ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်နေရာဟောင်း ရှိရာ မာနယ်ပလောဒေသမှာ နောက်ဆုံးကျန်နေတဲ့ ခြေမြန်တပ်ရင်း ခမရ-၉၁၃ စခန်း ၉၁၃ ( နို့ဒေး) စခန်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့က KNLA KNDO နဲ့ ပူးပေါင်း တပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကေအန်ယူဘက်က သတင်းထုတ်ပြန်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
မြန်မာစစ်ကောင်စီတပ်တပ်စွဲထားတဲ့ မာနယ်ပလောဒေသက ခြေမြန်တပ်ရင်း ခမရ ၉၁၃ နို့ဒေးစခန်းဟာ ထိုင်း နယ်စပ်အနီး သောင်းရင်းမြစ်ဘေးမှာရှိပြီး KNU တပ်မဟာ (၇) နယ်မြေထဲမှာ ဖြစ်ပါတယ်။ ဒီစခန်းဟာ မာနယ် ပလောဒေသက နောက်ဆုံးလက်ကျန်စခန်းဖြစ်ပြီး ကရင်အမျိုးသားများကာကွယ်ရေးတပ်-KNDO နဲ့ ပူးပေါင်း တပ်တွေက ဒီဇင်ဘာလ(၁၆)ရက်နေ့တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ ကေအန်ယူဘက်ကဆိုပါတယ်။
ခြေမြန်တပ်ရင်း ခမရ (၉၁၃) စခန်း ပွိုင့် (၉၁၃) လို့ သတ်မှတ်ထားတဲ့ နို့ဒေးစခန်းကို သိမ်းဖို့ ပြီးခဲ့တဲ့နိုဝင်ဘာလ ကတည်းက KNU နဲ့ ပူးပေါင်းတပ်က ဝန်းရံပိတ်ဆို့ထားခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်ကျမှ အပြီးသတ် သိမ်းယူနိုင်ခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ ခေါင်းဆောင်တဦးကပြောပါတယ်။
“မာနယ်ပလောနဲ့တဆက်တစပ်တည်းပေါ့နော်၊ အဲဒီ စခန်းက မနေ့က KNLA နဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်လိုက်တာပါ။ နှစ် ၃၀ ကျော်သူတို့တပ်စွဲထားတာပါ။ KNU ပြိုကွဲချိန်က စစ်တပ်နဲ့ DKBA ပေါင်းပြီး ထိုင်ထားတဲ့ စခန်းပေါ့။ အခုချိန်မှာတော့ ကျနော်တို့ဘက်က ထိုးစစ်ဆင်ပြီး အဲဒီစခန်းကိုပြန်သိမ်းလိုက်တာပါ။”
KNLA ရဲ့ စစ်ရေးဦးဆောင်မှုအောက်မှာရှိတဲ့ တပ်မဟာ ၇ ကွန်မန်ဒိုတပ်ခွဲ၊ KNDO တပ်ခွဲ၊ တပ်ရင်း ၂၂ ၊ တပ် မဟာ ၅ ကွန်မန်ဒိုတပ်ခွဲတို့နဲ့ပူးပေါင်းပြီး FFD Drone တပ်ဖွဲ့၊ မြေပြင်ချေမှုန်းရေးတပ်ဖွဲ့ ၊ တပ်မဟာ ၇ drone အဖွဲ့၊ federal wings drone အဖွဲ့ တို့ပူပေါင်းပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေလေးနာရီခွဲဝန်းကျင်မှာ မာနယ် ပလောဒေသက ပွိုင့် ၉၁၃ တပ်ရင်းစခန်းနဲ့ အမြောက်တပ်ခွဲ ၃၁၁ တို့ကို အပြီးသတ်ချေမှုန်းခဲ့တယ်လို့လည်း FFD ဒရုန်းတပ်ဖွဲ့ကလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
မာနယ်ပလောဒေသကစခန်းတွေဖြစ်တဲ့ကဆောဝါးလေး၊ ဖူးလောကုန်း၊ မြောက်ကုန်း၊ ကယ်ဂေါ်ကျိုး စတဲ့ တပ်စခန်းတွေကို ပူးပေါင်းတပ်တွေက ပိတ်ဆို့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဲဒီ စခန်းတွေ ကနေစွန့်ခွာပြီး အခုကျသွားတဲ့ ဗျူဟာစခန်းအဆင့်ရှိတဲ့ ပွိုင့် (၉၁၃) နိုဒေးစခန်းမှာ သွားပြီး ပူးပေါင်းခဲ့ကြတာပါ။
KNU ရဲ့ ဌာနချုပ် မာနယ်ပလောစခန်းဟာ တပ်ပေါင်းစုအဖွဲ့ဝင်တွေ စခန်းထိုင်ကြတဲ့နေရာဖြစ်ပြီး အထင်ကရ ဌာနချုပ်လည်းဖြစ်ပါတယ်။ ဒီမာနယ်ပလောစခန်းကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ မြေပြင်ထိုး စစ်တွေနဲ့ ၁၉၉၅ ခုနှစ် ၊ ဇန်နဝါရီလကုန်ပိုင်းမှာ စစ်တပ်နဲ့ ဒီကေဘီအေ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။ အခုစစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်းခမရ ၉၁၃ စခန်းလက်လွှတ်ဆုံးရှုံးရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူးရှင်။
Forum