သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးကြိုတင် စီမံမှုတွေလိုအပ်နေတဲ့ မုံရွာမြို့


ရေကြီးမယ့်အန္တရာယ် စိုးရိမ်နေရတဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ရေဘေးအခြေအနေကို ပြည်သူအများသိအောင် သက်ဆိုင်ရာ အာဏာပိုင်တွေ ဘက် ကြိုတင်အကြောင်းကြားခြင်းမရှိတဲ့အပြင် ရေဘေးလွတ်ရာမှာ ခိုလှုံနိုင်ဖို့ ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်တာမျိုးလည်း မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။ အခုလို တိုင်းနဲ့ပြည်နယ်အနှံ့ ရေလွှမ်းမိုးမှုကြောင့် ဘေးဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေးရေရှည်လုပ်ငန်းတွေကိုလည်း အစိုးရဘက်က နိုင်ငံတကာအကူအညီနဲ့ စီမံဆောင်ရွက်ပေးဖို့လိုအပ်နေပြီလို့ ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ နာမည်ကျော် အနုပညာရှင်တဦးကတိုက်တွန်းလိုက်ပါတယ်။ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကို ပြောပြမှာပါ။

ရေဘေးဒုက္ခကို ဆိုးဆိုးဝါးဝါးခံခဲ့ရတဲ့ မြန်မာနိုင်ငံဒေသအနှံမှာ ရေကြီးနိုင်မယ့် အန္တရာယ်ကို သက်ဆိုင်ရာက ကြိုတင်အသိပေးတာ၊ ဘေးလွတ်ရာမှာ ခိုလှုံနိုင်ဖို့ ကြိုတင်စီမံဆောင်ရွက်တာတွေမ မရှိခဲ့တဲ့အတွက် ရေဘေးဒုက္ခအခက်အခဲတွေကို မျှော်လင့်တာထက်ပိုပြီး ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ချင်းတွင်းမြစ်ရေတက်လာတဲ့အတွက် ရေကြီးမယ့်အန္တရာယ်ကို စတင်ရင်ဆိုင်နေရတဲ့ မုံရွာမြို့မှာဆိုရင်လည်း မြစ်ရေအမြင့်ဟာ စိုးရိမ်ရေ အမှတ် ကျော်ပြီး တာရိုးရောက်နေတဲ့အချိန်ထိ အာဏာပိုင်တွေဘက်က ရေဘေးအန္တရာယ်အတွက် ကြိုတင်စီမံဆောင်ရွက်ပေးတာမျိုး မရှိသေးတဲ့အတွက် ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ မုံရွာမြို့ခံတဦးဖြစ်တဲ့ ကိုကျော်မိုးလှိုင်က ဗွီအိုအေကိုပြောပါတယ်။

“ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေကတော့ ကြေညာတာတော့ မုံရွာမြို့မှာ မကြားမိဘူးပေါ့နော်။ ဒီနေ့ညနေက ဖြစ်ပျက်သွားတဲ့အဖြစ် တခုဆို (၈) နာရီလောက်မှာ၊ အောင်ဇေရုံ၊ အောင်ဇေရုံဆိုတာက ကကြီး၊ ခကွေးဂိုဒေါင်နားက အနိမ့်ပိုင်းကျတယ်။ အဲဒီနားဆိုရင် တာရိုးက နေပြီးတော့ ၆ လက်မလောက်ပဲကျန်တော့တယ်။ ရေက၊ အဲဒီအချိန်မှာ သူတို့ဒေသခံတွေက စိတ်မချတာနဲ့ ရေကင်းလွတ်တဲ့ အလက (၄) ကျောင်းကို သွားကြတယ်။ သွားကြတော့ အဲဒီမှာ အာဏာပိုင်အဖွဲ့အစည်းက ဥပမာ - ရေဝင်လာပြီဆိုရင် အဲဒီကျောင်းမှာနေရာချထားမယ်ဆို စနစ်တကျ ကြေညာထားတာမရှိဘူး။ အရပ်ဘက်ကသာအဲဒီကျောင်းကို သင့်လျော်တယ်ဆိုပြီး သွားကြတာကိုး ကိုယ့်ဟာနဲ့ကိုယ်။ အဲဒီမှာ ကျောင်းအုပ်ကြီးကလည်း၊ ကျောင်းအာဏာပိုင်အဖွဲ့အစည်းကလည်း တခါးဖွင့်မပေးရဲဘူးပေါ့။ အခြေအတင် နာရီဝက်လောက်ဖြစ်သွားတယ်။ နောက်ကျရင် ကျောင်းအုပ်ကြီးကနေ တခါးဖွင့်ပေးလိုက်ရတယ်ပေါ့။ တကယ်တန်းဆိုရင် မြို့နယ်အာဏာပိုင်အဖွဲ့အစည်းတွေက ဒီကိစ္စကို စနစ်တကျ ပြင်ထားသင့်တယ်ပေါ့။ ဥပမာ- မုံရွာတာရိုးကျိုးပြီ၊ တာရိုးကျိုးပြီဆိုရင် --ကြီး၊ အောင်ချမ်းသာ၊ မြို့သစ်၊ အလုံ၊ ရုံးကြီး၊ ဘုရားကြီး၊ အေးသာယာ တောက်လျှောက် အနောက်ဘက်တခြမ်းကြီးက မြုပ်မှာလေ။ မြုပ်မှာဆိုတော့ ဒုက္ခရောက်နေတဲ့သူတွေကို ဘယ်ကျောင်းတွေမှာ၊ ဘယ်ဘုန်းကြီးကျောင်းတွေမှာ နေရာချထားမယ်ဆိုတာကို စနစ်တကျပြင်ထားသင့်တယ်လေ။”

မြန်မာနိုင်ငံ တဝှမ်း လွန်ခဲ့တဲ့ရက်ပိုင်းကစတဲ့ မုတ်သုန်မိုးသည်းထန်မှုကြောင့် မြစ်ရေကြီးမှုတွေ ရှိနေပြီး အထူးသဖြင့် ဒီရက်ပိုင်းအတွင်း ချင်းတွင်းနဲ့ ဧရာဝတီမြစ်တွေနားမှာရှိတဲ့ မြို့တွေမှာ ရေကြီးပြီး စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ကျွမ်းကျင်သူ ဦးထွန်းလွင်က အခုလို ဗွီအိုအေကို ပြောထားပါတယ်။

“မုံရွာတို့၊ ဘာတို့ကတော့စိုးရိမ်ရတဲ့အဆင့်ကို ရောက်နေတယ်လို့၊ ဟင်္သာတနားမှာတော့ စတက်နေပြီ။ ဟင်္သာတနားမှာ အနီးပတ်ဝန်းကျင်က မြို့တွေကို ရေတွေဝင်ကုန်ပြီဗျ၊ နောက် မြစ်ဝကျွန်းပေါ်မြို့ နှစ်မြို့သုံးမြို့လည်း ရေဝင်တယ်လို့ သိရတယ်၊ အဲဒါကတော့ နည်းနည်း စောင့်ကြည့်ပြီး- စိုးရိမ်ရတဲ့အနေအထားမှာတော့ ရှိတာပေါ့ဗျာ၊ ဘာကြောင့်လဲဆိုတော့ မိုးကလည်းရွာနေတယ်။ တောင်ပေါ်က ရေတွေကလည်း အောက်ကိုဆင်းတဲ့ကာလဖြစ်နေတယ်လေ။”

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှာလည်း ရေကြီးရေလျှံနေပြီး ကျေးရွာအုပ်စုပေါင်း၂၄ ရွာက ပြည်သူပေါင်း ခုနှစ်သောင်းကျော်ရေဘေးသင့်နေကြတယ်လို့ ဒေသထုတ်သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

အလားတူ ကိုမန်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့တဲ့ ရခိုင်ပြည်နယ်က မင်းပြား၊ ကျောက်တော်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာရေလွှမ်းမိုးမှုကြောင့် လူအများအပြားသေဆုံးပြီး ဒုက္ခသည် သောင်းနဲ့ချီပြီး အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ အဲဒီဒေသကလာတဲ့သတင်းတွေကဆိုပါတယ်။

ဒီရေဘေးသင့်ဒုက္ခသည်တွေ ရှိနေတဲ့ ရေဖုံးလွှမ်းနေတဲ့နေရာတွေကို ရဟတ်ယာဉ်နဲ့ပဲ သွားရောက်ကယ်တင်မှ ရနိုင်တဲ့ အနေအထား ဖြစ်နေတဲ့ အတွက် အစိုးရဘက်က ရေဘေးသင့်ပြည်သူတွေကို ထိရောက်တဲ့ ကူညီကယ်ဆယ်မှုတွေကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့ ရေဘေးကူညီကယ်ဆယ်ရေး အဖွဲ့တွေဘက်က တောင်းဆိုထားတာပါ။

အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့လည်း အဲဒီဒေသတွေကို ကိုယ်တိုင်သွားရောက်ဖို့ အခက်အခဲတွေရှိနေတယ်လို့ရေဘေး ကယ်ဆယ်ရေးမှာ ပါဝင်ကူညီနေတဲ့ နိုင်ငံကျော်အနုပညာရှင် မင်းသားဇင်ဝိုင်းက ဗွီအိုအေကိုပြောပါတယ်။ ဒါ့အပြင် ရေဘေးအန္တရာယ်ကြောင့် ဆုံးရှုံးသွားတဲ့ လယ်ယာမြေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေအတွက် ပြန်လည်ထူထောင်ရေးစီမံကိန်းတွေကို ကြိုတင်စီမံ ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ အခုလိုပြောပါတယ်။

“ရေပြန်ကျသွားပြီးပြီဆိုလို့ ပြီးသွားတာမဟုတ်ဘူးဗျ။ ရေပြန်ကျသွားပြီးပြီဆို ဒီမှာ နုန်းတွေ၊ နွံတွေ ကျန်နေခဲ့တာပါ။ တော်တော့်ကို တော် တော့်ကို ကြီးပါတယ်။ တချို့နေရာတွေမှာဆို သုံးပေ၊ လေးပေလောက်အထိအောင်ကို တင်ကျန်ခဲ့တယ်လို့ ပြောပါတယ်။ ဒါတွေကို ရှင်းလင်းရေး လုပ်ရမယ့်ကိစ္စရှိပါတယ်။ ပြီးတော့ သောက်ရေ၊ သုံးရေအတွက် ရေတွင်းတွေ၊ ရေကန်တွေမှာ ပြန်လည်ပြီးသန့်ရှင်းအောင် လုပ်ရမယ့်ကိစ္စတွေ ရှိပါတယ်။ ကျနော်တို့ရှေ့မှာသွားခဲ့တဲ့ ကိုဝေဠုကျော်ဖောင်ဒေးရှင်းရဲ့အတွေ့အကြုံအရ သူ ကျနော်တို့ကို ပြန်ရှင်းပြတဲ့ ကိစ္စက ရေကျပြီးသွားလို့ရှိရင် စပါးစိုက်ပျိုးရေးအတွက်ကို မျိုးစပါးမရှိဘူး-ဆိုတဲ့အဖြစ်မျိုးတွေ ဖြစ်နေတာလေ။ ဒီနှစ်ဆိုလည်း ဝမ်းစာစပါး မရှိတော့ဘူး။ ဝမ်းစာစပါးမရှိတော့ဘူးဆိုတော့ ဒီဟာတွေကို ကျနော်တို့က ပြန်လည်ကူညီဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ဒါကတော့ တဆင့်ချင်း သွားရမှာပေါ့လေ။ အဓိက-ကတော့ နိုင်ငံတော်အစိုးရနဲ့ တတ်နိုင်သလောက် ကျနော်တို့ နိုင်ငံတကာကအကူအညီတွေ အခုအချိန်အထိ ဝင်လာပြီးတော့မှ အတိဒုက္ခရောက်နေတဲ့ပြည်သူများကို ကူညီနိုင်ရင်တော့ အကောင်းဆုံးပေါ့။ သို့သော်လည်းပဲ အခုထိတော့ နိုင်ငံတကာအကူအညီတွေလည်း မတောင်းသေးဘူးဆိုတဲ့အခါကျတော့ ကျနော်တို့ကတော့ တနိုင်တပိုင်လုပ်နေကြရတဲ့အဆင့်မှာပါပဲ။”

မြန်မာနိုင်ငံတဝှန်းရေဘေးဒဏ်ဒုက္ခသည်တွေကို အကူအညီပေးနိုင်ရေး အနုပညာရှင်တွေဟာ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း အပါအဝင် ကျောင်းသားသမဂ္ဂတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်ရှင်။

XS
SM
MD
LG