သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေး၊ စစ်ကိုင်းတိုင်း ရေကြီးမှု အရေးပေါ်အကူအညီ အမြန်လိုအပ်


မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ကျေးရွာ တချို့ ရေလွှမ်းမိုးမှု အခြေအနေ (ဓါတ်ပုံ- MOI)
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ကျေးရွာ တချို့ ရေလွှမ်းမိုးမှု အခြေအနေ (ဓါတ်ပုံ- MOI)

မန္တလေးနဲ့ စစ်ကိုင်းတိုင်း တွင်း ဒေသတော်တော်များများ မှာရေလွှမ်း မိုးနေပြီး ရေဘေးဒုက္ခ သည်တွေအတွက် အရေးပေါ်ကူညီရေးသာမက စားနပ်ရိက္ခာ ထောက်ပံမှုတွေကို အင်နဲ့အားနဲ့ လိုအပ်နေကြောင်း ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။

လက်ရှိအခြေအနမှာတော့ နေရပ်ကနေ ဘေးလွတ်ရာကို ပြောင်းရွှေ့ရတဲ့ ရေဘေးဒုက္ခသည်တွေကို မန္တလေးတိုင်းဒေသကြီးအစိုးရကနေ အရေးပေါ်အကူ အညီတွေပေးနေကြောင်း တာဝန်ရှိသူ တွေဘက် က ဗွီအိုအေ ကိုပြော ပါတယ်။ ရေဘေးကြောင့် သေဆုံးသူဦးရေ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

လက်ရှိ မန္တလေးမြို့ပတ်ဝန်းကျင်ဒေသတွေထဲ ရေလွှမ်းမိုးမှုအခြေအနေ ဆိုးရွားလာတဲ့ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းတဝိုက်မှာ မီးသတ်ကယ်ဆယ်ရေး ရေယာဉ်တွေနဲ့ ကယ်ဆယ်ရေး တပ်ဖွဲ့တွေဟာ ဒေသခံတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့ အကူအညီပေး နေကြောင်း မန္တလေးတိုင်း ဗဟိုမီးသတ်ဌာနက တာဝန်ကျမီးသတ်ဝန်ထမ်းတဦးက ဗွီအိုအေကိုပြောပါတယ်။

“အခုညမှာလည်း standby (အဆင်သင့်) ချထားတယ် ခင်ဗျ။ ရေကြီး တဲ့နေရာဒေသတွေမှာပေါ့။ မီးသတ်တပ်ဖွဲ့ဝင် အင်အားတွေနဲ့ standby ပေါ့။ တပ်စုတစုရှိတဲ့နေရာ ရှိတဲ့ နေရာရှိ တယ်။ နှစ်စုရှိတဲ့နေရာရှိ တယ်။ နောက် ရေယာဉ်စခန်းတွေလဲရှိတယ်။ စက်လှေတွေချပြီးတော့လေ။ ကုန်းမြေမြင့်တဲ့ ဘုန်းကြီးကျောင်းနေရာဒေသတွေကို ပြောင်းရွှေ့ပေးတယ်။ အဲဒီအခါကျတော့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက စီစဉ်ပေးထားတဲ့အခါကျတော့ ရွာသားတွေကို သူတို့သတ်မှတ်ပေးတဲ့နေရာတွေဆီကို လိုက်ပို့ပေးတယ်။”

အလားတူ မန္တလေးမြို့နားပတ်ဝန်းကျင်ဖြစ်တဲ့ ရွှေကြက်ယက်နဲ့ တံတားဦး ဘက်တွေမှာလည်း ရေကြီးတဲ့အခြေအနေတွေကို ဒေသခံတွေကြုံတွေ့နေရကြောင်း မန္တလေးမြို့ခံလည်းဖြစ်၊ ရေဘေးဒုက္ခသည်တွေကို ကူညီပေးရေးဆောင်ရွက်ခဲ့သူတဦးလည်းဖြစ်တဲ့ မသက်မွန်ဖြိုးက ဗွီအိုအေကိုပြောပါတယ်။

“အဲဒီမှာနေတဲ့ ဒေသခံ ရွာသူ၊ရွာသားတွေရဲ့အခြေအနေကတော့ ကျန်းမာရေး စောင့်ရှောက်မှု တွေလိုနေတယ်။ သူတို့အတွက် စားဝတ်နေရေးပေါ့။ နေစရာလည်း မရှိတော့ဘူး။ စားစရာလည်း ဒုက္ခရောက်ပြီ ဆိုတဲ့အခါကျတော့ အကူအညီတွေက အမြန်ဆုံးလိုမယ်လို့ ကျမမြင်တယ်။ အခုအဆင့်က “evacuation” လုပ်နေတဲ့အဆင့်လိုပဲ ကျမမြင်တယ်။ ဘေးကင်းရာကို ပြောင်းရွှေ့တယ်။ ပစ္စည်းတွေပြောင်းရွှေ့တယ်။ ထမင်းထုပ်ဝေတဲ့အဆင့်တောင် မရောက်သေးဘူး။ ရေက အခုမှ တက်ကောင်းတုန်းရှိသေးတာကိုး။ ရေကြီးတဲ့ ဧရိယာကအရမ်းကြီးတယ်ဆိုတော့ အစိုးရဘက်ပိုင်းက သူတို့လုပ်နိုင်တာကို လုပ်နေတယ်ဆိုပေမဲ့ ကယ်ဆယ်ရေးအပိုင်းကို မရောက်သေးပဲနဲ့ ပြင်ဆင်နေတဲ့အပိုင်းပေါ့။ မန္တလေးတိုင်းအစိုးရဒေသကြီးဘက်ကတော့ တောင်သမန်အင်းဘက်ကို အာရုံစိုက် ဆောင်ရွက်ပေးနေတယ်ဆိုတာတော့ မြင်ရပါတယ်။”

ဒီနှစ်မိုးတွင်းကာလမှာ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေနှစ်ခုလုံး တပြိုင်တည်း မြင့်တက်လာတဲ့အတွက် မန္တလေးမြို့ပတ်ဝန်းကျင်တ ဝိုက် ရေလွှမ်းမိုးမှုဟာ ပိုပြီးဆိုးရွားလာကြောင်း မသက်မွန်ဖြိုးကပြောပါတယ်။

မန္တလေး- စစ်ကိုင်းလမ်းဘေးဝဲယာ နေရာအတော်များများ ရေလွှမ်းမိုးခံရတဲ့အခြေအနေ (ဓါတ်ပုံ- Saw Kapi)
မန္တလေး- စစ်ကိုင်းလမ်းဘေးဝဲယာ နေရာအတော်များများ ရေလွှမ်းမိုးခံရတဲ့အခြေအနေ (ဓါတ်ပုံ- Saw Kapi)

မန္တလေးအခြေစိုက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တခုဖြစ်တဲ့ စိမ်းရောင်စို အဖွဲ့တာဝန်ခံ တဦးဖြစ်သူ ကိုငြိမ်းချမ်းကလည်း လက်ရှိ မြစ်ရေတက်လာတဲ့နှုန်းဟာ အရင်နှစ်တွေနဲ့ နှိုင်းယှဉ်ရင် မြန်ဆန်ကြောင်းတွေ့ရတယ်လို့လည်း ပြောပါတယ်။

“မန္တလေးရေကြီးတာကတော့ နှစ်စဉ်လဲ ရေကြီးနေကြနေရာတွေပါပဲ။ သို့သော်ဒီနှစ်ကတော့ ရေတက်တာ မြန်တယ်။ ရေကြီးတာမြန်တယ်။ ၂၀၀၄၊ ၂၀၁၃ ခုနှစ်တွေတုန်းကလည်း ရေကြီးခဲ့ပါတယ်။ ဒါပေမဲ့ အခုဟာက ရေတက်တာ နဲနဲလည်းမြန်တယ်။ အခုဖြစ်နေတဲ့ မန္တလေး-စစ်ကိုင်းလမ်းဘေး ဝဲယာတွေ၊ နောက် တောင်သမန်အင်း၊ နောက် မန္တလေးမြို့သစ် ပြည်ကြီး တံခွန်ဘက်တွေမှာ ရေတက်တာ သိသိသာသာမြန်လွန်းတယ်။ အထူးသဖြင့်တော့ ဒီနှစ်ဟာ လာနီညာလည်းဖြစ်တယ်၊ နောက် မုန်တိုင်းအခြေအနေနဲ့ မိုးကလည်း အထက်ဘက်မှာကြီးတော့ အထက်ကနေ ဆင်းလာတဲ့ရေတွေက ထုံးစံဆိုပေမဲ့ ဒီနှစ်က နဲနဲမြန်တယ်။ ဒါကြောင့်ရေတက်တွေကလည်း မြန်သွားတာပဲ။”

အခုလို မန္တလေးတိုင်းဒေသတွင်း ရေကြီးမှုဟာ ၂၀၀၄ခုနှစ်က အဆိုးရွား ဆုံး ရေလွှမ်းမိုးမှုခံရပြီးနောက်ပိုင်း ၁၂နှစ်တာကာလ အတွင်း အဆိုးရွားဆုံးနီး ပါးလောက်ဖြစ်လာတယ်လို့လည်း ဒေသခံတွေကပြောပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG