သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်မြို့နယ်တွင်း စစ်ကောင်စီတပ်သား ၂၀ ခန့်လက်နက်ချ 


လက်နက်ချအညံ့ခံတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နဲ့ KNLA ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူးတို့အား အတူတွေ့ရစဉ် (ဒီဇင်ဘာ ၃၀၊ ၂၀၂၄)
လက်နက်ချအညံ့ခံတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နဲ့ KNLA ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူးတို့အား အတူတွေ့ရစဉ် (ဒီဇင်ဘာ ၃၀၊ ၂၀၂၄)

ကရင်ပြည်နယ် ကော့ကရိတ်မြို့အာရှလမ်းမကြီးမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA/PDF ပူးပေါင်းတပ်တွေ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက စားနပ်ရိက္ခာပြတ်လတ်တာဝမ်းပျက်ဝမ်းလျောရောဂါတွေနဲ့ ကျန်းမာရေးဆိုးဝါးလာတာကြောင့် လက်နက်ချအညံ့ခံတဲ့ စစ်ကောင်စီတပ်သားဦးရေ ၂၀ လောက်ထိရှိလာပြီလို့ ပူးပေါင်းတပ်ဖွဲ့ဘက်က ပြောပါတယ် ။ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့ အာရှလမ်းမကြီးမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA/PDF ပူးပေါင်းတပ်တွေ ဟာပြီးခဲ့တဲ့ နှစ် ကစလို့တိုက်ပွဲတွေပြင်းထန်နေတာကြောင့် အာရှလမ်းကိုလည်းပိတ်ထားရတာ တနှစ်ကျော်ကြာပြီဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကတော့ မတ်လကတည်း မြ၀တီဘက်ကို ထိုးစစ်ဆင်ဖို့တက်လာခဲ့ပေမယ့် အခုချိန်ထိ မရောက်နိုင်သေးပဲ ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲတွေပြင်းထန်နေတာပါ။ အခုအခါမှာတော့ အောင်ဇေယျစစ်ကြောင်းက တပ်သားတွေဟာ ဒီဇင်ဘာလကစပြီးအစုအဝေးနဲ့လက်နက်ချထွက်ပြေးလာတယ်လို့လည်းပူးပေါင်းတပ်က ခေါင်းဆောင်တဦးက VOAကိုပြောပါတယ်။

"အောင်ဇေယျစစ်ကြောင်းကတော့ ဝိုင်းဝန်းပိတ်ဆို့ခံရတယ် အဲဒီတော့သူတို့က အစာရေစာတွေပြတ်နေတယ် ပြီးတော့ရောဂါဘယတွေဖြစ်နေတယ်၊ ဝမ်းလျောဝမ်းပျက်ဝမ်းကိုက်တွေဖြစ်လာတော့ သူတို့က မခံနိုင်တော့ ထွက်ပြေးလာတယ် ကျနော်တို့ဆီကိုထွက်ပြေးလာတာ အခုဆိုဒီဇင်ဘာလ တလလုံးမှာအယောက်၂၀လောက်ရှိပြီ ထွက်ပြေးလာကြတယ်၊လက်နက်ချအလင်းဝင်လာတာ"

စစ်ကောင်စီရဲ့အောင်ဇေယျစစ်ကြောင်းဟာ စစခြင်း မတ်လကတည်းက မြ၀တီတက်ဖို့ ကြိုးစားခဲ့ပြီးအင်အားအလုံးအရင်းသံချပ်ကာကားတွေသုံးပြီးတက်လာပေမယ့် ပူးပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်တာကြောင့် အကျအဆုံးများပြီးတပ်ပြောင်းတာတွေလုပ်ခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ် အခုဆိုရင် စိတ်ဓါတ်ပိုင်းဆိုင်ရာကြံ့ခိုင်မူ့မရှိတဲ့အတွက် ပူးပေါင်းတပ်တွေဘက်က အသာစီးရလာတာလို့လည်းဆက်ပြောပြပါတယ်။

"ကျနော်တို့ငယ်ငယ်က စစ်တိုက်လာတာနဲ့မတူတော့ဘူး၊ကျနော်တို့ငယ်ငယ်ကဆိုသူတို့က တယောက်ကျန်တဲ့အထိ အသေခံတိုက်တယ်၊အခုတော့ ကျနော်တို့ပစ်ခတ်ပြီဆိုတာနဲ့လက်နက်သံကြားတာနဲ့ထွက်ပြေးမယ်ဆိုတာပဲဖြစ်လာတယ်၊ သူတို့မှာစိတ်ဓါတ်ပိုင်းဆိုင်ရာပျက်စီးသွားပြီ အဲဒါကြောင့် ကျနော်တို့ အသာစီးပိုရလာတာပေါ့နော် လက်ရှိကာလမှာ သူတို့က အင်အားလည်းသိပ်မရှိတော့ဘူး၊ ဟိုတစု ဒီတစုပဲ စားနပ်ရိက္ခာလည်းပြတ်လတ်လာတယ် ဒရုန်းနဲ့လာချတာက စားနပ်ရိက္ခာ ခဲယမ်း အဲဒါတွေကိုလည်းကျနော်တို့ဘက်က ရတာများတယ်၊ သူတို့ဘက်ကိုရောက်တာနည်းတာပေါ့"

အာရှလမ်းပေါ်မှာ ပိတ်မိနေတဲ့အောင်ဇေယျစစ်ကြောင်းနဲ့ပတ်သက်လို့ တိုက်ပဲွအခြေအနေတွေကိုစစ်ကောင်စီဘက်ကတော့သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ အခုလိုမျိုး တပ်သား ၂၀နီးပါးလက်နက်ချက်အညံ့ခံတာတွေရှိလာတဲ့အပေါ်မှာလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

Forum

XS
SM
MD
LG