သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဆန္ဒပြ ထိပ်တိုက်ရင်ဆိုင်မှု သေဆုံးသူဦးရေတိုး


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ သပိတ်စခန်းတွေကို ရှင်းပစ်ဖို့ ကြိုးစားတဲ့ အဓိကရုဏ်းထိန်း ရဲတွေနဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေအကြား သေနတ်နဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၄ ဦးမက သေဆုံးသွားရပါတယ်။

ဝန်ကြီးချုပ်ရုံးနားမှာဖြစ်ပွားတဲ့ တိုက်ခိုက်မှုမှာ ဆန္ဒပြသူ ၃ ဦးနဲ့ ရဲအရာရှိ ၁ ဦး သေဆုံးသွားတယ်လို့ အရာရှိတွေက ပြောပါတယ်။ လူ ၆၀ လောက် ဒဏ်ရာရရှိပြီး လူ ၁၀၀ လောက်ကို ရဲက ထိန်းသိမ်းလိုက်တယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။

နေ့အချိန်မှာ ဖြစ်ပွားတဲ့ ဒီတိုက်ခိုက်မှုတွေအတွင်း မျက်ရည်ယိုဗုံးနဲ့ ပစ်တဲ့အသံတွေ ပေါက်ကွဲသံတွေနဲ့ သေနတ်သံတွေကို ကြားရပါတယ်။ ၂ ဘက်လုံးက လက်နက်တွေ အသုံးပြုနေပုံ ရပါတယ်။

ဝန်ကြီးချုပ် ယင်းလတ် ရှင်နဝပ် (Yingluck Shinawatra) ကို ဖြုတ်ချဖို့ ကြိုးစားနေကြတဲ့ ဆန္ဒပြသူတွေရဲ့ သပိတ်စခန်းတွေကို ရှင်းပစ်ဖို့ လုပ်ဆောင်တဲ့အခါ အကြမ်းမဖက်ပါဘူးလို့ ရဲက ပြောထားတာပါ။

ဆန္ဒပြသူအများစုကတော့ ဘယ်လိုမှ မခုခံဘဲ အလျှော့ပေးသွားပေမဲ့ ဝန်ကြီးချုပ်ရုံးနားမှာရှိတဲ့ အုပ်စုထဲက စစ်သွေးကြွသူတချို့ လက်ထဲမှာ M 79 လောင်ချာတွေ ကိုင်ထားပြီး ရဲတွေဆီကို ပစ်နေတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ဝန်ထမ်းတဦးက ဗွီအိုအေကို ပြောပါတယ်။
အင်္ဂါနေ့ကတော့ အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မတီက ဝန်ကြီးချုပ် ယင်းလတ်ကို တရားစွဲမယ်ဆိုပြီး ကြေညာသွားပါတယ်။

ဝန်ကြီးချုပ်ဟာ ထိုင်းနိုင်ငံရဲ့ စပါးဝယ်ယူမှု လုပ်ငန်းတွေမှာ အဂတိလိုက်စားမှုတွေကြောင့် နိုင်ငံတော်ဘဏ္ဍာ ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးနေရပေမဲ့ အဲ့ဒီကိစ္စကို ဝန်ကြီးချုပ် ယင်းလတ်အနေနဲ့ ဘယ်လိုမှ အရေးယူ မကိုင်တွယ်ဘူးလို့ ပြောပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ အမှုရင်ဆိုင်ဖို့ ကော်မတီက အမိန့်ထုတ်ပါတယ်။
XS
SM
MD
LG