သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO နဲ့ တိုက်ပွဲတွေ အပြင်းအထန် ပြန်ဖြစ်


ကချင် လွတ်မြောက်ရေး တပ်မတော် လိုင်ဇာ အနီး စစ်စခန်း တစ်ခုတွင် လေ့ကျင့်နေစဉ်။ ဖေဖော်ဝါရီလ ၁၃၊ ၂၀၁၂
ကချင် လွတ်မြောက်ရေး တပ်မတော် လိုင်ဇာ အနီး စစ်စခန်း တစ်ခုတွင် လေ့ကျင့်နေစဉ်။ ဖေဖော်ဝါရီလ ၁၃၊ ၂၀၁၂

အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေ မပြေလည်နိုင်သေးတဲ့ KIA ကချင် လွတ်မြောက်ရေး တပ်မတော် နဲ့ မြန်မာ အစိုးရတပ်တွေအကြားမှာ အခုရက်ပိုင်း တွေအတွင်း တိုက်ပွဲတွေဟာ ပိုပြီး ပြင်းထန်လာနေပြီး တိုးချဲ့ တပ်အင်အားအကူနဲ့ KIA ဌာနချုပ်အနီးကို ထိုးစစ်ဆင်နွှဲနေတယ်လို့ KIO ပြောရေးဆိုခွင့်ရှိသူ က ပြောလိုက် ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် နေရာတော်တော်များများ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက်လည်း ထွက်ပြေးကြတဲ့ ဒုက္ခသည် အရေအတွက် ပိုများလာလို့ ဒီဒုက္ခသည်တွေ စားဝတ်နေရေး အခက်အခဲ ဖြစ်နေ ရတယ်လို့လည်း ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူ တွေက ပြောကြပါတယ်။

KIA ဌာနချုပ်ရှိရာ လိုင်ဇာ တဝိုက်မှာ တနင်္ဂနွေနေ့ တရက်တည်းမှာတင် တိုက်ပွဲပေါင်း ခြောက် ကြိမ်လောက် ဖြစ်ပွားခဲ့တာပါ။ KIA ဗဟို ဌာနချုပ်ဟောင်း ရှိရာ ပါဂျောင်ဒေသနဲ့ လိုင်ဇာဒေသ ကြားက နားပေါ့လို့ခေါ်တဲ့ အစိုးရတပ်စခန်းမှာ လေကြောင်းအကူအညီနဲ့ တပ်အင်အား ဖြည့်တင်းတာတွေ မြန်မာတပ်တွေဘက်က လုပ်ခဲ့ပြီး KIA ဌာနချုပ်ကို ပစ်မှတ်ထား ထိုးစစ်ဆင်ဖို့ ဖြစ်နိုင်တယ်လို့ KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန် က အခုလို ပြောပါတယ်။

“အဖြစ်များတာကတော့ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ် နဲ့ နီးတဲ့ ဒေသတဝိုက်ပေါ့နော် အဲ့ဒီမှာ အဖြစ်များ တယ်ခင်ဗျ။ သူတို့ရဲ့ ရည်မှန်းချက်က တဖြည်းဖြည်းနဲ့ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ်နဲ့ နီးသထက်နီးအောင် စစ်ဆင်ရေး လုပ်တာမျိုး၊ ကျနော်တို့ရဲ့ အရေးကြီးတဲ့ ထန်းကုန်းတွေကို ထိုးစစ်လုပ် သိမ်းပိုက်တာမျိုး ပုံမှန် လုပ်နေကြတယ်ခင်ဗျ။ နောက်ပြီးတော့ လေကြောင်းအကူနဲ့ သူတို့ တပ်အင်အား ချပေးတာမျိုး လက်နက် ခဲယမ်းမီးကျောက် တွေကို လေကြောင်းအကူနဲ့ ပို့ပေးတာမျိုး လုပ်နေကြတယ်ခင်ဗျ။ သိသာထင်ရှားတာက ဘာလဲဆိုတော့ သူတို့ရဲ့ အခု တိုက်ပွဲတွေဟာ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ် ကို အဓိက ဦးတည်နေတယ် ဆိုပြီးတော့ ခန့်မှန်းပြောဆိုလို့ရတယ်ခင်ဗျ။ တိုက်ပွဲတွေမှာလည်း သူတို့က လက်နက်ကြီးတွေကို ပိုပြီးတော့ အသုံးပြုတာ များလာတယ်။ အရင်ကထက် လက်နက်ကြီးတွေကို သူတို့ အင်နဲ့အားနဲ့ဖြည့်ပြီးတော့ ပစ်ခတ်တာမျိုး၊ KIO တပ်စခန်းတွေရှိမယ်လို့ ခန့်မှန်းမိတဲ့နေရာတိုင်းကို သူတို့ လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုး ဒီလိုမျိုး ဆက်တိုက် လုပ်လာတယ်။ ဒါတွေက ထူးခြားချက်လို့ ပြောလို့ရမယ်ခင်ဗျ။”

ဒါပေမဲ့လည်း မြန်မာအာဏာပိုင်တွေဘက်ကတော့ လက်ရှိ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တစုံတရာ ပြောဆိုတာ မရှိခဲ့ပါဘူး။ KIA နဲ့ မြန်မာအစိုးရတပ် တွေအကြား တိုက်ပွဲတွေဟာ ကချင် ဒေသအနှံ့မှာ ဖြစ်ပွား နေတာ ကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည်အရေအတွက်ဟာလည်း အခုဆိုရင် ရှစ်သောင်း လောက် ရှိသွားပြီလို့ ကချင်ဒုက္ခသည်အရေး ကူညီ ဆောင်ရွက်ပေးနေသူတွေက ပြောကြပါတယ်။ ဒါ့အပြင် ဒီတိုက်ပွဲအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပြီး - ဒေသခံတွေအနေနဲ့ ထွက်ပြေးရင်း သေဆုံး ထိခိုက်ဒဏ်ရာရသူတွေ ရှိနေတယ်လို့ NDF အမျိုးသားဒီမိုကရေစီအင်အားစု၊ ဖားကန့်မြို့နယ် ရွေးကောက်ပွဲဝင်ကိုယ်စားလှယ် လောင်း ဒေါ်ဘောက်ဂျာ က ပြောပါတယ်။

“ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်းလောက်ကတည်းက အခြေအနေတွေက ဆိုးလာတယ်။ အများဆုံး တိုက်ပွဲဖြစ်တာက ဗန်းမော် ဘက်မှာပါ။ စစ်ပြေးဒုက္ခသည်တွေကလည်း ကချင်ပြည်နယ် တခုလုံး ဆိုရင် ရှစ်သောင်း လောက်ရှိတော့မယ်။ ဒုက္ခသည်တွေက အခု ဗန်းမော် ဘက်ရယ်၊ လိုင်ဇာဘက်ရယ်၊ ကန်ပိုင်တီတို့ ဘက်မှာ ပိုများလာပါတယ်။ ဒီလို တိုက်ပွဲဖြစ်တဲ့ကြားမှာ တချို့တွေက သေနတ်မှန် တာတွေ ရှိတယ်။ တချို့ကျတော့ ဗုံးစတွေထိလို့ သေတာတွေရှိတယ်။”

ဒါ့အပြင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ အဓိက စားသုံးကုန်နဲ့ လူသုံးကုန်ပစ္စည်း ပို့ဆောင်ရာ တရုတ် နယ်စပ် ကန်ပိုင်တီ ကုန်သွယ်ရေး လမ်းကြောင်း ကိုလည်း KIA ဘက်ကနေ မနက်ဖြန် အင်္ဂါနေ့ကစပြီး ပိတ်ပစ်တော့မယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။ ဒီသတင်းကြောင့် တချို့ ခရီးသည်တွေ အနေနဲ့ ဒီကနေ့ တနင်္လာနေ့ကစပြီး မသွားကြတော့ဘူးလို့ ဒေသခံတချို့က ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်ကို မေးကြည့်တဲ့အခါမှာတော့ KIA အနေနဲ့ အရပ်သားတွေ အသုံးပြုတဲ့လမ်းတွေကို ပိတ်ပင်တာမျိုး မရှိကြောင်း ငြင်းဆိုခဲ့ပြီး ဒီဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် အရပ်သားတွေအနေနဲ့ သတိထားကြဖို့ကိုလည်း ပြောဆိုထားတာရှိတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

KIA နဲ့ မြန်မာအစိုးရတပ်တွေအကြား တိုက်ပွဲတွေ ပြန်စခဲ့တာ ၂၀၁၁ ဇွန်လကုန်လောက်ကတည်းကပါ။ အဲ့ဒီလို တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပြီးနောက်ပိုင်း KIA ခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ ဟာ ပြည်နယ် အဆင့်အနေနဲ့ နှစ်ခါ၊ ပြည်ထောင်စုအဆင့်အနေနဲ့ သုံးခါ တွေ့ဆုံခဲ့ ကြပြီးဖြစ်ပေမဲ့ အခုထိတော့ ပြေလည်မှု မရရှိကြသေးပါဘူး။ ဒါ့အပြင် မြန်မာစစ်တပ်တွေဘက်က အခုလို တပ်အင်အားတိုးချဲ့ပြီး တိုက်ပွဲတွေ ပိုမို ပြင်းထန်လာတဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်နိုင်မယ့် အလားအလားအပေါ် KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန် ကတော့

“တိုက်ပွဲတွေ ဘယ်လောက်ပဲဖြစ်ဖြစ် ဒေသငြိမ်းချမ်းရေး ရဖို့အတွက်ကတော့ တွေ့ဆုံဆွေးနွေးမှု တွေကတော့ လုပ်ရမှာပဲခင်ဗျ။ အဲ့ကိစ္စကိုတော့ ကျနော်တို့ဘက်က မျှော်လင့်ပါတယ်။ မျှော်လင့်တယ်ဆိုတဲ့နေရာမှာလည်း တောင်းဆို ထားတဲ့အချက်တွေရှိပါတယ်။ အခု ကချင်ဒေသမှာ ထိုးစစ်ဆင်နေတဲ့ တပ်တွေ ပြန်ရုတ်သိမ်း ဖို့ရယ်၊ ပြဿနာတွေဖြစ်ပွားနိုင်တဲ့ ဒေသမှာရှိတဲ့ တပ်တွေ အနေအထားကို နှစ်ဦးနှစ်ဘက် အကြေအလည် ဆွေးနွေးပြီးမှပဲ ဖြေရှင်းပေးဖို့၊ အဲ့ဒီအချက်တွေကို ပထမအဆင့်အနေနဲ့ လုပ်ရမယ်။ အဲ့ဒီအချက်တွေ လုပ်ပြီးတဲ့ အခါမှ သဘောတူညီချက် လက်မှတ်ရေးထိုးကြမယ်။ လက်မှတ်ရေးထိုးတဲ့အခါမှာလည်း အခိုင်အမာ ဖြစ်စေဖို့အတွက် နိုင်ငံတကာရဲ့ စောင့်ကြပ်မှုအောက်မှာ လက်မှတ်ရေးထိုးကြမယ်ဆိုတဲ့ အဓိက အချက် နှစ် ချက်ပါပဲခင်ဗျ။ အဲ့ဒီအချက်နဲ့ပတ်သက်ပြီးတော့ အစိုးရကိုယ်စားလှယ်အဖွဲ့တွေက အခုထက်ထိ တုန့်ပြန်မှုတော့ မရှိသေးဘူးခင်ဗျ။ သူတို့သာ ကျနော်တို့ တောင်းဆိုချက်တွေကို လိုက်လျောပေးမယ်ဆိုလို့ ရှိရင် ငြိမ်းချမ်းရေးဆွေးနွေးမှုဟာ အရှိန်အဟုန် နဲ့ အကောင်းဘက်ကို ပြောင်းလဲသွားမှာပါ။ ဒါပေမဲ့ အစိုးရ ကိုယ်စားလှယ်တွေ ဘက်ကတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ကိုပဲ ပြောဆိုနေကြတော့ အဲ့ဒီမှာ ဘယ်လိုမှ ညှိလို့မရတဲ့ အကြောင်းအရာတွေ ပေါ်လာတယ်ခင်ဗျ။ ဒါကြောင့်မို့ တွေ့ဆုံဆွေးနွေးမှုတွေကတော့ အပြုသဘောဆန်တဲ့ ရလဒ် တခုမှ မတွေ့ရသေးပါဘူး။”

KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန် ဖြစ်ပါတယ်။ KIA နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပျက်သွားခဲ့တာ အခုဆိုရင် ၁၁ လနီးပါး ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်တွေ ဘက်ကနေ ဒေသခံ အရပ်သားတွေကို အဓမ္မ တပ်ပေါ်တာ ဆွဲတာ၊ ညှဉ်းပန်းနှိပ်စက်မှု တွေ နဲ့ အမျိုးသမီးတွေအပေါ် မုဒိမ်းကျင့်မှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့တယ်ဆိုပြီး ကချင် ဒုက္ခသည်အရေး ဆောင်ရွက်သူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုခဲ့ကြပါတယ်။

ဒါပေမဲ့လည်း မြန်မာအစိုးရ သတင်းစာတွေထဲမှာတော့ KIA တပ်တွေက လမ်း တံတားတွေကို မိုင်းခွဲ ဖျက်ဆီးတာ၊ တပ်သားသစ် စုဆောင်းတာတွေ ရှိတယ်ဆိုပြီး ဖော်ပြရေးသားနေတာကြောင့် KIA နဲ့ မြန်မာ အစိုးရအကြား ငြိမ်းချမ်းရေး ရနိုင်ဖို့အနေအထားဟာ မရေရာလှသေးဘူးလို့ မြန်မာ့အရေး သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။

XS
SM
MD
LG