်မယ်လို့ ထင်ပါတယ်။ နို့မို့ရင်တော့ ဒီကိစ္စက တကျီကျီနဲ့ ဖြစ်နေမှာပဲ။ ရှမ်းမြောက်မှာ တရုတ်က ဝင်ရောက်စေ့စပ်ပေးနိုင်ပေမဲ့ တရုတ်ဟာ လောလောဆယ်မှာတော့ ရခိုင်အရေးမှာ သူက ဝင်ပြောချင်တဲ့ပုံစံ မရှိဘူးလို့ ယူဆရပါတယ်။ ဆိုတော့ ဒါဟာ တချို့ကလည်း သုံးသပ်တယ်။
Bertil Lintner ရေးထားတာတော့ တချိန်ချိန်မှာတော့ တရုတ်က ဝင်ပြီးပြောတော့မှာပဲ၊ ကိုင်တော့မှာပဲ - အဲဒါကို အခြေခံပြီး တချို့ကသုံးသပ်တယ် AA အနေနဲ့ အဲဒီလိုမတိုင်ခင် အင်အားကိုသုံးပြီးတော့ ရနိုင်သမျှ သိမ်းထားနိုင်ဖို့ ကြိုးပမ်းလိမ့်မယ်လို့လည်း ပြောကြပါတယ်။ သူတို့အပေါ်စီးရနေပြီဆိုရင် တရုတ် ဝင်လာရင်လည်း ပြန်လျှော့ပေးမယ့် အလားအလာတော့ မမြင်ပါဘူး။ ရှမ်းမြောက်မှာလည်း တိုင်းရင်းသားအင်အားစုတွေဘက်က စစ်ရှိန်သာ ရပ်လိုက်တာဖြစ်တယ်။ သူတို့သိမ်းပိုက်ထားတဲ့ နယ်မြေကို ပြန်လွှတ်ပေးလိုက်တာတော့ မကြားရပါဘူး။
မေး ။ ။ နောက်တခုက နိုင်ငံတကာအခင်းအကျင်းမှာ စစ်ကောင်စီနဲ့ တဘက်က အတိုက်အခံ ဆန့်ကျင်ဘက်အင်အားစုတွေနဲ့ သူတို့ရဲ့ အလားအလာမှာ ဘယ်ဟာက အလေးသာနေတယ်လို့ ပြောနိုင်မလဲ။
ဖြေ ။ ။ စစ်ကောင်စီကိုတော့ နိုင်ငံတကာက ရှုံ့ချတဲ့အင်အားအသံကတော့ ပိုကျယ်တာပေါ့။ ဒါပေမဲ့ နိုင်ငံတကာ ရှုံ့ချတဲ့ထဲမှာ အသံ ဘယ်လောက်ဘဲ ကျယ်လောင်ကျယ်လောင် သူတို့ အဓိကလိုအပ်တဲ့ လက်နက်အင်အား အထောက်အပံ့တွေဟာ ရုရှား၊ နောက်ပြီးတော့ တရုတ် - တရုတ်က သိပ်ပြီးတော့ ပေါ်ပေါ်ထင်ထင် မဟုတ်သော်လည်းပဲ သူလည်း ပေးနေတာ။ တရုတ်ရဲ့ ပေါ်လစီကတော့ နိုင်ငံတကာအနေနဲ့ ကြည့်မယ်ဆိုရင် သူ့မူဝါဒက သိပ်အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်ရဲ့ Interest က သိပ်ကြီးမားတယ်။ စီးပွားရေး၊ နောက်ပြီးတော့ မဟာဗျူဟာ၊ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်တို့ ဘာတို့ သိပ်အရေးကြီးတဲ့ ကိစ္စဆိုတော့ တရုတ်က ဘယ်လိုနည်းနဲ့မှ မြန်မာနိုင်ငံမှာ အပေါ်စီး ရနေမှု့ကို လက်လွှတ်ပေးမှာ မဟုတ်ပါဘူး။ ဆိုတော့ အာဆီယံအနေနဲ့ကလည်း ဒီဟာကို ကျော်လွှားပြီးတော့ လုပ်နိုင်တဲ့ အလားအလာ အခုထိ မတွေ့ရပါဘူး။ နောက်တခု ထူးခြားတာက နိုင်ငံတကာမှာ Julie Bishop သြစတေးလျာ နိုင်ငံခြားရေးဝန်ကြီးဟောင်းကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားတယ်။ သူလုပ်မယ့် လုပ်ငန်းကလည်း သိပ်ကြီးကျယ်ပါတယ်။ သူကဟိုတုန်းက Track One Dialogue ခေါ်တဲ့ စစ်ကောင်စီအကြီးအကဲနဲ့ အဲ့ဒီလို သွားတွေ့တာဟာ လုံးဝမအောင်မြင်ဘူး။ စစ်ကောင်စီဟာ အင်အားသိပ်ကျဆင်းနေတယ်လို့ သုံးသပ်ကြတယ်။ နိုင်ငံတကာ စစ်ရေးကျွမ်းကျင်သူတွေက။ ဆိုတော့ ဒီလိုကျဆင်းနေတဲ့အချိန်မှာ စေ့စပ်ဖို့ အကောင်းဆုံးအချိန် အချိန်မှန်ပဲ။ တကယ်တော့ Right time ပဲ ဒီဟာကို။
ဒါပေမဲ့ ဒီအချိန်မှာတောင် အဲ့ဒီလို လုပ်ခဲ့လို့ မရဘူးဆိုတော့။ သူက Track one နဲ့သွားလို့တော့ မရဘူး။ Non-state holders တွေ အများကြီး၊ အဲ့ဒီလူတွေ၊ အစိုးရ မဟုတ်တဲ့ အကြုံဝင်တဲ့ လူတွေအများကြီးနဲ့ အခြေခံကစပြီး ညှိနှိုင်းရမယ်ဆိုပြီးတော့၊ စောစောကပြောခဲ့တဲ့ ဒေသတွင်းမှာ အချင်းချင်းဖြစ်နေတဲ့ ပဋိပက္ခတွေအတွက်လည်းပဲ သူက ညှိနှိုင်းခြင်းက သူတို့ရဲ့တာဝန် ဖြစ်ပါတယ်။ နောက်ပြီး သူ အဓိကထားပြီး လုပ်လာတဲ့ကိစ္စကတော့ စာနာမှုအထောက်အပံ့တွေ ပေးဖို့ကိစ္စဆိုတာ ဖြစ်ပါတယ်။ ဆိုတော့ ဘယ်လောက်ထိ လုပ်နိုင်မလဲဆိုတာ နိုင်ငံတကာက စောင့်ကြည့်နေတယ်။ စောင့်ကြည့်နေပေမယ့် သံသယနဲ့သာ စောင့်ကြည့်နေရတာ ဖြစ်တယ်။ လက်တွေ့ဖြစ်လာလိမ့်မယ်လို့ အားတက်သရော မျှော်လင့်တာ သိပ်မကြားရပါဘူး။
မေး ။ ။ ဟုတ်ပါတယ်။ တိုက်ပွဲတွေက ပြည်တွင်းမှာ အချိန်ကြာလာတာနဲ့အမျှ ပြည်သူလူထုရဲ့ ဆင်းရဲ ဒုက္ခကလည်း ပိုပြီးတော့ ကြီးလာပါတယ်။ အဲ့ဒီတော့ ဒီအခြေအနေကနေပြီးတော့ သက်သာရာရဖို့ရော ရှိပါ့မလား။
ဖြေ ။ ။ အဲ့ဒါက စိုးရိမ်စရာ အကောင်းဆုံး၊ စိတ်ညစ်စရာ အကောင်းဆုံးပါပဲ။ စစ်ပွဲဆိုတာ မြန်မြန်ပြီးသွားရင် အကောင်းဆုံးပေါ့လေ။ စစ်ပွဲကြာရှည်လာရင် လူတွေဟာ သိပ်ပြီးတော့ ဆင်းရဲ ဒုက္ခရောက်ပါတယ်။ အခုကို လက်တွေ့ပါဘဲ။ လူတွေဟာ အိုးမဲ့အိမ်မဲ့ဖြစ်တာ အများကြီးပါ။ ပြောလို့ကို မကုန်ပါဘူး အင်မတန် ကြေကွဲဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်တွေပါ။ ဒီဟာကို အဓိကအားဖြင့် ဖြစ်နေတဲ့ တိုင်းရင်းသား အင်အားစုတွေကို ပြောရမယ်။ တိုင်းရင်းသားအင်အားစုတွေက လွတ်လပ်ရေးရပြီးကတည်းက သူတို့ရဲ့ မကျေနပ်မှု့တွေနဲ့ တိုက်လာကြတာဆိုတော့ သူတို့ဒေသတချို့က သုံးတယ် People’s War – Martin Smith ရေးခဲ့တဲ့ဆောင်းပါး။ သူက အဲ့ဒီလို သုံးသပ်တယ်။ ကရင်တို့ ဘာတို့မှာ ပြည်သူတွေ ကိုယ်နှိက်က အဲ့ဒီဘက်မှာပါနေတယ်။ သူတို့ကိုသတ်လို့ တိုက်နေကြတာ။ သူတို့သည် သူတို့ဒေသခံတွေကို အကြောင်းမဲ့ မသတ်ဘူး၊ မပစ်ဘူး။ စစ်ကောင်စီမှာ ဒီသဘောထား မရှိဘူးဆိုတာ တွေ့ရပါတယ်။
တလောတုန်းကပဲ သူတို့က စစ်တွေနားမှာ ဗျိုင်းဖြူရွာဆိုလား အဲ့ဒီနားမှာ အများကြီး သတ်လိုက်တယ်။ အဲ့ဒီစစ်တပ်ရဲ့ သဘောထားထဲမှာ ပြည်သူရယ်လို့ သူတို့မမြင်ဘူး။ သူတို့လည်းပဲ စောစောက ပြောသူသလိုဘဲ ဒီလူတွေ အားလုံးဟာ ဟိုဘက်က အခေါ်ပေါ့လေ သူပုန်တွေနဲ့ ပေါင်းပြီးတော့ ပါနေတဲ့သူတွေ လုပ်သာလုပ်ဆိုပြီး မခွဲခြားဘဲ ပစ်နေကြတယ်။ သိပ်ပြီးတော့ ဆိုးရွားတဲ့အခြေအနေ။ လူတွေက ဒုက္ခရောက်မှုတွေက ပိုဆိုးလာတယ်။ နောက်ပြီးတော့ စာနာမှုအထောက်အပံ့လည်းပဲ စစ်ကောင်စီနဲ့ ဖြတ်ပြီးတော့ ခင်ဗျားတို့နဲ့ လုပ်ကြရအောင်လို့ ပြောဖို့လည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သူတို့က နေရာတကာ သူပုန်တွေထဲ ရောက်သွားရင် သူတို့အတွက် ရိက္ခာ ဖြစ်သွားမယ် ဖြတ် (၄ )ဖြတ်နဲ့ သူတို့က အကုန်ဖြတ်မှာဘဲ။ အဆက်အသွယ် ဖြတ်တယ်၊ ရိက္ခာလည်း ဖြတ်တယ် စသည်ဖြင့် လုပ်နေတယ်ဆိုတော့ ဒါကိုဆက်လက်ပြီး တိုက်ပွဲဖြစ်နေရင် ဒီဟာ ရှိနေအုန်းမှာပဲ။ တိုင်းရင်းသား အင်အားစုတွေနဲ့ ညှိပြီးတော့ စောစောက ပြောခဲ့တဲ့ အစိုးရမဟုတ်တဲ့ အင်အားစုတွေနဲ့ ညှိပြီးတော့ စာနာမှုအထောက်အပံ့တွေ အမှန်တကယ် ရောက်ရှိနိုင်ပြီးတော့ ကုလသမဂ္ဂအပါအဝင် အာဆီယံတို့ကလည်း အဓိကထားပြီး ဒါကိုကြိုးစားနေကြပါတယ်။ တချို့ အိမ်နီးချင်းနိုင်ငံတွေဆိုရင်လည်းပဲ ဒုက္ခသည်တွေကို ပိုပြီးလက်ခံဖို့ အထူးသဖြင့် ထိုင်းပေါ့။
ထိုင်းနိုင်ငံရဲ့ Bangkok Post သတင်းစာရဲ့ အယ်ဒီတာအာဘော်မှာကို ထည့်ပြီးတော့ ရေးထားပါတယ်။ ထိုင်နိုင်ငံရဲ့ စီးပွားရေး ချွတ်ချုံကျနေတယ်။ ဒါပေမယ့် မဲဆောက်စီးပွားရေးက သိပ်တတ်နေတယ်။ အဲ့ဒါဟာ မြန်မာဒုက္ခသည်တွေရဲ့ ကျေးဇူးကြောင့် ခင်ဗျားတို့ မမေ့သင့်ဘူး။ သူတို့ကို များများလက်ခံရမယ်။ သူတို့ကို ထိုက်တန်တဲ့အလုပ်တွေ လုပ်ခွင့်ပေးဆိုပြီးတော့မှ ပြောနေကြပါတယ်။ ဒီလိုဖြေရှင်းပေးတာလောက်ပဲ သက်သာရာရနိုင်မှာပါ။ ဒီ ပဋိပက္ခတခုလုံး ချုပ်ငြိမ်းပြီးသွားမှပဲ ဒုက္ခသည်ပြဿနာလည်း လုံးဝအဆုံးသတ်ပြီးတော့မှ ပြန်လည်ထူထောင်ရေးတွေ အကြီးအကျယ် လုပ်လာရပါလိမ့်မယ်။ အဲ့ဒီအခါကျမှပဲ ပြည်သူတွေရဲ့ဘဝ ပုံမှန်ရောက်မယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
မေး ။ ။ ဒါပေမဲ့ အခုအခြေအနေမှာ နိုင်ငံတကာက ပိတ်ဆို့ဒဏ်ခတ် အရေးယူတာတွေက ပြည်သူတွေမှာဘဲ အထိနာနေတာပါလား။ ဒီနိုင်ငံရေး၊ စီးပွားရေး ပြန်ပြီးတော့ ကောင်းလာဖို့အတွက်က အဖြေရော ရှိပါ့မလား။
ဖြေ ။ ။ နိုင်ငံတကာ ဖိအားပေးမှုမှာ ပြည်သူတွေကို ထိခိုက်နစ်နာစေတယ်ဆိုတဲ့ အယူအဆ ရှိပါတယ်။ တချို့ဆိုရင် ပြင်းပြင်းထန် ဆန့်ကျင်ကြတယ်။ Anti-sanction ပေါ့ - ဆရာကြီး David Steinberg ဆိုရင် လုံးဝဆန့်ကျင့်တယ်။ Sanction က ပြည်သူသာ နစ်နာတယ်၊ ဘယ်လိုမှ မဖြေရှင်းနိုင်ဘူး။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ Targeted Sanction ပစ်မှတ်ထားပြီးတော့ ရွေးပြီးတော့ Sanction လုပ်ကြတယ်။ သို့ပေမဲ့ အရေးကြီးတဲ့ဟာက သူတို့နိုင်ငံရဲ့ အကျိူးစီးပွားနဲ့ ပါဝင်ပတ်သက်နေတယ်။ ပထမအားဖြင့် ထိုင်းတို့ ဘာတို့ ဒုက္ခသည်ကို လက်ခံတယ်။ ဒါပေမဲ့ သူတို့က Sanction ကို မပြောဘူး။ တရုတ်ကလည်း မလုပ်ဘူး။ နောက်ပြီးတော့ ထိုင်းတို့ ဘာတို့ဆို သူတို့က ရေနံတွေ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာပြည်ကို သဘာဝဓာတ်ငွေ့နဲ့ ရေနံ အရောင်းအဝယ် ရှိနေတယ်။ နောက်ပြီး အိန္ဒိယလည်း လုပ်ဖို့ မကြိုးစားဘူး။ ထို့အတူ နိုင်ငံကြီးတချို့ကလည်းပဲ စစ်ကောင်စီက လေယာဥ်ပျံနဲ့ ဗုံးကြဲမယ်ဆိုတော့ လေယာဥ်ပျံလောင်စာဆီ မရဘူးဆိုရင်၊ လေယာဥ်အတွက်သုံးတဲ့ ဆီမရဘူးဆိုရင်၊ မသွားနိုင်ဘဲနေမယ်လို့ လွယ်လွယ်လေး တွက်ကြတယ်။ ဒါပေမဲ့ ပေးမယ့်သူရှိနေတာပဲ။ အမေရိကန်တို့ တခြားသူတွေ မပေးရင် ရုရှားပေးမှာပဲ၊ တရုတ်ပေးမှာပဲ စသဖြင့် သူ့မှာ ပေးမယ့်သူတွေ အဆင်သင့် ရှိနေတယ်။ Sanction ဟာ အကုန်လုံး တကမ္ဘာလုံးက တညီတညွတ်ထဲ မလုပ်ဘူးဆိုရင်တော့ ဂယ်ပေါက်ရှိနေမှာပေါ့။ အဲ့ဒီကနေ ဝင်နေမှာပေါ့။ ပြည်သူကို ထိခိုက်နစ်နာစေတဲ့ Sanction ဆိုတာ မှန်ပါတယ်။ နယ်စပ် အခက်အခဲတွေကြောင့် ကုန်သွယ်ရေးတွေ ဘာတွေ အတားအဆီး ဖြစ်တယ်။ Sanction ကြောင့်လည်း ငွေကြေးဖောင်းပွမှု ဖြစ်ရတယ် - ဘဏ်တွေပိတ်တာ မှန်ပါတယ်/ အဲ့ဒါလည်းပဲ တစိတ်တဒေသအားဖြင့်။ သို့သော်လည်းပဲ Sanction သည် မထိရောက်တာကတော့ အဓိကအားဖြင့် သူတို့ဆီမှာ နိုင်ငံတကာက တညီတညွတ်ထဲ စုပေါင်းပြီးလုပ်နိုင်တဲ့ Sanction မျိုး မဟုတ်ပါဘူး။ လက်နက်ပိတ်ဆို့မှု့ကိုတောင်မှ ပိတ်လို့မရတာဆိုတော့။ အဓိက အဲ့ဒီအခက်အခဲတွေ ရှိနေပါတယ်။
မေး ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာ - ကျေးဇူးတင်ပါတယ်ရှင်။
Forum