သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုကျွန်းတွေပေါ်က နိုင်ငံခြားသားအလုပ်သမားတွေ နေရပ်ပြန်ပို့မည်


အင်ဒိုကျွန်းပေါ်က ကျေးကျွန်သဖွယ် ပိတ်လှောင်ပြီး အတင်းအဓမ္မ ခိုင်းစေခံနေရတဲ့ ငါးဖမ်းလုပ်သမားတွေ။
အင်ဒိုကျွန်းပေါ်က ကျေးကျွန်သဖွယ် ပိတ်လှောင်ပြီး အတင်းအဓမ္မ ခိုင်းစေခံနေရတဲ့ ငါးဖမ်းလုပ်သမားတွေ။

အင်ဒိုနီးရှားနဲ့ ထိုင်းငါးဖမ်းလုပ်ငန်းတွေမှာ မြန်မာအများစုပါတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ကျေးကျွန်တွေလို ပြုမှု ခိုင်းစေတာတွေ ရှိနေတဲ့ အကြောင်း အေပီ သတင်းဌာနက ပြီးခဲ့တဲ့ သီတင်းပတ်က စုံစမ်း ဖော်ထုတ် ခဲ့ပြီးတဲ့နောက် အင်ဒိုနီးရှားနိုင်ငံက လူသူ အရောက်အပေါက် နည်းတဲ့ ကျွန်းငယ် တခုပေါ်မှာ ရှိနေတဲ့ နိုင်ငံခြားသား ငါးဖမ်း အလုပ်သမားတွေကို နေရပ်ပြန်ပို့နိုင်ဖို့ အင်ဒိုနီးရှားအစိုးရက ဒီကနေ့ သောကြာနေ့မှာ စတင် လုပ်ဆောင်ပါတယ်။

အင်ဒိုနီးရှား အဏ္ဏဝါနဲ့ ရေထွက်ပစ္စည်းလုပ်ငန်း စောင့်ကြည့်စစ်ဆေးမှုအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံက အလုပ်သမား အယောက် ၂၀ ကို ခေါ်ပြီး သူတို့လုံခြုံရေးအတွက် ဘန်ဂျီနာ ရွာကနေ အနီးအနားက Tual ကျွန်းကို ပြောင်းရွှေ့ပေးမယ့် အကြောင်း အစောပိုင်း ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ သူတို့တွေ ကျွန်းကနေ ထွက်ခွာတော့မယ် ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ခဲ့တာကြောင့် တခြား မြန်မာနဲ့ ကမ္ဘောဒီးယား အပါအဝင် ဒါဇင်နဲ့ချီ ကျန် ငါးဖမ်းသမားတွေကလည်း တပါတည်း လွတ်မြောက်ဖို့ ကြိုးစားခဲ့ကြတာပါ။

ဒီ ငါးဖမ်းအလုပ်သမားတွေကိုအင်ဒိုနီးရှား ကိုယ်စားလှယ် အဖွဲ့က မေးမြန်းခဲ့ တာမှာ အေပီ သတင်းမှာ ဖော်ထုတ်ခဲ့သလိုပဲ သူတိုဟာ အလုပ်ရှင်တွေရဲ့ ညှင်းပမ်း နှိပ်စက်တာ၊ ကျွန်ပြုခိုင်းစေတာတွေ ခံရတဲ့ အကြောင်း ပြောခဲ့ကြပါတယ်။နိုင်ငံခြားသား ငါးဖမ်းအလုပ်သမားတွေရှိရာ ဘန်ဂျီနာရွာမှာ အင်ဒိုနီးရှား ရေတပ်က ဝန်ထမ်း ၂ ယောက်သာ တာဝန်ချထားတာကြောင့် ဘန်ဂျီနာရွာဟာ လုံခြုံရေးအတွက် စိတ်မချရဘူးလို့ အင်ဒိုနီးရှား ကိုယ်စားလှယ်အဖွဲ့ ပြောပါတယ်။

အခုတော့ ဒီငါးဖမ်းသမားတွေကို အနီးအနားက Tual ကျွန်းကို ရွှေ့ပြောင်းထားပြီး အဲဒီကျွန်းပေါ်က အင်ဒိုနီးရှား ငါးလုပ်ငန်း ဝန်ကြီးဌာန ဝန်းထဲမှာ နေရာ ချထားပါတယ်။ အဲဒီမှာ သူတို့ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို စစ်ဆေးမှုတွေ လုပ်သွားမှာဖြစ်ပါတယ်။

ဒီ ငါးဖမ်းသင်္ဘောသားတွေကိစ္စကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အနီးကပ် စောင့်ကြည့်နေတယ်လို့ သောကြာနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန်နိုင်ငံခြားရေးဌာန ယာယီပြောခွင့်ရ Marie Harf ကပြောပါတယ်။

ဒီကိစ္စအတွက် ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှားအစိုးရတွေနဲ့ ဆက်သွယ် ပြောဆိုနေတယ် လို့လည်း Marie Harf ကပြောပါတယ်။ ငါးဖမ်းလုပ်ငန်းနဲ့ ပင်လယ်အစားအစား လုပ်ငန်းကဏ္ဍမှာ လူမှောင်ခိုကူးတဲ့ကိစ္စအပေါ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၊ နိုင်ငံ ခြားရေးဌာနတို့အနေနဲ့ အထူးပဲ စိုးရိမ်တဲ့ အကြောင်း၊ ရွှေ့ပြောင်း လုပ်သား အများအပြားပါဝင်တဲ့ ဒီကဏ္ဍက အလုပ်သမားတွေ ဟာ အမေရိကန်ပြည်ထောင်စုဆီ ပင်လယ်အစားအစာတွေ တင်သွင်းနေတဲ့ အဆင့် တလျှောက် နေရာစုံမှာ အသုံးချခံရတာတွေ တိုးပြီးဖြစ်လာနေကြောင်း၊ ဒါကြောင့် ဒီကိစ္စကို ထိုင်းအစိုးရနဲ့လဲ ဆွေးနွေးနေတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ယာယီ ပြောခွင့်ရ Marie Harf ကပြောသွားပါတယ်။

XS
SM
MD
LG