သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ဒေသခံ ရာနဲ့ချီ တိမ်းရှောင်


ကချင်စစ်ပြေးဒုက္ခသည်များ။ ( ဇန်နဝါရီ ၂၄၊ ၂၀၁၃)
ကချင်စစ်ပြေးဒုက္ခသည်များ။ ( ဇန်နဝါရီ ၂၄၊ ၂၀၁၃)

ကချင်ပြည်နယ် တနိုင်းမြို့နယ် ရှဒူဇွပ်ကျေးရွာအနီးမှာ အစိုးရတပ်မတော်နဲ့ ကချင်တပ်ဖွဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားတာကြောင့် ရာနဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးရသလို တချို့လည်း တိုက်ပွဲကြားမှာ ပိတ်မိနေ တယ် လို့ ဒေသခံတွေက ပြောပါတယ်။ တနိုင်းမြို့နယ်အတွင်းတိုက်ပွဲတွေက မနေ့က စတင်ပြီး ဒီကနေ့ မနက်ထိ ကြိုးကြားဆက်လက်ဖြစ်ပွားနေသလို ဖားကန့်မြို့နယ် အတွင်းမှာလည်း မနေ့က တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ လတ်တလော ကချင်ပြည်နယ် အတွင်းဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံအတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား အပြန်အလှန်ဆွေးနွေးညှိနှိုင်းနေချိန်မှာ ကချင်ပြည်နယ် အတွင်းမှာတော့ ပစ်ခတ်တိုက်ခိုက် တာတွေ ဖြစ်ပွား လာတာဖြစ်ပါတယ်။

တနိုင်းမြို့နယ် ရှဒူဇွပ်ရွာအနီးမှာ ဒီလ ၃ရက်နေ့ကနေ စတင်ပြီး ဒီကနေမနက်ထိ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံတယောက်က အခုလို ပြောပါတယ်။

" ဖြစ်တယ်။ အနောက်ဘက်ခြမ်းဘက်မှာပေါ့နော်။ ရွှေမှော်ရှိတဲ့ဘက်မှာဖြစ်တယ်။ မနေ့က မနက်ပိုင်း ၈နာရီ ၉နာရီက စတာ ညနေ ၃ နာရီ ကျော်ကျော် အထိဖြစ်တယ်လို့ပြောတယ်။ နောက်ပြီးတော့ ညမှာလည်း ဆက်ဖြစ်တယ်။ ဒီနေ့လည်း သေနတ်သံ ဆက်ကြားရတယ်လို့ပြောတယ်။"

ဒီတိုက်ပွဲတွေဟာ ရွှေတွင်းတူးဖော်ရာဒေသအနီးဖြစ်ပွားတာကြောင့် ရွှေတူးတဲ့ လုပ်သားတွေနဲ့ ဒေသခံ ရွာသားတွေက တိမ်းရှောင်ထွက်ပြေးနေကြသလို တိုက်ပွဲတွင်း ပိတ်မိတာတွေလည်း ရှိတယ်လို့ တနိုင်းဒေသခံက ဆက်ပြောပါတယ်။

" ရွာမှာ သုံးရာကျော်လောက်ရှိတယ်လို့ပြောတယ်။ ဗုဒ္ဓဘုရားကျောင်း မှာလည်း နှစ်ရာကျော်လောက်ရှိတယ်။ နောက်ပြီးတော့ ခရစ်ယာန် ဘုရားကျောင်းတွေမှာလည်း နှစ်ရာကျော်လောက်ရှိတယ်။ အခုတိုက်ပွဲဖြစ်နေတဲ့ အဲ့ဒီ့အနီးအနားက ရွာတွေ ရွှေမှော်တွေကပေါ့နော်။ တချို့တွေ ရွာသားနှစ်ရာကျော်လောက် ပိတ်ဆို့နေပြီးတော့ ဒီဘက်ကို မထွက်နိုင်ဘူးဖြစ်နေတယ်တဲ့ သူတို့တွေက သေနတ်တွေ နဲ့ပစ်နေတော့ ကြောက်ပြီးတော့ ရေ အစာ အခက်အခဲလည်း ရှိနေတယ်။ နောက်ပြီးတော့ စားဖို့သောက်ဖို့အခက်အခဲရှိနေတော့ ရွာမှာရှိတဲ့ဘာသာရေးဆရာတွေက လှမ်းအကူအညီတောင်းတယ်လို့ ကျနော့်ကို လာပြောတယ်။"

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာက တိုက်ပွဲဖြစ်ပွားရတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

" မနေ့က အစိုးရနဲ့တပ်ပိုင်းကနေပြီးတော့မှ အနောက်ပိုင်းမှာ ရွှေမှော်တွေ ရှိတယ်။ အဲ့ဒီ့ရွှေမှော်တွေမှာ တရားမဝင် ခိုးတူးတဲ့ စက်ယန္တယားတွေနဲ့ ခိုးတူးနေလို့ သူတို့ အဲ့တာကို သွားဖမ်းတယ်လို့သိတယ်။ အဲ့လိုဆိုတော့ အဲ့ဒီ့ရွှေမှော်နဲ့ အနီးတဝိုက် ပတ်ဝန်းကျင်မှာ သူတို့ ကေအိုင်အိုထိန်းချုပ်နယ်မြေရှိတယ်လေ။ အဲ့နားလေးမှာ သူတို့လည်း သွားလာတဲ့အချိန်မှာ လက်နက်ကြီးနဲ့ ပစ်ပြီးတော့ တဘက်နဲ့တဘက် ပစ်ခတ်မှု နည်းနည်းပါးပါးရှိတယ်လို့သိရတယ်။ "

ဗုဒ္ဓဟူးနေ့က တနိုင်းဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့သလို ဖားကန့်မြို့နယ် အတွင်းမှာလည်း တိုက်ပွဲ ၂ကြိမ်ဖြစ် ခဲ့တယ်လို့ ဖားကန့်အခြေစိုက် KIA တပ်ရင်း၆ တပ်ရင်းမှူးက ပြောပါတယ်။

" မနေ့က နန့်ယန်းနားမှာ တခေါက်ဖြစ်တယ်။ နောက်ပြီးတော့ အဲ့ဒီ့ဘက်မှာ တခေါက်ဖြစ်တယ်။ မနေ့က နှစ်နေရာ တိုက်ပွဲဖြစ်တယ်။ ဒီဘက်မှာလည်း လမ်းမပေါ်မှာဖြစ်တယ်။ တိုက်ပွဲကတော့ မပြင်းပါဘူး။ နာရီဝက်လောက်ပါ တစ်နေရာမှာ နာရီဝက်လောက် နှစ်နေရာဖြစ်တယ်။ အထိအခိုက်တော့ ဘာမှ မကြားမိဘူးခင်ဗျ။"

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကတော့ KIA တပ်ဖွဲ့ထိန်းချုပ်ရာ တရုတ်မြန်မာနယ်စပ်က မိုင်ဂျာယန်မြို့မှာ ၂၁ရာစုပင်လုံနဲ့ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တွေ အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ ၂၁ရာစုပင်လုံအတွက် နိုင်ငံရေးမူဘောင်ပြင်ဆင်ရေးဆွေးနွေးပွဲကို ဒီလ ပထမပတ်အတွင်း စတင်ဖို့ ပြင်ဆင်ထားပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဘယ်နှစ်ဖွဲ့ပါဝင်တက်ရောက်မယ်ဆိုတာတော့ တိတိကျကျ ထုတ်ပြန်တာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG