သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်ငံလုံး အပစ်ရပ်ရေး ဝနဲ့ မိုင်းလား သဘောတူ


၀ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSPနဲ့ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေးတပ်မတော် NDAA မိုင်းလားအဖွဲ့ တို့ ရန်ကုန်မြို့ မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ။
၀ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSPနဲ့ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေးတပ်မတော် NDAA မိုင်းလားအဖွဲ့ တို့ ရန်ကုန်မြို့ မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ။

တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးဖို့ ရှိပေမဲ့ သဘောထား ကွဲလွဲနေတဲ့ ကိစ္စတွေကိုတော့ နောက်တဆင့် နိုင်ငံရေး ဆွေးနွေး ပွဲတွေမှာ ဆက်လက် ဆွေးနွေးမှာ ဖြစ်တဲ့အကြောင်း အဓိကလက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSPနဲ့ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေးတပ်မတော် NDAA မိုင်းလား အဖွဲ့တို့က ပြောဆိုခဲ့ပါတယ်။ တဆက်တည်းမှာဘဲ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးမှာ သဘောမတူတဲ့ အချက်တွေ ပါဝင်နေတာတွေကိုလည်း ဆွေးနွေးဖို့ လိုမယ်လို့ ဒီကနေ့ ပထမဆုံး အကြိမ် သတင်းစာရှင်းလင်းပွဲအဖြစ် ရန်ကုန်မြို့မှာ ပြုလုပ်ရာမှာ UWSPရဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောဆိုခဲ့တာပါ။ သတင်းအပြည့်အစုံကို ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSPနဲ့ မိုင်းလားအဖွဲ့လို့ လူသိများတဲ့ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် NDAA တို့ဟာ နိုင်ငံတော်သမတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီးတဲ့နောက် ရန်ကုန်မြို့မှာ ပထမဆုံး အကြိမ်အဖြစ် သတင်းစာ ရှင်းလင်းပွဲကျင်းပရာမှာ သူတို့ရဲ့ သဘောထားတွေ ကို ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရအကြား ဆောင်ရွက်နေတဲ့ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ်နဲ့ပတ်သက်လို့ UWSP ရဲ့ သဘောထားကိုတော့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က အခုလို ပြောဆိုခဲ့ပါတယ်။

"ဆွေးနွေးပွဲမှာ အောင်အောင်မြင်မြင်နဲ့ အလျှော့အတင်းနဲ့ အောင်မြင်စွာ လုပ်နိုင်တယ်။ နောက် တပြည်လုံးအတိုင်းအတာနဲ့ အားလုံး လက်မှတ်ထိုးကြမယ် ဆိုလို့ရှိရင် ဒီအပေါ်မှာ ကျနော်တို့ နောက်ဆုံးရလာဒ်ကို ကျနော်တို့ လေ့လာ မယ်။ လေ့လာပြီးတော့ ပါဝင်လက်မှတ်ထိုးမယ်။ ခင်ဗျားတို့ ဒီတခေါက်ဆွေးနွေးတဲ့ အချက်တွေ ဘာတွေကို သဘောတူညီချက် ရသလဲ။ ကျနော်တို့ကိုပေးပါ။ ကျနော်တို့လေ့လာရမယ်။ ဘာသာပြန်ရမယ်။ အရင် ဘာသာပြန်ပြီးတော့ လူကြီးတွေက ဆွေးနွေးပြီးတော့မှ အေး ဟုတ်တယ်။ ဒါကတော့ သဘာဝကျတယ်။ မျက်မှောက်နိုင်ငံရေးနဲ့ ကိုက်ညီတယ်။ ကျနော်တို့အဖွဲ့ရဲ့ ရပ်တည်ချက်နဲ့လည်း ကိုက်ညီတယ်။ ကျနော်တို့ ထိုးမယ်။ အဲ့ဒီ့လိုမှ ထိုးလို့ရမှာပေါ့။"


NDAA အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခမ်းမောင်ကလည်း သူတို့ အဖွဲ့ရဲ့ သဘောထားကို အခုလို ပြောဆိုပါတယ်။

" အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ထိုးဖို့ ဆိုတာ လောလောဆယ်တော့ ကျနော်တို့ ထိုးဖို့လည်း မလိုဘူး။ ထိုးပြီးပြီ။ ခုနက ကျနော်တို့ ဦးအောင်မြင့် ရှင်းသွားသလိုပေါ့။ လုံးဝကို ကျနော်တို့ မထိုးဘူးလားဆိုတော့ မဟုတ်ဘူး။ ကျနော်တို့ နိုင်ငံရေး ဆွေးနွေးတဲ့အချိန်ရောက်မှ ကျနော်တို့ ပါဝင်ပြီးတော့ တပြည်လုံးနဲ့ အတိုင်းအတာနဲ့ လက်မှတ်ထိုးမယ့် အချိန်ကျမှ ထိုးပါမယ်လို့ အဲ့လိုပဲ ကျနော်တို့က အဓိက လောလောဆယ်တော့ လက်မှတ်ထိုးဖို့လည်း မလိုတော့ဘူး။ အဲ့ဒီ့ဟာပါပဲ။"

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSPရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT ရဲ့ လက်ရှိ တောင်းဆိုချက်တွေ အပေါ် သဘောတူတာရှိသလို မတူတာတွေ ရှိတယ်လို့လည်း ပြောပါတယ်။

" သူတို့ရဲ့မူတချို့ဟာ ကျနော်တို့ တိုင်းရင်းသားတွေအတွက် အားလုံးအတွက် တောင်းဆိုတာဖြစ်တယ်။ ဒါတွေကတော့ ကျနော်တို့ လက်ခံတယ်။ သဘောတူတယ်။ ဒါပေမဲ့ တချို့အချက်တွေကျတော့ အခုနိုင်ငံရေးအခြေခံနဲ့ နည်းနည်းမတူတာရှိတယ်။ တချို့ဟာက နိုင်ငံရေး စကားအရ ပြောရင် လွယ်တယ်။ ဖြေရှင်းရခက်တယ်။ အဲ့ဒီလိုကိစ္စလေးတွေ အများကြီးရှိတယ်။ တွေ့တယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စလေးတွေ တချို့ကိစ္စလေးတွေကတော့ ကျနော်တို့ လက်မခံဘူး။ "

သဘောမတူတဲ့အချက်ကိုတော့ ဦးအောင်မြင့်က အခုလိုဆက်ပြောပါတယ်။

" ပြည်ထောင်စု တပ်မတော်ကိစ္စ၊ ပြည်ထောင်စု တပ်မတော်ကိစ္စမှာဆိုလို့ရှိရင် ဥပမာ သူတို့စာတမ်းတွေမှာ ထွက်လာတယ်။ ပြည်ထောင်စု တပ်မတော်ဖွဲ့လို့ရှိရင် စစ်သေနာပတိချုပ်ကို အလှည့်ကျ တိုင်းရင်းသားလုပ်ရမယ်ဆိုတာ ဟာ.. ဒီဟာဖြစ်နိုင်သလား။ အရည်အချင်းမရှိဘူးလို့ ပြောတာမဟုတ်ဘူးနော်။ ခင်ဗျား တခုလုံးရဲ့ ဒီဟာတွေကို စွမ်းဆောင်နိုင်သလား။ အဖက်ဖက်ပေါ့နော်။ အဲ့ဒီကိစ္စလေးတွေက တခုရှိတယ်။ ဒါကြောင့်မို့လို့ ဒီလို မူကြတော့ ဒီလို တင်းတင်းမာမာနဲ့ ဒီလိုတင်းတင်းမာမာနဲ့ ဆွေးနွေးတာ ကျနော်တို့ မကြိုက်ဘူး။ ပြေလည်အောင် ကျနော်တို့ ဘယ်လိုညှိကြမယ်ဆိုတာ ကိုယ့်မူနဲ့ကိုယ်ပေါ့နော် ဖြေးဖြေး ညှိသွားမယ့်ကိစ္စ အပိုင်းတွေရှိတယ်။ "

ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေးဟာလည်း ဘယ်လို ဖက်ဒရယ်ပြည်ထောင်စုစနစ် ကျင့်သုံးမလဲဆိုတဲ့ မူပေါ်မှာ အခြေခံနိုင်င်ကြောင်းလည်း ထည့်သွင်းပြောပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲမှာ ဝဒေသနဲ့ မိုင်းလာဒေသအတွင်း မူးယစ်ဆေးဝါး နှိမ်နင်းရေးနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အဓိကထား ပြောဆိုခဲ့သလို နိုင်ငံအကြီးအကဲတွေနဲ့တွေ့ဆုံခဲ့စဉ် ဆွေးနွေးခဲ့ကြ တာကိုလည်း တင်ပြပြောဆိုပါတယ်။

တဆက်တည်းမှာပဲ UWSPအဖွဲ့ဟာ ဝပြည်နယ်ဖွဲ့စည်းဖို့နဲ့ မိုင်းလားအဖွဲ့က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖွဲ့စည်းပေးဖု့ိ တောင်းဆိုထားပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲဖို့ဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ ဖွဲ့စည်းပုံနဲ့အညီ လက်နက်ကိုင် အဖွဲ့တခုတည်း အဖြစ် အသွင်ပြောင်းလဲရေးကိုတော့ တဖြည်းဖြည်း ညှိနှိုင်းသွားမှာ ဖြစ်ကြောင်း ဝနဲ့ မိုင်းလားအဖွဲ့က ပြောခွင့်ရသူတွေက ပြောပါတယ်။

ဝနဲ့ မိုင်းလားအဖွဲ့ဟာ ၁၉၈၉ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီက ခွဲထွက်ပြီးနောက် စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ကြသလို ၂၀၁၁ခုနှစ်မှာ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရသစ်ဖွဲ့စည်းပြီးနောက်မှာလည်း အပစ်အခတ်ရပ်စဲရေး အတွက် ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုး ထားတာဖြစ်ပါတယ်။

သူတို့ နှစ်ဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ဖွဲ့ပါဝင်တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ဖွဲ့ပါဝင်တဲ့ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေး အဖွဲ့ NCCT တို့မှာ ပါဝင်ထားတာ မရှိပါဘူး။

လောလောဆယ်မှာတော့ UNFC အဖွဲ့ဟာ သူတို့ရဲ့ ပထမဆုံး ကွန်ဂရက်ကို ထိုင်းနိုင်ငံမှာ ကျင်းပနေပြီး ဖက်ဒရယ်ပြည်ထောင်စု တပ်ဖွဲ့စည်းရေး အပါအဝင် ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးနေပါတယ်။

UNFC အဖွဲ့ဝင်တွေ အများစုပါဝင်တဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT ဟာ အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ ဒီလလည်က ဆွေးနွေးခဲ့ပြီး တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကိုတော့ လာမယ့်လတွေအတွင်း လက်မှတ်ရေးထိုးနိုင်မယ် လို့လည်းမျှော်မှန်းထားပါတယ်။

XS
SM
MD
LG