သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးအန္တရာယ် ဧရာဝတီတိုင်းမှာ ကြိုတင်ကာကွယ်


ပြည်မြို့ ရေလွှမ်းမိုးနေ (သတင်းဓာတ်ပုံ-Htet aung khant)
ပြည်မြို့ ရေလွှမ်းမိုးနေ (သတင်းဓာတ်ပုံ-Htet aung khant)

ဧရာဝတီတိုင်းဒေသကြီးက ခရိုင် ၃ ခုမှာ ကြိုတင်ကာကွယ်တာတွေ လုပ်ဖို့အတွက် အရေးကြီးအခြေအနေ အဖြစ်ထုတ်ပြန်ထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်နဲ့လမ်းပမ်း ဆက်သွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် လက်ရှိ ရေဘေးသင့်တဲ့ဒေသတွေမှာ သောက်သုံးရေနဲ့ ဆန်တွေ လိုအပ်နေတယ်လို့ ကယ်ဆယ်ရေးစခန်းတွေမှာ အကူအညီပေးနေသူတွေက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ VOA သတင်းထောက် မသိင်္ဂ ီလင်း က ပြောပြပေးပါမယ်။

ပြီးခဲ့တဲ့ ဇူလိုင်လနောက်ဆုံးပတ်ထဲက မြင့်တက်နေတဲ့ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေတွေဟာ မြစ်အောက်ပိုင်းဒေသတွေကို စီးဆင်း လာနေပြီဖြစ် တာကြောင့် ဧရာဝတီတိုင်းဒေသကြီးက ပုသိမ်ခရိုင်၊ မအူပင်ခရိုင်နဲ့ ဟင်္သာတ ခရိုင်တွေမှာ ကြိုတင်ကာကွယ်ရေးအတွက် အရေးကြီးအခြေအနေအဖြစ် ထုတ်ပြန် လိုက်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်နဲ့လမ်းပမ်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက အခုလို ပြောဆိုလိုက်ပါတယ်။

" ကျနော်တို့ဘက်မှာ အဓိကကတော့ သဘာဝ ဘေးအန္တရာယ်ကို စီမံခန့်ခွဲမှုကော်မတီပေါ့နော်။ အဲ့တာမျိုးတွေ ကျနော်တို့ ကြိုပြီးတော့ ဖွ့ဲစည်းထားတယ်။ နောက်ပြီးတော့ လိုအပ်တဲ့ပြင်ဆင်မှုတွေ ပြင်ဆင်ထားတယ်။ ဆန်အိတ်တွေ သဲအိတ်တွေ လိုအပ်တဲ့ ဝါးတို့ ထရံတို့ ဒါတွေ အားလုံးကို အကုန်လုံး စုဆောင်းထားတာပေါ့နော်။ အဲ့လိုမျိုး။ ကျနော်တို့က အကုန်ပြင်ဆင် ထားတယ် ဘာဖြစ်လို့လဲဆိုတော့ ဖြစ်လာမှ ပြင်ဆင်တာထက်စာရင် ကျနော်တို့က ကြိုတင်ပြီးတော့ ပြင်ဆင်ထားတဲ့သဘောမျိုးပါ။ အရေးပေါ်အခြေအနေတော့ မဟုတ်ဘူးနော်။ အဲ့တာ လွဲမှာစိုးလို့။"

လက်ရှိ ဧရာဝတီတိုင်းဒေသကြီးထဲမှာ ကယ်ဆယ်ရေးစခန်း ၂၆ ခုဖွင့် ထားပြီး ရေဘေးသင့်သူတွေကို ကူညီ ကယ်ဆယ် ထားတာပါ။ နောက် ထပ် ရေမြင့်တက်လာနိုင်တဲ့အခြေအနေတွေရှိတာကြောင့် ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့လည်း ဦးဝင်းဌေးက အခုလို ဆက်ပြောပါတယ်။

" မနေ့ကဆိုရင် ကျနော်တို့ ငဝန်တာမှာ ဖြစ်လာလို့ရှိရင် ဘယ်လိုလုပ်မလဲဆိုတဲ့ demonstration ပေါ့နော်။ ကြိုတင်ကာကွယ်မှုအတွက် သရုပ်ပြပွဲတွေ လုပ်တယ်။ နောက်တခုက လက်ရှိ ရေနည်းနည်း တက်နေတဲ့နေရာတွေ မှာပေါ့ ရေမြုပ်တဲ့နေရာတွေမှာ ဆန်တွေ စပေးနေပါပြီ။ ဆန်အိတ်တွေ သဲအိတ်တွေ စုဆောင်းပြီးတော့ ထားထားတာတွေရှိတယ်။ တာမှာ နည်းနည်းစိမ့်နိုင် တဲ့နေရာတွေအတွက် ပစ္စည်းတွေ စုဆောင်းထားတာတွေရှိပါတယ်။"

ပဲခူးတိုင်းဒေသကြီးက မြို့တော်တော်များများမှာလည်း ရေလွှမ်းမိုးမှုတွေ ဖြစ်နေပြီး ပြည်မြို့မှာ ရေဘေးသင့်သူဦးရေ ၄၀၀၀ ကျော် ရှိနေတာပါ။ ရေဘေး သင့်နေသူတွေ အတွက် သောက်ရေသန့် နဲ့ ဆန်အဓိက လိုအပ်နေတယ်လို့ ပြည်မြို့မှာရှိတဲ့ အရပ်ဖက် ကယ်ဆယ်ရေး ဗဟိုစခန်းတာဝန်ခံ ဦးဗိတ်က အခုလို ပြောပါတယ်။

" အဓိက လိုတာကတော့ နေ့စဉ်ဆိုရင် သောက်ရေနဲ့ ထမင်းအတွက်ပေါ့။ ဒါတွေကတော့ နေ့စဉ်ကိစ္စကို ကျနော်တို့က ရှင်းပေးတာ။ ပြီးတော့ အားလုံးပြီး သွားမယ်ဆိုရင် သူတို့ကို ပြန်ပြီးတော့ နေရာချတာမျိုးဆိုရင် တချို့အိမ်တွေဆို လုံးလုံး မြုပ်သွားတဲ့ဟာတွေ ရှိတယ်လေ။ အဲ့ဒီ့အတွက်ဆို အကုန်လုံးကအစ ကျနော်တို့ အခုလှူဒါန်းထားတဲ့ ပိုက်ဆံတွေထဲကအလှူငွေတွေ ပစ္စည်းတွေကနေ အားလုံးလည်း ပြီးရော သူတို့လိုအပ်တဲ့ဟာလေးတွေ တအိမ်ကို အားလုံး အချိုးကျပေါ့နော် ဆန်တစ်တင်းခွဲလိုလည်း တစ်တင်းခွဲ ဒါမှမဟုတ်လို့ရှိရင်လည်း တစ်တင်းခွဲအိတ် တစ်တင်းခွဲအိတ် တဝက်ဆိုလည်း တဝက် ပေါ့ ကျနော်တို့ အဲ့တာမျိုးတွေ လိုက်ပြီးတော့ စီစဉ်တယ်။ အဓိက လိုတာ ကတော့ ရေသန့်။ ရေသန့် ကတော့ ကျနော်တို့ ဒီကနေ အဲ့ဒီ့အိမ်တွေအကုန်လုံးကို ၂၀ လီတာဘူးတွေ ရှစ်ရာ၊ တစ်ထောင်လောက် ပို့နေတယ်ဆိုပေမဲ့ လိုနေတာပဲ။ အဲ့တာမျိုးတွေကတော့ ပုံမှန်လိုတယ်။"

မြစ်ရေကြီးမှုကြောင့် နိုင်ငံတဝှမ်းမှာ ရေဘေးသင့်ပြည်သူ (၂) သိန်းကျော် ရှိပြီဖြစ်ပါတယ်။ ရေဘေးသင့်ဒေသတွေမှာရှိတဲ့ ကျောင်းတွေပိတ်ထားရပြီး ကူညီကယ်ဆယ်ရေးနှင့် စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်။

ရေဘေးသင့်ဒေသများတွင် ရေပြန်မကျမချင်း သောက်သုံးရေနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးသွားမယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောဆိုထားပါတယ်။

ဒီနေ့ မနက် နေပြည်တော်မှာလည်း ဒုတိယသမ္မတ ၂ ဟန်နရီဗန်ထီးယူ ဦးဆောင်တဲ့ အမျိုးသား သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးကျင်းပခဲ့ပြီး ရေဘေးနဲ့ ပတ်သက်တဲ့ ကြိုတင် ကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ပြည်သူတွေကိုယ်တိုင် ပူးပေါင်းပါဝင်နိုင်ဖို့ ရပ်ရွာလူထုကို အခြေပြုတဲ့ သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG