သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်


စစ်ကောင်စီစခန်းတွေ သိမ်းပိုက်ရရှိကြောင်း AA ထုတ်ပြန်သည့်မှတ်တမ်းဓာတ်ပုံ (ဧပြီ ၂၀၂၄)
စစ်ကောင်စီစခန်းတွေ သိမ်းပိုက်ရရှိကြောင်း AA ထုတ်ပြန်သည့်မှတ်တမ်းဓာတ်ပုံ (ဧပြီ ၂၀၂၄)

ရခိုင်ပြည်နယ်မှာ ရာဂဏန်းရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေ လက်နက်ချတဲ့ သတင်းထွက်ပေါ်ခဲ့ပြီးနောက် ဒီကနေ့အထိလည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သံတွဲ၊ တောင်ကုတ်နဲ့ အမ်းမြို့နယ်တွေ အပါအဝင် ရခိုင်ပြည်နယ် နေရာတော်တော်များများမှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာပါ။ ရခိုင်ပြည်နယ်က စစ်ရေးနောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်ကသတင်းပေးပို့ထားတာကို အခြေခံပြီး ကိုအောင်အောင် တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်အခြေစိုက် စစ်စခန်းတွေကို ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် အများအပြား လက်နက်ချခဲ့ကြောင်း ဒီသီတင်းပတ်ထဲမှာပဲ AA အဖွဲ့က သတင်းထုတ်ပြန်ခဲ့ပြီးနောက် တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။ ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲ၊ တောင်ကုတ် စတဲ့ မြို့နယ် တွေမှာ ၂ ဖက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း ရခိုင့်နိုင်ငံရေး လေ့လာသုံးသပ် ဦးဖေသန်း ကပြောပါတယ်။

“ မောင်တော ကျီးကန်းပြင်ဌာနချုပ်တို့ နောက်ပြီးတော့ မြို့သူကြီးပေါ့ နခခ ဘယ်လောက် လည်းမသိဘူး အဲဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကြားတယ်။ မြေပြင်သတင်းအရ ကြားတာပေါ့။ စစ်တပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ AAရှိတဲ့ ရွာတွေကို ပစ်နေတယ်လို့ သတင်းရတယ်။ မောင်တောမြို့နဲ့ တော်တော်နီးကပ်သွားပြီး မြို့ပြင်လို နေရာမျိုးမှာ ဖြစ်နေကြတာပေါ့၊ ဆိုတော့ မောင်တောကို သိမ်းပိုက်ဖို့ ရက်ပိုင်းလောက်ပဲ ကြာတော့မယ်လို့ ကျနော်တို့ ယူဆတယ်၊ဒီဘက် ဘူးသီးတောင် မောင်တောလမ်းကိုလည်း AAက ပိတ်ဆို့ နေရာယူထားတယ်။ဆိုတော့ မောင်တောနဲ့ ဘူးသီးတောင်က ရှေ့ဆင့်နောက်ဆင့် ကျသွားနိုင်တဲ့ အနေအထားရောက်နေပြီလို့ မြေပြင်သတင်းတွေအရ သိရတယ်။”

တိုက်ပွဲတွေကြောင့် မောင်တောမြို့ ကျေးရွာတွေက ဒေသခံတွေ ဘင်္ဂလားဒေရှ် နိင်ငံဘက်ကို ထွက်ပြေးတာရှိသလို မောင်တောမြို့တွင်းကို တိမ်းရှောင်လာကြာတာတွေလည်းရှိတယ်လို့ မွတ်ဆလင်ဒုက္ခသည်တဦးကပြောပါတယ်။

“ သုံးမိုင်ရယ် နောက်ပြီးတော့ ဘော်ရွှီးရွာရယ် အဲဒီဘက် သုံးလေးရွာပေါ့ဗျာ အနီးပတ်ဝန်း ကျင်မှာ ပြင်းပြင်းထန်ထန်မနေ့ကလည်း ဖြစ်တယ် ဒီနေ့လည်းဖြစ်တယ် အဲဒီနေရာမှာ။ မြို့ထဲဝင်လာတာတချို့ရှိတယ်၊ မြို့ဘက်ကိုဦးတည်ပြီးတော့ ထွက်လာကြတာ တော်တော် တော့ဝေးတယ်။နောက် ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးကြတာတချို့ရှိတယ် ရောက်မ ရောက်တော့ မသိဘူး၊ သူတို့မှာ ရွေးချယ်စရာက တဘက်က မြို့ နောက်တဘက်က ပင်လယ်ပြင်ပဲ ဒါပဲရှိတယ်။”

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်မှာလည်း စစ်ကောင်စီနဲ့ AAကြား နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ ကျောက်ဖြူမြို့နယ်မှာလည်း စစ်ကောင်စီကလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေရှိတယ်လို့ ဦးဖေသန်းကပြောပါတယ်။

“ ကျောက်ဖြူတို့မှာတော့ သူတို့ရေတပ်စခန်းကပေါ့နော်၊ အုံးရွိန်လို့ခေါ်တဲ့ရေတပ် စခန်းရှိ တယ်။ ကျောက်မော်ကြီး အဲဒီရေတပ်စခန်းတွေ က အတွဲလိုက်ဒုံးတွေနဲ့ အမ်းဘက်ကို ပစ်နေတယ်၊ နောက်ပြီးတော့ ရွာတွေကို ပစ်တယ်၊ မိုင်းတွေ အထပ်ထပ်ထောင်ထား တယ်ဆိုတဲ့ သတင်းတွေတော့ ရတယ်ခင်မျာ။ ကျောက်ဖြူကို မဝင်နိုင်အောင်ပေါ့မြို့အပြင် သုံးလေး ငါးမိုင်လောက် အကွာအဝေးကနေပြီးတော့ သူတို့ မိုင်းတွေထောင်ထားတယ်လို့ ပြောတယ်။”

ပစ်ခတ်မှုတွေကြောင့် အနီးအနားကျေးရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက တိုက်ပွဲပြင်းထန်နေတဲ့ အမ်းမြို့နယ်မှာတော့ ဒီရက်ပိုင်း နှစ်ဘက်ပစ်ခတ်သံတွေသိပ်မကြားရပေမယ့် လက်နက်ကြီးတွေ ရဟတ်ယာဉ်တွေနဲ့ လာရောက်ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ ကျနော်တို့ သိသလောက်ပြောရမယ်ဆိုရင်တော့ လက်နက်ငယ်ပစ်တာတွေကတော့ ငြိမ်နေတယ်၊ ဒါပေမယ့် လက်နက်ကြီး ပစ်သံတွေတော့ ကြားနေရတုန်းပဲ ဂျက်လေယာဉ်တွေ ဝဲသံ တွေတော့ ကြားနေရတယ်။”

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေတနေ့က တနေ့ ပိုမိုပြင်းထန်လာနေသလို စစ်ကောင်စီတပ်စ ခန်းရာပေါင်းများစွာအပါအဝင် ရခိုင်ပြည်နယ်က မြို့နယ် ၈ခုနဲ့ချင်းပြည်နယ်ပလက်ဝမြို့နယ်ကို AAဘက်က သိမ်းပိုက်ထားကြောင်း ကြေညာထားပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လာနေတာနဲ့အမျှ နေရပ်စွန့်ခွာရသူ ၃ သိန်း နီးပါး ရှိနေပြီလို့လည်း ကုလသမဂ္ဂက ခန့်မှန်းထားပြီး စာနာမှုဆိုင်ရာ အကျပ်အတည်းကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ စစ်ဒဏ်ကြောင့် အခြေအနေတွေ ပိုဆိုးလာမှာ စိုးရိမ်ကြောင်းလည်း ဒီသီတင်းပတ်ထဲမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG