သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးကယ်ဆယ်ရေး ရဟတ်ယာဉ်တွေလိုအပ်


ရေဘေးသင့်ဒုက္ခသည်တွေ ရှိနေတဲ့ ရေဖုံးလွှမ်းနေတဲ့နေရာတွေကို ရဟတ်ယာဉ်နဲ့ပဲ သွားရောက် ကယ်တင်မှ ရနိုင်တဲ့ အနေအထားဖြစ်နေတဲ့ အတွက် အစိုးရဘက်က ရေဘေးသင့်ပြည်သူတွေကို ထိရောက်တဲ့ ကူညီကယ်ဆယ်မှုတွေကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့ ရေဘေးကူညီကယ်ဆယ်ရေး အဖွဲ့တွေဘက်က တောင်းဆိုလိုက်ပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က စေတနာ့ဝန်ထမ်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကလည်း အရေးတကြီး လိုအပ်နေပြီလို့လည်း ရေဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

သဘာဝဘေးအန္တရာယ်ကျရောက်နေတဲ့ဒေသတွေအဖြစ် အရေးပေါ်အခြေအနေကြေညာထားရတဲ့ ပြည်နယ်နဲ့ တိုင်း (၄) ခုအပါအဝင် မြန်မာနိုင်ငံတဝှမ်း ဒေသတချို့မှာ ရေဘေးဒုက္ခကို ဆိုးဆိုးရွားရွားရင်ဆိုင်နေရတာဖြစ်ပါတယ်။ နေအိမ်တွေ အကုန်ပြိုကျ နစ်မြုပ် တံတားကျိုး ရထားလမ်းတွေပျက်တဲ့အထိ ဖြစ်နေတဲ့ ရေလွှမ်းမိုးခံနေရတဲ့ဒေသတွေက ရေဘေး ဒုက္ခသည်တွေကို သွားရောက် ကူညီ ကယ်ဆယ်ပေးနိုင်ဖို့က လမ်းပမ်းဆက်သွယ်ရေး အတော်လေးကို အခက်အခဲ ရှိနေတာပါ။ ရက်ကြာလာတာနဲ့အမျှ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေနှောင့်နှေးပြီး အခက်အခဲတွေဖြစ်လာနေတာပါ။ရေကြီးနေတဲ့နေရာတွေမှာ ပိတ်မိနေတဲ့သူတွေကို သွားကယ်ထုတ်ဖို့နဲ့ စားနပ်ရိက္ခာတွေသွားပေးဖို့က စက်လှေတွေနဲ့ သွားဖို့ အခက်အခဲဖြစ်နေတာပါ။

ဒီလိုအခြေအနေမှာ အစိုးရဘက်က ရဟတ်ယာဉ်သုံးပြီး ကူညီကယ်ဆယ်ပေးနိုင်မှ အခက်အခဲတွေပြေလည်နိုင်မယ့် အနေအထားဖြစ်လို့ ရဟတ်ယာဉ် အသုံးပြုခွင့်ရနိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ အဓိကကြိုးစားနေကြရတယ်လို့ ရေဘေး ဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့စီစဉ်နေတဲ့ ဇင်ယော်အဖွဲ့က ကိုဟယ်ရီက ပြောပါတယ်။

“ကျနော်တို့စီစဉ်နေတာကတော့ ငါးသေတ္တာတွေ၊ အခြောက် အဆင်သင့်စားလို့ရတဲ့အစားအစာတွေ၊ နောက် အမျိုးသမီး အသုံးအဆောင်ပစ္စည်းတွေ၊ နောက် ရေ၊ ရေသန့်ဆေးတွေ၊ …အဝတ်အစားတွေ ..ပြင်ထားတာပါ။ သွားရတာလည်း ခက်တယ်။ လောလောဆယ် ကားလမ်းက လုံးဝမပေါက်တော့ဘူး။ ကားလမ်းကပိတ်နေပြီ။ ကျနော်တို့က အခု ရဟတ်ယာဉ်ရဖို့ပဲ တောင်းဆိုနေတာပဲရှိတာ။ ရဟတ်ယာဉ်မရရင် ကျနော်တို့ သွားလို့မရဘူးပေါ့။ လောလောဆယ်အထိတော့ ရဟတ်ယာဉ်အတွက် ကျနော်တို့ ချိတ်ဆက်မိသလောက်တော့ အဆင်မပြေသေးဘူးဗျ။ အစိုးရကနေပြီးတော့မှလုပ်နိုင်ရင် ပိုပြီး ထိရောက်မယ်။ ဒီထက်ပိုပြီးတော့ လုပ်ပေးဖို့လိုတယ်။ နောက်ဆုံး ရဟတ်ယာဉ် ဆင်းဖို့ အဆင်မပြေဘူးဆိုရင်တောင် ရဟတ်ယာဉ်ပေါ်ကနေ ပစ္စည်း ပစ်ချရင် အောက်မှာလာယူမယ့် နယ်မြေခံတွေလည်း ရှိတယ်ပေါ့။ အဲလိုမျိုးနည်းတွေ သုံးလို့ရတယ်။ နောက် ရဟတ်ယာဉ်ပေါ်ကနေ ကြိုးနဲ့ချပေးတာလည်း လုပ်လို့ရတယ်။ အစိုးရအဖွဲ့ကိုလည်း ကျနော်တို့ တိုက်ရိုက်တော့မဟုတ်ဘူးပေါ့နော်၊ မြန်မာငြိမ်းချမ်းရေးစင်တာကနေတဆင့်တော့ အခု တောင်း ထားတာတော့ ရှိတယ်။ ဒါပေမယ့် တုံ့ပြန်မှုတော့မလာသေးဘူး။ ကျနော်တို့ အခု လောလောဆယ်တော့ ထူးဖောင်ဒေးရှင်းကို ဆက်သွယ်ထား တယ်။ ထူးကရော၊ ကမ္ဘောဇကရော ဒီ လေယာဉ်ပျံနဲ့ ပို့ပေးတယ်ပေါ့နော်၊ ကလေးကနေ ဟားခါးဘက်အထိကျတော့ ထူးက ရဟတ်ယာဉ်ပျံသန်းနိုင်တဲ့ အနေအထား ရှိမယ်ဆိုရင်တော့ သူတို့ လုပ်ပေးမယ်လို့ပြောတယ်။”

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ရေဘေးဒုက္ခသည်တွေဆီကို ရဟတ်ယာဉ်နဲ့ပဲ သွားရောက်ကယ်တင်မှ ရနိုင်တဲ့ အနေအထားဖြစ်နေတဲ့အတွက် အစိုးရဘက်က အမြန်ဆုံး ကူညီဆောင်ရွက်ပေးဖို့ရဟတ်ယာဉ်သုံးပြီး သွားကယ်ပေးဖို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကဘက်က တောင်းဆိုနေပေမဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က မလုပ်ဆောင်ပေးဘူးလို့ Rights and Peace အဖွဲ့က မမီးငယ်က ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက ရေနစ်မြုပ်နေတဲ့ စေတီတော်တဆူမြင်ကွင်း။ (သြဂုတ် ၂၊ ၂၀၁၅)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက ရေနစ်မြုပ်နေတဲ့ စေတီတော်တဆူမြင်ကွင်း။ (သြဂုတ် ၂၊ ၂၀၁၅)

“ကျမတို့ ကယ်ဆယ်ရေးအပိုင်းကျတော့လေ စက်လှေတွေကျတော့ အစိုးရက သုံးဆပေးထားတာ လုံးဝမလောက်ဘူးဖြစ်နေတယ်။ ရဟတ်ယာဉ်လည်း အသုံးပြုခွင့်မပေးဘူးဆိုတော့ အခု တချို့နေရာတွေက ရေဝိုင်းပြီးတော့ ပိတ်မိနေတဲ့နေရာတွေက ဘယ်လိုမှ ကယ်လို့မရဘူးဖြစ်နေတယ်။ ပုဂ္ဂလိက စက်လှေသမားတွေက စက်လှေကို မတန်မရာတောင်းတာပေါ့နော်၊ ဒီနား၊ ဒီနားလေးကို သိန်းနဲ့ချီတောင်းတယ်၊ နည်းနည်းဝေးရင် လေး-ငါးသိန်း တောင်းတယ်။ တကယ့်ပြောင်းရွှေ့ရမယ့်ပြည်သူတွေကျတော့ လုံးဝမဖြစ်နိုင်တော့ဘူး။ အိမ်ခေါင်မိုးပေါ်တွေတက်နေရတာတွေ ရှိတယ်ပေါ့။ သွားလည်း မသွားရဲဘူး၊ အန္တရာယ်ရှိတယ်လေ။ စက်လှေမှောက်မှာတွေ၊ စက်လှေမှောက်တာတွေ ဖြစ်တဲ့အတွက် ငုပ်တိုင်တွေ တိုက်မိတာတွေဖြစ်တဲ့အတွက် အဲဒါကြောင့်မို့လို့ ရဟတ်ယာဉ်ပဲ ဒီလိုမျိုး ချပေးနိုင်တာတွေရှိတာ၊ ရဟတ်ယာဉ်လည်း မသုံးခိုင်ဘူး၊ စက်လှေလည်းလုံးဝ မသွားရဲတဲ့နေရာတွေရှိတယ်။ အဲဒီမှာ ပိတ်မိနေတဲ့လူတွေ အများကြီးပဲ။ အဲဒီလူတွေကို ကယ်ဖို့အတွက် ရဟတ်ယာဉ်ပဲ ရမယ်။ ရဟတ်ယာဉ်ကိုလည်း ဝန်ကြီးတွေပဲ သုံးလို့ရတယ်ဆိုပြီး ပိတ်ပင်ထားတဲ့အတွက် ရဟတ်ယာဉ် သုံးခွင့်ရဖို့ရယ်၊ စက်လှေများများချပေးဖို့ရယ်။ အသက်ကယ်အင်္ကျီတွေ အများကြီးလိုအပ်တယ်ရှင့်။ အဲဒီတခုပဲ တောင်းဆိုချင်တယ်။”

နေအိမ်တွေမှာ ပိတ်ပြီးကျန်ရစ်နေတဲ့သူတွေအတွက်လည်း အစားအသောက် အခက်အခဲတွေဖြစ်နေသလို ရေဘေး စခန်းတွေက ရေဘေးဒုက္ခသည်တွေ အတွက် စားနပ်ရိက္ခာ အရေးတကြီးလိုအပ်နေတယ်လို့ဒုက္ခသည်စခန်းတွေအထိ ကူညီစောင့်ရှောက်ပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။

“သူတို့လိုအပ်ချက်တွေကလည်း အများကြီးပဲအမရေ၊ ဆန်ဈေးတွေကလည်း သိန်းနဲ့ချီတက်တယ်။ အရင်ကဆန်ဈေးက တအိတ် ၂ သောင်းကို အခု တအိတ် ၁ သိန်းတွေ ဖြစ်ကုန်တာ။ ဆန်၊ ဆီ၊ စပါး- စားနပ်ရိက္ခာ အရမ်းရှားပါးသွားပြီ။ ဝယ်မယ့်နေရာတောင် မရှိဘူးဖြစ်သွားပြီအမ။ ကုန်စိမ်းတွေဆိုရင် လုံးဝမရှိတော့ဘူး၊ ဟင်းသီးဟင်းရွက်ဆိုရင် မရှိတော့ဘူးရှင့်။ ဝေးတဲ့နေရာ၊ အရမ်းသွားလာရေးခက်ခဲတဲ့နေရာတွေမှာ ကယ်ဆယ်ရေးအရမ်း လိုနေသေးတယ်ရှင့်။ ရေပတ်ပတ်လည်ဝိုင်းပြီးတော့ ပိတ်မိနေတဲ့နေရာတွေမှာ စက်လှေနဲ့သွားလို့မရတဲ့နေရာတွေမှာ ရဟတ်ယာဉ် အမြန်ဆုံး လွှတ်ပြီးတော့ ကယ်ဆယ်ရေးသွားလုပ်သင့်တယ်။”

အစိုးရဘက်က ထိရောက်စွာကိုင်တွယ်မဖြေရှင်းပေးဘူးဆိုရင် မလိုလားအပ်တဲ့ဆိုးဝါးတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ ကူညီ ကယ်ဆယ်ပေး နေသူတွေက ပြောပြီး အချိန်မှီမဆောင်ရွက်ပေးဘူးဆိုရင် ဆန္ဒထုတ်ဖော်မှရမယ့် အနေအထားဖြစ်လာနေတယ်လို့ မမီးငယ်ကပြောပါတယ်။

“လုံးဝမကျေနပ်ဘဲ ဆန္ဒပြဖို့လည်းရှိတယ်။ ဒီသမ္မတလာပြီးတော့ တည်းခိုသွားတဲ့နေရာမှာ၊ အစိုးရဌာနဆိုင်ရာရုံးရှေ့မှာ ကျမတို့ ကျောင်းသားတွေ ဆန္ဒပြဖို့ရှိတယ်။”

အခုလို ရေဘေးသင့်ပြည်သူတွေရဲ့အခက်အခဲတွေကို အစိုးရတာဝန်ရှိသူတွေဘက်က ထိရောက်အောင် ကူညီ ဆောင်ရွက်ပေးခြင်းမရှိသလို ကူညီ ကယ်ဆယ်ပေးနေတဲ့သူတွေကိုလည်း ပိတ်ပင်တားဆီးဟန့်တားမှုတွေ ရှိနေတယ်လို့ စေတနာ့ဝန်ထမ်းတွေဘက်က ပြောဆိုနေချိန်မှာပဲ အစိုးရ ဘက်ကတော့ အစိုးရပိုင်သတင်းဌာနတွေ၊ သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကနေ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေး တာဝန်ခံတွေ၊ တပ်မတော် သားတွေ၊ ရဲဝန်ထမ်းတွေနဲ့ မီးသတ်ရဲဘော်တွေဘက်က ရေဘေးသင့်ပြည်သူတွေကို ကူညီ ကယ်ဆယ်ပေး နေတဲ့အကြောင်း သတင်းထုတ်ပြန်နေပါတယ်။

XS
SM
MD
LG