သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
တင်းမာနေတဲ့ ဖလမ်း စစ်ရေးအခြေအနေ
နောက်ဆုံးရသတင်း

တင်းမာနေတဲ့ ဖလမ်း စစ်ရေးအခြေအနေ


ချင်းညီနောင်တပ်ဖွဲ့ဝင် CNDF တပ်သားများ (မှတ်တမ်းရုပ်ပုံ)
ချင်းညီနောင်တပ်ဖွဲ့ဝင် CNDF တပ်သားများ (မှတ်တမ်းရုပ်ပုံ)

ချင်းပြည်နယ် ဖလမ်းမြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီ အမှတ် (၂၆၈) ခြေလျပ်တပ်ရင်း ကို သိမ်းပိုက်နိုင်ဖို့ ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ကြိုးစားနေပြီး နှစ်ဘက် စစ်ရေးတင်းမာနေသလို စစ်ကောင်စီတပ်က ဖလမ်းမြို့ကို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေဆဲပဲလို့ မြို့ခံတွေနဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ဗွီအိုအေကို ပြောပါတယ်။ ဖလန်းမြို့နယ် စစ်ရေးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ဖလမ်းမြို့မှာ ဒေသခံ ချင်းညီနောင်နဲ့ မဟာမိတ်အဖွဲ့ တွေက Operation CB စစ်ဆင်ရေးဆိုပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက ဖလမ်းမြို့ အနီးနားဝန်းကျင် နေရာအများစုကို စိုးမိုးထိန်းချုပ် ထားခဲ့ပါတယ်။

ဖလမ်းမြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ အမှတ် (၂၆၈) ခြေလျပ်တပ်ရင်းကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ပြောခွင့်ရ ဆလိုင်းတီမီက ဗွီအိုအေကို ပြောပါတယ်။

“ဖလမ်းကတော့ မြို့တွင်းကျတော့ ကျနော်တို့ သိမ်းပိုက်တာ ကြာပါပြီ၊ ၂၀၂၄ ဒီဇင်ဘာလလယ်လောက်ကတည်းက ကျနော်တို့ အကုန်လုံး မြို့တွင်းကို စိုးမိုးထားတယ်၊ လက်ရှိကျန်နေသေးတဲ့ ခလရ ၂၆၈ ကို ကျနော်တို့ ဆက်လက်ပြီးတော့ တိုက်ထုတ် သိမ်းလို့ရအောင် ကြိုးစားနေတဲ့ အခြေအနေမှာရှိတယ်။ နေ့တိုင်းလိုလို လေယာဉ်ပစ်ခတ်မှုရှိတယ်၊ စကစဘက်က၊ နောက်ပြီးတော့ ကျနော်တို့ဘက်ကလည်း ဆက်ပြီးတော့ တိုးနေတဲ့ အခြေအနေမှာ ရှိပါတယ်။”

စစ်ကောင်စီတပ်ကလည်း ဖလမ်းမြို့မကျရေး တောက်လျှောက် လေကြောင်းကနေ အပြင်းအထန် ဗုံးကျဲခုခံနေတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က ပြောပါတယ်။

အင်္ဂါနေ့ ဖေဖော်ဝါရီ ၂၅ ရက် နေ့ခင်းပိုင်းကလည်း ဖလမ်းမြို့အနောက်ဘက်ကို လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အကြောင်း လုံခြုံရေးအရ နာမည်မဖော်ပြလိုတဲ့ ဖလမ်းမြို့ခံတဦးက ခုလို ပြောပါတယ်။

“ဒီကနေ့ ၁၂ နာရီလောက်နဲ့တူတယ်၊ ဖိုက်တာနဲ့ နှစ်ခါလာပစ်တယ်။ မြို့ထဲမှာတော့ မဟုတ်ဘူး၊ မြို့အပြင်ကို ပစ်တာနဲ့တူတယ်၊ လက်နက်သံတော့ မကြားဘူးတဲ့၊ ဖိုက်တာက လာပစ်တဲ့အသံပဲ ကြားတယ်၊ နှစ်ခါလာပစ်တယ်။ ထင်တာတော့ အနောက်ဘက်ဆိုတော့ CNDF နေတယ်လို့ ထင်တဲ့နေရာကို သူတို့ပစ်တာရှိတယ်လေ။ (လေယာဉ်) အမြဲတမ်းလိုလိုပေါ့ တရက်ခြား နှစ်ရက်ခြား အဲ့လိုမဟုတ်ရင် ဆက်တိုက် နှစ်ရက် သုံးရက် ဆက်တိုက် အဲ့လိုလာပစ်တယ်။”

စ်ကောင်စီတပ်ရဲ့ အမှတ်(၂၆၈) ခြေလျပ်တပ်ရင်းကို သိမ်းပိုက်နိုင်ဖို့ ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့ဘက်က ထိုးစစ်ဆင်နေချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေလည်း တပ်ရင်းအပြင်ဘက်ကို မထွက်ခွာရဲဘဲ ခံစစ်သက်သက်နဲ့သာ တိုက်နေတယ်လို့ နာမည်မဖော်ပြလိုတဲ့ ဖလမ်းမြို့ခံက ပြောပါတယ်။

“၂၆၈ တပ်ရင်းတခုပဲ ကျန်တော့တယ်။ စစ်တပ်က အပြင်မထွက်ဘူးလေ၊ သူတို့က ခံစစ်နဲ့ပဲ သူတို့တပ်ရင်းကနေ ခုခံတိုက်ခိုက်တာပဲ။ ကုန်းလမ်းတော့ စစ်ကူပို့လို့ တော်တော်လေး ခက်တယ်၊ တော်လှန်ရေးရဲဘော်တွေက လမ်းတိုင်း ပိတ်ထားတာကို၊ လေကြောင်းကလွဲလို့ ခြေကျင်နဲ့တော့ ပို့လို့မရဘူး။”

လတ်တလေ ဖလမ်းစစ်ရေးနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ အတွင်းရေးမှူး ဦးအောင်ချိုကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။ တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တင်းမာနေတဲ့ ဖလမ်း စစ်ရေးအခြေအနေ
please wait

No media source currently available

0:00 0:03:57 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG