သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရေဘေးဒုက္ခသည်တွေအတွက် လိုအပ်နေတဲ့ နိုင်ငံတကာ အကူအညီ


အလှူရှင်တွေက ရေနစ်မြုပ်နေတဲ့ကောလင်းနဲ့ ပတ်ဝန်းကျင်ရွာတွေက ကျောင်းသားကလေးငယ်တွေကို စားသောက်စရာများ ဝေခြမ်းပေးနေစဉ်။ (ဇူလိုင် ၂၃၊ ၂၀၁၅)
အလှူရှင်တွေက ရေနစ်မြုပ်နေတဲ့ကောလင်းနဲ့ ပတ်ဝန်းကျင်ရွာတွေက ကျောင်းသားကလေးငယ်တွေကို စားသောက်စရာများ ဝေခြမ်းပေးနေစဉ်။ (ဇူလိုင် ၂၃၊ ၂၀၁၅)

နိုင်ငံတဝှမ်းက ရေဘေးဒုက္ခသည်တွေအတွက် နိုင်ငံတကာက အကူအညီတွေကို မြန်မာအစိုးရက စီမံခန့်ခွဲနေတာမှာ အခုချိန်ထိတော့ ဝေးလံတဲ့ ဒေသတွေကို ခြုံငုံရောက်ရှိမှု နည်းပါးနေပါတယ်။ သိန်းနဲ့ချီတဲ့ ရေဘေးသင့်သူတွေအတွက် နိုင်ငံတကာ ကူညီကယ်ဆယ်ရေး ဝန်ထမ်းတွေကိုလည်း လက်ခံထားသလို အာဆီယံကလည်း နည်းပညာပိုင်းဆိုင်ရာ ကူညီထောက်ပံ့ပေးနေပေမဲ့ လတ်တလောမှာတော့ အကူအညီတွေ ဆက်ပြီး လိုအပ်နေဆဲပါ။

ကုလအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အကူအညီတွေနဲ့ ပုဂ္ဂလိက အလှူရှင်တွေရဲ့ ထောက်ပံ့မှုတွေကို မြန်မာအစိုးရဘက်က ဘယ်လောက် ထိထိရောက်ရောက် ဖြန့်ဝေပေးနိုင်ပြီလဲ ဆိုတာကိုတော့ မသိင်္ဂီထိုက် က စုစည်းတင်ပြထားပါတယ်။

လူပေါင်း ၂ သိန်း ၆ သောင်းနီးပါး ရေဘေးဒုက္ခ တွေ့နေမှုတွေကို ကူညီဖြေရှင်းပေးဖို့အတွက် နိုင်ငံတကာက အကူအညီထောက်ပံ့မှုတွေကို မြန်မာအစိုးရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက စီမံခွဲဝေပေးမှာ ဖြစ်ပါတယ်။ လက်တလောမှာတော့ တရုတ်၊ ဂျပန် တို့လို အာရှဒေသတွင်း နိုင်ငံတွေဆီက ရောက်ရှိလာတဲ့ အကူအညီတွေကို မြန်မာအစိုးရက လက်ခံထားပြီး ဖြန့်ဝေပေးနိုင်ဖို့လည်း စီစဉ်နေကြပါတယ်။ ဒါ့အပြင် ရေဘေးကယ်ဆယ်ရေးအတွက် တရုတ်နဲ့ အာဆီယံအဖွဲ့တို့က ကယ်ဆယ်ရေး လုပ်သားတွေ အကူအညီ စပေးနေပြီ ဖြစ်တဲ့အကြောင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်က ပြောပါတယ်။

“လောလောဆယ်တော့ တရုတ်က search and rescue team ရှာဖွေ၊ ကယ်ဆယ်ရေး ၁၀ ဦးပါတဲ့အဖွဲ့တဖွဲ့ ရောက်ရှိလာပြီးတော့ အခု ရခိုင်မှာ ရောက်ရှိနေပါတယ်။ ရခိုင်ပြီးရင် သူတို့ ဘယ်ကိုသွားရမလဲ၊ ဘယ်နေရာတွေ သွားပြီးတော့မှ အကူအညီပေးရမလဲ စသဖြင့် ကျနော်တို့နဲ့ ညှိနှိုင်းနေတဲ့ အနေအထားမျိုး ရှိပါတယ်။ ကျနော်တို့ဘက်ကတော့ ဧရာဝတီဘက်ခြမ်းတို့ စသဖြင့်ပေါ့နော် နောက်ပိုင်းမှာ ဆက်ပြီးတော့မှ ရေကြီးနိုင်တဲ့ အလားအလာရှိတဲ့ - အပေါ်က ရေကျသွားရင် အောက်ပိုင်းမှာ ရေဆက်ကြီးမှာကိုးဗျ အဲဒီအပိုင်းတွေအတွက်ကိုလည်း ကျနော်တို့ search and rescue နဲ့ ပတ်သက်ပြီးတော့မှ လိုအပ်တဲ့ နည်းလမ်းတွေ ပေးနိုင်ဖို့အတွက်ကိုလည်း ကျနော်တို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် ကျနော်တို့ ASEAN Coordination Center Team တဖွဲ့ကလည်း ကျနော်တို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနမှာ နေပြီးတော့မှ လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ၊ လိုအပ်ချက်တွေ၊ ဆန်းစစ်ချက်တွေကို ဆောင်ရွက်မယ်။ သူတို့ဘက်ကလည်း ကျနော်တို့ အာဆီယံစင်တာကလည်း မလေးရှားနိုင်ငံ ဆူဘန်းရေတပ်စခန်းမှာ ဂိုဒေါင်တွေ ရှိတယ်လေ။ အဲဒီကနေပြီးတော့မှ လိုအပ်တာတွေကို ထောက်ပံ့ပေးနိုင်ဖို့လည်း ဆက်ပြီးတော့မှ ဆောင်ရွက်မှာ ဖြစ်ပါတယ်။”

ပြည်တွင်း ပြည်ပ ကူညီထောက်ပံ့ရေးအတွက် အဓိက အခက်အခဲကတော့ ဝေးလံတဲ့ ရေဘေးသင့်သူတွေအတွက် အကူအညီတွေ ရောက်ရှိဖို့ အခက်အခဲ ရှိနေတာမို့ သယ်ယူပို့ဆောင်ရေးမှာ နိုင်ငံတကာရဲ့ အကူအညီ အထောက်အပံ့တွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်က တရားဝင် ဖိတ်ခေါ်မှုကိုတော့ မတွေ့ရသေးပါဘူး။ လတ်တလောမှာတော့ ကုလနဲ့ ပြည်တွင်းပြည်ပက ထောက်ပံ့ပစ္စည်းတွေကို တပ်မတော်နဲ့ ပုဂ္ဂလိက လေကြောင်းလိုင်းတို့က တနိုင်တပိုင် ထောက်ပံ့နေပေမဲ့ ဘေးသင့်ဒေသတခုလုံးကို လွှမ်းခြုံနိုင်ခြင်း မရှိသေးပါဘူး။ ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်ကတော့ အစိုးရဘက်က အစွမ်းကုန် ကြိုးစားနေတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲလ်၊ နောက် ကုလအဖွဲ့အစည်းတွေကနေလည်း ဗုဒ္ဓဟူးနေ့မှာ မြန်မာအစိုးရရဲ့ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေကို လာပြီး ဆွေးနွေးခဲ့ပါတယ်။

“ဝန်ကြီးကို အမေရိကန်သံအမတ်ကြီးပေါ့ ကိုယ်တိုင်လာတွေ့ပြီးတော့မှ ကျနော်တို့ ဒီမှာ ဆောင်ရွက်နေတဲ့ ကျနော်တို့ အမျိုးသားကော်မတီရဲ့ ဆောင်ရွက်နေမှု၊ အစိုးရရဲ့ ဆောင်ရွက်နေမှုတွေ ဒီအပေါ်မှာ သူတို့ကနေ လာပြီးတော့မှ နားထောင်တဲ့ သဘောရှိပါတယ်ခင်ဗျ။ အဲဒီကူညီကမ်းလှမ်းချက်တော့ မရှိပါဘူး။”

လက်ရှိမှာတော့ မြန်မာတနိုင်ငံလုံးက တိုင်းနဲ့ ပြည်နယ် ၁၁ ခုတို့က လူပေါင်း ၂ သိန်းခွဲကျော် ရေဘေးတွေ့နေပြီး သေဆုံးသူတွေလည်း နေ့စဉ်နဲ့အမျှ တိုးလာနေတာ ဖြစ်ပါတယ်။ ရေဘေးသင့် ဒေသတချို့မှာ ရေပြန်ကျလာပြီ ဖြစ်ပေမဲ့လည်း ရွှံ့တွေ ပိမိနေတာကြောင့် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်နေဆဲ ဖြစ်ပါတယ်။ အထက်အညာမှာ ရေကျစ ပြုလာပေမဲ့လည်း အောက်ပိုင်းဒေသ ဧရာဝတီတိုင်းဘက်မှာတော့ ရေကြီးမယ့် အခြေအနေနဲ့လည်း ရင်ဆိုင်နေကြရပါတယ်ရှင်။

XS
SM
MD
LG